မဲခေါင်၊ ဒီဇင်ဘာ ၆
ကရင်ပြည်နယ် ကော့ကရိတ်နဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်နေတယ်လို့ Lion Battalion က အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ မြေပြင်တပ်တွေ အခြေအနေဆိုးရွားနေပြီး ပြည်သူတွေနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းက ဗုံးကြဲနေတာကြောင့် ဒေသခံအများအပြား နေအိမ်ပျက်စီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က အကျအဆုံးများနေသလို မဟာမိတ်ပူးပေါင်းအဖွဲ့တွေဘက်ကလည်း ကျဆုံးမှုတွေရှိတယ်လို့ Lion Battalion က အသိပေးထားပါတယ်။
ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်နေရာတွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး တိုက်ခိုက်နေတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း KNLA နဲ့ ပူးပေါင်းတပ်တွေဟာ ကော့ကရိတ်မြို့နယ် စရဖရုံးနဲ့ ရဲသတင်းတပ်ဖွဲ့ရုံးတွေကို တိုက်ခိုက်မီးရှို့ခဲ့ပြီး စစ်ကောင်စီအဖွဲ့တွေလည်း သေဆုံးမှုတွေရှိခဲ့ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာလည်း နိုဝင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်မ ၂၂ လက်အောက်ခံ ခမရ ၈၁ မှ အင်အား ၂၉ ယောက်ဟာ KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေထံ လက်နက်ချ အညံ့ခံခဲ့ကြပါတယ်။
လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်သာတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ က မနေ့မှာ တွေ့ဆုံခဲ့ပြီး နိုင်ငံတကာစစ်သုံ့ပန်းဥပဒေတွေနဲ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
#MeKongNews
#ကော့ကရိတ်
#ကျိုက်မရော
#ချောင်းနှစ်ခွ
#သုံ့ပန်း
#တိုက်ပွဲ
#စစ်ကောင်စီ