မဲခေါင်၊ မတ် ၁
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယဦးစီးမှူး အေးကိုကိုဦး ခေါင်းဆောင်တဲ့ ဓါးပြအဖွဲ့ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်း၊ စိုက်ပျိုးရေးလမ်းမှာရှိတဲ့ ခရိုင်ကော်မရှင်ရုံး အိမ်ရာဝန်းအတွင်း နေအိမ်မှာ နေထိုင်တဲ့ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးရဲ့ ဒုတိယဦးစီးမှူး အေးကိုကိုဦးနဲ့ ၆ ဦးကို စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့က သူ့နေအိမ်မှာ ဖေဖော်ဝါရီ ၂၉ ရက် ၊ ည ၁၁ နာရီမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ သူတွေဟာ အေးကိုကိုဦး(၃၂နှစ်)၊ ရဲသီဟလွင်(၃၈)နှစ်၊ စိုင်းမောင်ထွန်း ခေါ် အိုက်ပီး(၂၀နှစ်)၊ ကျိုင်းစံဟိုင်း(၂၀နှစ်)နဲ့ စိုင်းလှမောင်(၂၇နှစ်)တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
ဓါးပြတိုက်ဖို့ ဆွေးနွေးနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး ၎င်းတို့နဲ့အတူ ပစ္စတို ၅လက်၊ ပွိုင့် ၂၂ ၁ လက် နဲ့ခဲယမ်းမျိုးစုံကို ဖမ်းမိခဲ့သလို နောက်ဆက်တွဲအဖြစ် ဆေခမ်းရပ်ကွက်က ဓါးပြအဖွဲ့ဝင် စိုင်းဆိုင်မိန်းကိုလည်း ထပ်မံဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စကားပြောစက် ၁လုံး၊ နံပတ်တုတ် ၁ ချောင်း၊ ရဲဝတ်စုံ၊ ပြည်သူ့စစ်ဝတ်စုံ၊ ပြောက်ကျားဝတ်စုံ၊ လက်ထိပ်တွေအပြင် ဓါးပြတိုက်ရာမှာ အသုံးပြုတဲ့ ဓားရှည် ၁ လက်အပါအဝင် ကား ၂ စီးကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
သူတို့ဟာ တာချီလိတ်မြို့ပေါ်မှာ စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေ အယောင်ဆောင်ပြီး ဓါးပြတိုက်၊ မိုက်ကြေးခွဲတာတွေ လုပ်နေခဲ့တာဖြစ်ပြီး မကြာသေးခင်က ဓါးပြတိုက်ရာမှာ နေအိမ်ပိုင်ရှင်က သေနတ်နဲ့ပြန်ခုခံလို့ ဓါးပြ ၁ ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ကြောင်းသိရသည်။
လက်ရှိ ဖမ်းမိထားတဲ့ ဓါးပြ ၇ ဦးထက်မက ရှိနိုင်သေးတာဖြစ်လို့ ဖမ်းမိသူတွေကို ဆက်လက်စစ်ကြောနေတယ်လို့ သိရပါတယ်။
MK-012