မဲခေါင်၊ ဧပြီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ လက်ပံကုန်း စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာအတွက် အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
“ ဆန်က တချို့တဲတွေဆို ဆန်ပြုတ်ပြုတ်သောက်နေတာတွေရှိတယ်။ ဆန်ပြတ်သွားလို့ပေါ့နော်။ ဒီစခန်းမှာကိုပဲ ၁၀ အိမ်ကျော်လောက်ရှိမယ်၊ ဆန်ပြုတ်ပြုတ်သောက်ရတာ။ ပြီးတော့ မိုးကာက ကြာကြာမခံဘူး။ ခုတလော လေကတအားတိုက်တော့ မိုးကာတွေ ပိုပြဲတယ်။ ဟိုတလောက မိုးရွာ တုန်းကလည်း မိုးတွေတဲတိုင်းယိုတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။
လက်ပံကုန်းစစ်ရှောင်စခန်းမှာ အိမ်ခြေ ၈၀ ကျော်တွင် လူဦးရေ ၄၂၀ ကျော်နေထိုင်ပြီး သက်ကြီးရွယ်အိုနဲ့ ကလေးငယ် အယောက် ၁၀၀ ကျော်နေထိုင်နေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်လာသူတွေက ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကနေ ၃ နှစ်နီးပါးထိ စစ်ရှောင်နေကြပြီး ခုလက်ရှိအချိန်မှာ နေအိမ်ပြန်ကြည့်တာရှိပေမယ့် နေရပ်ပြန်လည်နေထိုင်တာ၊ တောင်ယာလုပ်ကိုင်တာတွေအတွက် မိုင်းအန္တာကြောင့် သက်ဆိုင်ရာက ခွင့်မပြိုသးဘူးလို့ သိရပါတယ်။
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က ပြည်သူတွေက စီးပွားရေးလုပ်ကိုင်စားသောက်ဖို့ အရင်းအနှီးမရှိတာ၊ တောင်ယာအငှားလိုက်ဖို့မရှိတာတွေကြောင့် ပြည်သူလူထုက ထောက်ပံ့မှုကိုသာ မှီခိုနေရပြီး စစ်ရှောင်ကာလကြာမြင့်တာကြောင့် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ မိုးကာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
CJ-004