မဲခေါင်၊ ဩဂုတ် ၁၆
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့က ပြန်ပေးဆွဲခံရတဲ့ လုပ်ငန်းရှင် ၃ ဦးနဲ့ ယာဥ်မောင်းတို့ ပြန်ပေးဆွဲ ခံရပြီး တပတ်ခန့် အကြာမှာ ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ လုပ်ငန်းရှင် ၃ ဦးနဲ့ ယာဥ်မောင်း တစ်ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က လားရှိုးကနေ မန္တလေး အသွားလမ်း၊ လားရှိုးနဲ့ သီပေါ ကြားမှာ အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုက ပြန်ပေးဆွဲ သွားတာ ဖြစ်ပါတယ်။
“ ပြန်လာပြီလေ။ တပတ်လောက် ရှိမယ်ထင်တယ်။ သူတို့ အကုန်လုံးကို တစ်ရက်ထဲပဲ ပြန်လွှတ်ပေးတာ ဟုတ်တယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ပြန်လွတ်လာသူတွေ ထိခိုက် ဒဏ်ရာရတာ မရှိဘဲ ငွေဘယ်လောက်နဲ့ ပြန်ရွေးခဲ့ရတယ် ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
“ ဘာမှ မဖြစ်ဘူး။ အဲဒါတော့ မပြောတတ်ဘူးကော (ဘယ်လောက်)။ အဲဒါတော့ မထွက်ဘူးကော” လို့ သူက ရှင်းပြပါတယ်။
ပြန်ပေးဆွဲသွားတာ ဘယ်အဖွဲ့အစည်း ဆိုတာကိုတော့ လုံခြုံရေးအရ ပြောလို့ အဆင်မပြေဘူးလို့ အဆိုပါ ဒေသခံ အမျိုးသမီးက ဆိုပါတယ်။
ခုလ ဩဂုတ် ၁၁ ရက်နေ့မှာလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ပို့ကုန် ဦးစီးအရာရှိနဲ့ ပို့ကုန် သွင်းကုန် ဝန်ဆောင်မှုပေးတဲ့ အေးဂျင့် တစ်ဦးကို အမည်မသိ အဖွဲ့က ပြန်ပေးဆွဲသွားလို့ ကျပ်သိန်း ၂,၀၀၀ စီနဲ့ ပြန်ရွေးခဲ့ရာက ဩဂုတ် ၁၂ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။
အဲဒီ ပြန်ပေးဆွဲ ခံခဲ့ရတဲ့ ပို့ကုန် ဦးစီး အရာရှိနဲ့ အေးဂျင့်ကို မူဆယ်က ရဲမှူး အာကာဖြိုး ဆိုသူက အကြမ်းဖက်တွေကို ကြားခံ ငွေပေး ရွေးခဲ့တယ်ဆိုပြီး ခေါ်ယူ စစ်ဆေးခံရတယ်လို့ ဆိုပါတယ်။
အသက်ဘေး အန္တရာယ် ခြိမ်းခြောက်ခံရတာကြောင့် ငွေတောင်းခံသမျှ အဖွဲ့တွေကို ပေးနေရပေမယ့် ဘယ်အဖွဲ့ကမှ လုံခြုံရေး အတွက် အာမခံချက် မပေးနိုင်ကြဘူးလို့ နယ်စပ် လုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ကျောင်းနေအရွယ် ကလေးတွေ၊ လုပ်ငန်းရှင်တွေ၊ မူဆယ် နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးရေးဇုန်က ဝန်ထမ်းတွေ မကြာခဏ ပြန်ပေးဆွဲ ခံနေရတာပါ။
CJ-008
#MeKongNews
#လားရှိုးမြို့
#ပြန်ပေးဆွဲ
#ပို့ကုန်_သွင်းကုန်