လင်းမောင်
သဘာ၀ရေစီးကြောင်းစွမ်းအင် ရေးအားလျှပ်စစ် ကုမ္ပဏီ (NCEH) ဆိုတာ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) စီမံဖွဲ့စည်းထားတဲ့ ကုမ္ပဏီဖြစ်ပြီး နမ္မတူ(မြစ်ငယ်) မြစ်မှာ ဆည်ကြီးတစ်ခု ဆောက်လုပ် နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မြောက်ဘက် ၂၀ ကီလိုမီတာမှာ ဒီစီမံကိန်းရှိတာပါ။ ဒီစီမံကိန်း အတွက် ၂၀၁၄ ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီး လုပ်ဆောင်နေရာမှာ အဲဒီအချိန်က စစ်အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်နဲ့ပဲ သဘောတူလုပ်ဆောင်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်စာချုပ်ကိုတော့ စစ်အာဏာပြန်သိမ်းပြီးတဲ့၂၀၂၂ ခုနှစ်မှ စာချုပ်ခဲ့တာဖြစ်ပြီး NCEH နဲ့ လျှပ်စစ်စွမ်းအားဌာနတို့ပူးပေါင်းလုပ်ဆောင်တာလို့ ဆိုတယ်။ လားရှိုးမြို့အနီးအနား က ဒီလုပ်ငန်းခွင်မှာ လိုအပ်တဲ့ စက်ယန္တရားတွေ၊ အဆင့်မြင့်ကျွမ်းကျင်လုပ်သားတွေအဖြစ် လာလုပ်နေသူတွေက လည်း မြန်မာလို့ မတတ်ကျွမ်းသူတွေသာဖြစ်ပြီး သူတို့ဟာ ၀ လူမျိုးတွေလည်းမဟုတ်၊ တရုတ်လူမျိုးတွေသာ ဖြစ်နေကြောင်းလည်း ခိုင်လုံတဲ့သက်သေတွေရှိနေပါတယ်။ ဒီစီမံကိန်းကို အဓိကမောင်းနှင်တာက တရုတ်ရဲ့ Three Gorges က လူတွေသီးသန့်နဲ့ပဲလို့ ဆိုတယ်။
ဆည်ပတ်လည်အနီးအနား တည်ဆောက်ရေးလုပ်ငန်းတွေတိုးမြှင့်လုပ်ဆောင်နေမှုအရ ၂၀၂၃ ခုနှစ်မေလမှာ လုပ်ငန်းက တော်တော်လေး ရှေ့ခရီးရောက်လာပြီး အလုပ်သမားအိမ်ယာ၊ ရွေ့လျားပစ္စည်းတွေ၊ မြေတူးယန္တရား တွေ၊ ဆိုက် ရှင်းလင်းမှုနဲ့ လမ်းပန်းဆက်သွယ်ရေးလုပ်ဆောင်မှုတွေအပါ လုပ်ငန်း ၂၀ ရာခိုင်နှုန်း ပြီးစီးသွားပြီ။ လုပ်ငန်းစတင်ပြီးချိန်နောက်ပိုင်း မူလ စီမံကိန်းသဘောတူညီချက်တွေနဲ့မတူတော့တဲ့ အငြင်းပွား စရာကိစ္စတွေ များစွာထပ် ဖြစ်တည်လာနေတယ်။ ပွင့်လင်းမြင်သာမရှိမှု၊ အနီးအနားဒေသက ပြည်သူတွေ ပူပန်မှုအပေါ် မျက်ကွယ်ပြုမှုတွေနဲ့ပေါ့။ အကြီးမားဆုံး အန္တရာယ်ရှိစေတဲ့ မတော်မလျော်မှုကတော့ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က စပြီး သဘောတူစာချုပ်စဉ် သတ်မှတ်ခဲ့တဲ့ ၁၀၀ မဂ္ဂါဝပ် ထုပ် ရေအားလျှပ်စစ်စီမံကိန်းထက် နှစ်ဆ ကျော်ပိုကြီးတဲ့ ဆည်ဧရိယာကို ရယူလုပ်ဆောင်နေခြင်းပါပဲ။ မြန်မာစစ်ကောင်စီမှာ တာဝန်အပြည့်အ၀ရှိပေမယ့် ဒီရေအား လျှပ်စစ်ထုတ်ဆည်တည်ဆောက်မှုစီမံကိန်းမှာ လူထုရဲ့ စိုးရိမ်ပူပန်မှုကို ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လည်း မြန်မာစစ်ကောင်စီက လျစ်လျှူရှုနေခဲ့တာပါပဲ။
တည်ဆောက်ခြင်း၊ လည်ပတ်ခြင်းနဲ့ လွှဲပြောင်းပေးခြင်း လုပ်ငန်းစဉ်တွေဟာ ကနဦးသဘောတူညီချက်အတိုင်း မဟုတ်ဘဲ အများကြီး ချဲ့တွင်လာမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ခြင်းတွေမှာ အန္တရာယ်တွေရှိနေတာ ထင်သာမြင်သာ စဖြစ်လာပါပြီ။ဒါပေမဲ့လည်း NCEH က ကန့်ကွက်မှုတွေကို လက်မခံသလို ဂရုလည်းမစိုက်ဘဲ ဆက်လုပ်နေပါတယ်။ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ က NCEH ရဲ့ ကုမ္ပဏီ သဘောတူညီချက်တွေ ရှင်းရှင်းလင်းလင်း မသိရမှု၊ ဒေသခံတွေက စိုးရိမ်မှုတွေ ရှိလို့ ကန့်ကွက်နေကြပေမယ့် NCEH ဟာ မျက်နှာပန်းပြရတဲ့ ၀ ကုမ္ပဏီသာဖြစ်ပြီး တကယ်တမ်း အဓိက လုပ်ကိုင် ဆောင်ရွက်နေတဲ့ အဖွဲ့တွေက Three Gorges အပါအဝင် တခြားတရုတ် အဖွဲ့အစည်းတွေချည်းဖြစ်လို့ ကန့်ကွက် မှုတိုင်း အရာမရောက်တော့ပါဘူး။
ဒေသတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း မူလစီမံကိန်းထက် အများကြီးပို ကျယ်ပြန့်တဲ့ တရုတ်အဖွဲ့အစည်းတွေရဲ့ လုပ်ချင်တိုင်းလုပ်နေမှုအပေါ် ခုထိ နှုတ်ဆိတ်နေကြတုန်းပဲ။ ဒီဆည်ဆောက်လုပ်ရေး စီမံကိန်းလုပ်ငန်းတိုင်းဟာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ပေးမှုမပါရင် ရှေ့ဆက်တိုး တက်ဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တရုတ်ဘက်ကတော့ စီမံကိန်းအမြန်ပြီးစီးမှ တရုတ်-မြန်မာ မီးရထားလမ်းစီမံ ကိန်း (မူဆယ်-မန္တလေး-ကျောက်ဖြူ) စီမံကိန်းလည်း အမြန်ပြီးနိုင်မယ့်အတွက် အလောသုံးဆယ်ကို လုပ်ဆောင်နေကြတယ်။ ဒီဆည်ကထုတ်တဲ့ ရေအားလျှပ်စစ်အမြန်ထွက်မှ ရထားလမ်းစီမံကိန်းအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကိုလည်း အမြန်ပေးနိုင်မှာမို့ သဘာ၀ပတ်ဝန်းကျင် အန္တရာယ်တွေကို မျက်ကွယ်ပြုပြီး ဆက်တိုးလုပ်ဆောင်နေကြတာဖြစ်ပါတယ်။
ဒီစီမံကိန်းအတွက် NCEH က ငှားခဲ့တဲ့ စီမံကိန်းအတိုင်ပင်ခံအဖွဲ့ MyAsia Consulting က ဆည်အောက်ပိုင်း ဒေသနေပြည်သူပေါင်းများစွာအသက်အန္တရာယ်အတွက် အထူးစိုးရိမ်ရတဲ့အခြေအနေရှိကြောင်း လေ့လာထုတ်ပြန်အကြံပေးခဲ့ပါတယ်။ တကယ်လို့ ဆည်ကျိုးသွားခဲ့ရင် အသေအပျောက်များလွန်းတဲ့ ကပ်ဆိုးကြီးဆိုက်ရောက်နိုင်တယ်။ ရေလှယ်ဧရိယာထဲပါတဲ့ ကျေးရွာ လီလူက လယ်မြေ ၁၄၀ ဟက်တာလည်း ဆည်ရေလှောင်ကန်ဧရိယာထဲ နစ်မြုပ် ပျက်စီးသွားမှာဖြစ်တယ်လို့ တင်ပြခဲ့ပေမယ့် NCEH ကတော့ လုံး၀လက်မခံ၊နားမထောင်တော့ဘဲ ထင်တိုင်း ဆက်ကျဲနေတာဖြစ်ပါတယ်။ ဒီဆည်ကြောင့် ဘော်ဒွင်းခဲနဲ့ ငွေသတ္တုတွင်းတွေအပေါ် အန္တရာယ်ပေးနိုင်တဲ့ သက်ရောက်မှုတွေရှိပေမဲ့လည်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ မိုင်းတွင်းတွေကိုပါ ဆည်စီမံကိန်း အပေါ်အောက် ၂၅ မိုင်အတွင်း ပိတ်ပင်ဖယ်ရှားလိုက်တယ်။ နမ္မတူမြစ်အတွင်း ရေးအားလျှပ်စစ် စီမံကိန်း ၅ ခုဆောက်ဖို့ထဲမှာ နမ္မတူ(မြစ်ငယ်) ဆည်သစ်စီမံကိန်းကြီးကို တစ်ခုအဖြစ် ထည့်သွင်းတည်ဆောက်နေတာဖြစ်တယ်။ ကျောက်မဲမြို့အထက်ရဲရွာနဲ့ကပ်လျှက်မှာ ၂၈၀ မဂ္ဂါဝပ်ထွက်မယ့် ရေအားလျှပ်စစ်စီမံကိန်းသစ်က ၂၀၂၃ နှစ်ကုန်မှာ အပြီးတည်ဆောက်ဖို့ အရှိန်မြှင့်အားသွန် လုပ်ဆောင်နေကြတယ်။ ဒီဆည်ကသာ ဒုက္ခပေးရင် ဒေသတွင်း ရွာ ပေါင်း ၁၀၀ ကျော်က လူပေါင်း ၄၀၀၀၀ ရေမြုပ်မယ့် အန္တရာယ်ရှိတယ်။ ဒီစီမံကိန်းအတွက် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးလိုက်တာက ရင်းနှီးငွေထုတ်ပေးမယ့် တရုတ် EXIM ဘဏ်နဲ့ အငြိမ်းစားဗိုလ်ချုပ်ဟောင်း အောင်သောင်းရဲ့သားတွေပဲ။
အထက်ရဲရွာနဲ့ နမ္မတူဆည်အကြား ခန့်မှန်းချေ မိုင် ၅၀ အကွာအဝေးမှာ ၂၃၀ ကီလိုဗို့လျှပ်စစ်ဓာတ်အား လိုင်းကြီးလည်း သွယ်တန်းနေပြီး တရုတ်ဘက်က ဒီဓာတ်အားလိုင်းကို သူတို့နယ်စပ်ဖြတ်ကျော်ပြီး အသုံးချဖို့ အထိ ရည်ရွယ်လုပ်ဆောင်နေတယ်။ ရှမ်း-တရုတ်နယ်စပ်မြို့ မူဆယ်ရော၊ တရုတ်ပြည်ဘက်ရော၊ မန္တလေး တိုင်းဒေသတွေအထိ ဒီဓာတ်အားလိုင်းကို ကွန်ရက်ဆက်သွယ်ထူထောင်ဖို့ နမ္မတူရေအားလျှပ်စစ်စီမံကိန်း အတွက် သူတို့တရုတ်လုပ်သား ၁၅၀ ကျော်ကို အတင်းဖိခိုင်းစေပြီး အမြန်ပြီးစီးစေဖို့ တွန်းအားပေးနေတယ်။ ဒါကြောင့် NCEH က UWSA ကုမ္ပဏီလို့ ဟန်ပြထားပေမယ့် တရုတ်ရဲ့ ကျောထောက်နောက်ခံပြု တရုတ်စီးပွား ရေးလုပ်ငန်းစုသာဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သရုပ်ပေါ်နေခဲ့ပါပြီ။
#MeKongNews