မဲခေါင်၊ ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စခန်းကို စွန့်ခွာထွက်ပြေးသွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
စစ်သားနဲ့ရဲအင်အား ၃၂ ဦးခန့်နဲ့ တပ်စွဲထားတဲ့ အဲ့ဒီ့နောင်ကြီးအိုင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့က နိုဝင်ဘာ ၂ ရက်နေ့ကနေစပြီး နေ့စဉ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၈ ဦးခန့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူတွေကို နေရာရွေ့ပြောင်းပေးပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်တာခံရလို့ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စခန်းကိုစွန့်ခွာပြီး ထွက်ပြေးသွားကြတာဖြစ်တယ်လို့ NUG ထုတ်ပြန်ချက်က ဆိုပါတယ်။
နောင်ကြီးအိုင်စခန်းမှာ စက်တင်ဘာလကတည်းက တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာမီးရှိုခြင်း၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ္စည်းခိုးယူခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
#MeKongNews
#နောင်ကြီးအိုင်
#စစ်ကောင်စီ
#အရာတော်
#စခန်းစွန့်
#ပကဖ