မဲခေါင်၊ အောက်တိုဘာ ၁၄
စစ်ကောင်စီတပ် လုံခြုံရေး တင်းကြပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ မနေ့ အောက်တိုဘာလ ၁၃ ရက်နေ့၊ ည ၇ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့၊ ရပ်ကွက် (၈)၊ နယ်မြေ (၄) က “Fine” ပရိဘောဂဆိုင်ကို ပစ်မှတ်ထား ဖောက်ခွဲခဲ့တာဖြစ်ပြီး ဆိုင်တံခါး၊ နံရံတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဝေးထိန်း ဗုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ ယူဆရတဲ့ ဒီဖြစ်စဉ်မှာ ဆိုင်ပိတ်သိမ်းချိန် ဖြစ်တာကြောင့် ဆိုင်အတွင်းပိုင်း ထိခိုက်မှု မရှိခဲ့သလို လူထိခိုက်မှု မရှိခဲ့ပါဘူး။
“ အသံတော့ အရမ်းကျယ်တယ်။ မိုးလည်း အရမ်းရွာနေတဲ့ အချိန်ဆိုတော့ ဘယ်လိုက ဖောက်လိုက်တယ်တော့ မသိရသေးဘူး။ လူထိခိုက်မှု ရှိမရှိလည်း ပြောသံတွေ မကြားသေးဘူး” လို့ လားရှိုးမြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
Fine ပရိဘောဂဆိုင်ကို တရုတ်နိုင်ငံသား တစ်ဦး ပိုင်ဆိုင်ပြီး အခု ဖောက်ခွဲခံရမှုဟာ အခွန် (ဆက်ကြေး) မပေးတာနဲ့ ပတ်သက်နေတယ်လို့ နောက်ထပ် လားရှိုးမြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
“ အခွန် ကိစ္စပဲ ဖြစ်မှာပေါ့။ တခြားကိစ္စ ဖြစ်စရာ အကြောင်းမှ မရှိတာ။ အဲဆိုင်ကလည်း တရုတ်ပိုင်တာ ဆိုတော့ အခွန်တောင်းလို့ မပေးလို့ ပေါက်ကွဲတာ ဖြစ်မယ်” သူကရှင်းပြပါတယ်။
လားရှိုးမြို့မှာ အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာလည်း လားရှိုးမြို့ပြင်၊ လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်က DENKO ဆီဆိုင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသား ၂ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
မနေ့က ဖြစ်ပွားတဲ့ “Fine” ပရိဘောဂဆိုင် ဗုံးဖောက်ခံရမှုဟာ ဒီနှစ် ဇွန်လကနေ ၅ လအတွင်း လားရှိုးမြို့ပေါ်က စီးပွားရေးလုပ်ငန်းတွေကို ဦးတည်တဲ့ ၁၀ ကြိမ်မြောက် ဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပါတယ်။
စစ်အာဏာမသိမ်းခင် ကတည်းက လားရှိုးမြို့ အနီးမှာ လှုပ်ရှားတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA၊ ရှမ်းပြည် တပ်မတော် SSPP/SSA၊ ကချင် လွတ်မြောက်ရေး တပ်မတော်-KIA နဲ့ ကိုးကန့် တပ်မတော်-MNDAA တို့က လားရှိုးမြို့က လုပ်ငန်းရှင်တွေထံက နှစ်စဉ် အခွန်ကောက်ခံ ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီး နောက်မှာတော့ ဒီအဖွဲ့ ၄ ဖွဲ့ရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ဆက်ကြေး ကောက်ခံတာတွေ ရှိလာသလို အဖွဲ့အစည်း နာမည် မပါဘဲ ဆက်ကြေး ကောက်ခံနေတဲ့ အဖွဲ့တွေ များလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ထားတဲ့ လုံခြုံရေး အတင်းကြပ်ဆုံးမြို့ ဖြစ်ပေမယ့် ဗုံးဖောက်ခွဲ ခံရမှုတွေကို လက်ရှိအချိန်ထိ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ လက်သည်ပေါ်တာ မရှိသေးပါဘူး။
CJ-014
#MeKongNews
#လားရှိုးမြို့
#ဗုံးပေါက်ကွဲ
#ပရိဘောဂဆိုင်