~ CWM ~
အစ္စရေး နဲ့ အမေရိကန်ရဲ့ လက်ချက်နဲ့ အီရန်ဘာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ သေဆုံးသွားခဲ့ပြီဖြစ်တယ်။ အလီခါမေနီဟာ ၁၉၇၉ ခုနှစ် အစ္စလမ်မစ်တော်လှန်ရေးကြီးနဲ့ အတူ ပေါ်ပေါက်လာတဲ့ အစွန်းရောက် ဘာသာရေးခေါင်းဆောင်တဦးပဲဖြစ်တယ်။ သူဟာ ခေါင်းဆောင်ကြီး အယာတိုလာ ခိုမေနီ သေဆုံးပြီးနောက်မှာ အီရန်နိုင်ငံရဲ့ အထွတ်အထိပ်ခေါင်းဆောင် ( supreme leader ) ဖြစ်လာသူ ဖြစ်တယ်။
နှစ်ပေါင်း လေးဆယ်ကျော် အီရန်ကို တင်းကြပ်တဲ့ ဘာသာရေးစည်းမျဉ်းများနဲ့ အုပ်ချုပ်ခဲ့ပြီး အစ္စရေးနိုင်ငံ တည်ရှိမှုနဲ့ အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ အယာတိုလာ ခါမေနီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၂၈)ရက်က အစ္စရေး၊ အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့အတူ သေဆုံးသွားခဲ့ပြီဖြစ်တယ်။ အီရန် အစွန်းရောက် ဘာသာရေးခေါင်းဆောင် အလီခါမေနီရဲ့ နောက်ဆုံးနေ့မတိုင်မီ သူ့ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတွေကို ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်းသတင်းစာမှာ ခုလို ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
၂၀၂၄ခုနှစ် အောက်တိုဘာလက အီရန် အထွတ်အထိပ်ခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီ ဟာ ငါးနှစ်တာအတွင်း ပထမဆုံးအကြိမ် လူအများရှေ့မှောက်ကို ထွက်ပေါ်လာပါတယ်။ တီဟီရန်က ဗလီတခုမှာ ကျင်းပပြုလုပ်တဲ့ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားမှာပါ။ ဒီအခမ်းအနားမှာ အယာတိုလာ ခါမေနီက ” အစ္စရေး သက်ဆိုးမရှည်စေရ” ဆိုပြီး ထောင်ပေါင်းများစွာသော လူထုရှေ့မှောက်မှာ ပြောကြားသွားခဲ့တယ်။
“ခိုင်မာတဲ့ ယုံကြည်ချက်ကို အားပြုပြီး ရန်သူကို ကျုပ်တို့ ရင်ဆိုင်ရမယ်” လို့ အဲဒီအချိန်က အသက်(၈၄)နှစ်ရှိပြီဖြစ်တဲ့ ခါမေနီက ပြောကြားခဲ့တယ်။
ဒီလို စကားပြောပြီး (၁၇)လအကြာမှာတော့ ခါးသီးတဲ့ ရန်သူတွေနဲ့ ဆယ်စုနှစ်များစွာ ရင်ဆိုင်နေခဲ့တဲ့ ခါမေနီရဲ့ နောက်ဆုံးနေ့ဟာ ရောက်ရှိလို့လာပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၂၈)ရက်နေ့က အစ္စရေး နဲ့ အမေရိကန်တပ်တွေက တီဟီရန်ကို ဗုံးကြဲတိုက်ခိုက်အပြီးမှာ ” ခါမေနီ မရှိတော့ပါဘူး” လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောသလို နာရီပိုင်းအကြာမှာပဲ ဒေါ်နယ်ထရမ့်က ခါမေနီ သေသွားပြီလို့ ပြောကြားခဲ့ပြီး ဒီသတင်း မှန်ကန်ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနကလည်း အတည်ပြုကြေညာတယ်။
အမေရိကန် နဲ့ အစ္စရေးက လေကြောင်းက တိုက်ခိုက်ပြီး မြင်တွေ့ရတဲ့ ဂြိုလ်တုဓါတ်ပုံအရ ခါမေနီ နေထိုင်တဲ့ ခြံဝင်းတခုလုံး ရစရာမရှိအောင် ချေမှုန်းခံထားရပြီး ခါမေနီ သေပြီဆိုတာ အသေအချာ ပြောနိုင်ခဲ့တယ်။
အမေရိကန်နဲ့ အစ္စရေးအနေနဲ့ ခါမေနီကို အစောကြီးကတည်းက ရှင်းပစ်ချင်နေခဲ့တာပါ။ တကယ်တော့ ၂၀၂၄ အောက်တိုဘာလကတည်းက ခါမေနီက ကျဉ်းထဲကျပ်ထဲ ရောက်နေခဲ့တာပါ။ အဲဒီအချိန်က ဘေရွတ်မြို့မှာရှိတဲ့ စစ်သွေးကြွ အစ္စလာမ်လှုပ်ရှားမှုအဖွဲ့ ဌာနချုပ်ကို အစ္စရေးက အကြီးအကျယ် ဗုံးကြဲချခဲ့လို့ ဟစ်ဇဘိုလာခေါင်းဆောင် ဟာဆန် နာစရဲလား သေဆုံးသွားခဲ့တယ်။ ဒီလုပ်ကြံသတ်ဖြတ်မှုဟာ ခါမေနီကို အတော် တုန်လှုပ်သွားစေတယ်။ သူဟာ နာစရဲလားနဲ့ ဆယ်စုနှစ်များစွာကြာ ခင်မင်ရင်းနှီးခဲ့သူ ဖြစ်တယ်။
အစ္စရေးက ပြီးခဲ့နှစ် ဇွန်လကလည်း အီရန်ကို လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။ အဲဒီတုန်းကလည်း အထိနာခဲ့ပြီး အီရန်ရဲ့လေကြောင်းခုခံကာကွယ်ရေးနဲ့ ခါမေနီတည်ဆောက်ခဲ့တဲ့ ပြည်သူ့စစ်တွေ ဘယ်လောက်အားနည်းတယ်ဆိုတာ သိရှိခဲ့ကြတယ်။ အီရန်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တုန့်ပြန်ခဲ့ပေမယ့် အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ယှဉ်ရင် ဘာမှ မပြောပလောက်ဘူး။ အဲဒီအချိန်က ဒေါ်နယ်ထရမ့်က အီရန်နျူးကလီးယားစခန်းတွေကို ဗုံးကြဲလေယာဉ်တွေ စေလွှတ်ပြီး တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့လို့ အလီခါမေနီ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေခဲ့တဲ့ စီမံကိန်းတွေ အထိနာခဲ့တယ်။
ဒီ ပဋိပက္ခ အခိုက်အတန့်လေးအပြီးမှာ အမြဲသတိရှိပြီး လက်တွေ့ဆန် အညှာအတာကင်းတဲ့ အီရန် ခေါင်းဆောင်ကြီး ခါမေနီအတွက် ရွေးချယ်စရာ သိပ်မကျန်တော့ပါဘူး။
သာမန်အလယ်အလတ် ဘာသာရေးခေါင်းဆောင်တဦးရဲ့ သားအဖြစ်နဲ့ ခါမေနီ ကို အီရန်နိုင်ငံအရှေ့ပိုင်း ဘာသာရေးမြို့”မာရှဒ်” မှာ မွေးဖွားခဲ့တယ်။ ၁၉၆၀ ပြည့်လွန်နှစ်များက အီရန်မှာ ဘာသာရေးလှုပ်ရှားမှုတွေ အားကောင်းနေချိန် သူဟာ အစွန်းရောက်တဦးအဖြစ်နဲ့ စတင်
ခြေလှမ်းခဲ့တယ်။ အဲဒီအချိန်က အီရန်ကို အုပ်ချုပ်နေတဲ့ ရှား မိုဟာမက် ရေဇာ ပါလာဗီ ဟာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ မနှစ်သက်တဲ့ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတခုကို လုပ်ဆောင်ခဲ့တယ်။
အစ္စလာမ်ဘာသာရေးအဆုံးအမတွေ ထွန်းကားတဲ့ “ကွမ်”မြို့က လူငယ်ဘာသာရေးကျောင်းသား ခါမေနီဟာ ငယ်စဉ်ကတည်းက ရှီးယားအစ္စလာမ် အစဉ်အလာတွေနဲ့ ယဉ်ပါးခဲ့ပြီး ကွန်ဆာဗေးတစ်အတိုက်အခံခေါင်းဆောင် အယာတိုလာ ရူဟိုလာ ခိုမေနီရဲ့ အတွေးအခေါ်သစ်တွေ လွှမ်းမိုးခံခဲ့ရတယ်။ ၁၉၆၀ ပြည့်လွန်နှစ်များက ပြည်ပမှာ တိမ်းရှောင်ပြီး အစ္စလာမ်လှုပ်ရှားမှုကွန်ယက်တွေကို ဖွဲ့စည်းနေတဲ့ ခိုမေနီအတွက် ခါမေနီဟာ လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်ပေးခဲ့တယ်။
ခါမေနီဟာ အနောက်တိုင်းစာပေတွေကိုလည်း နှစ်ချိုက်သူတဦး ဖြစ်တယ်။ အထူးသဖြင့် လီယိုတော်လ်စတွိုင်း၊ ဗစ်တာဟူးဂိုးနဲ့ ဂျွန်စတိန်းဘက်တို့ရဲ့စာတွေကို နှစ်သက်သဘောကျသူဖြစ်တယ်။ လူငယ်လှုပ်ရှားတက်ကြွသူတဦးအနေနဲ့ အဒီအချိန်က ဖြစ်ပေါ်နေတဲ့ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ အနောက်နိုင်ငံများဆန့်ကျင်ရေးစိတ်ဓါတ်ဟာ ခါမေနီအပေါ် လွှမ်းမိုးခဲ့တယ်။ သူဟာ လက်ဝဲဝါဒ နဲ့ အစ္စလာမ်ဝါဒ ပေါင်းစပ်ထားတဲ့ အတွေးအခေါ်အယူအဆသစ် ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံကို အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးခံရမှု( westoxification)မရှိရေး အယူအဆ လွှမ်းမိုးခံခဲ့ရသလို အစ္စလမ်အစွန်းရောက်မျိုးဆက်များစွာကို လှုံ့ဆော်ပေးခဲ့တဲ့ အီဂျစ်လူမျိုး ဆယစ်ဒ် ကွတ်ဘ် ရဲ့ စာအုပ်တွေကိုလည်း ဖာစီ(Farci) ဘာသာကို ပြန်ဆိုခဲ့တယ်။
ထိတ်လန့်စရာကောင်းတဲ့ အီရန်လုံခြုံရေးတပ်ဖွဲ့ရဲ့ အကြိမ်ကြိမ်ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရပေမယ့် သူဟာ ၁၉၇၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အလွန်ကြီးကျယ်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်နိုင်ခဲ့တယ်။ ဒီဆန္ဒပြပွဲကြီးကြောင့် ပြည်ပမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ ခိုမေနီ ပြည်တော်ပြန်ခွင့်ရခဲ့တယ်။
ဘာသာရေးခေါင်းဆောင်ကြီး ခိုမေနီရဲ့ လက်ရင်းတပည့်တဦးအနေနဲ့ သူဟာ အာဏာရယူခဲ့တဲ့ အစွန်းရောက်အစိုးရအဖွဲ့မှာ လျင်လျင်မြန်မြန်နဲ့ ရာထူးတိုးတက်ခဲ့တယ်။ ၁၉၈၁ ခုနှစ်က လုပ်ကြံသတ်ဖြတ်မှုတခုကြောင့် သူ့ရဲ့လက်တဖက် အသုံးပြုလို့မရတော့ပေမယ့် သူဟာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။
၁၉၈၉ မှာ ခိုမေနီ သေတော့ သူ့ရဲ့အရိုက်အရာကို ခါမေနီက ဆက်ခံခဲ့တယ်။ ခါမေနီဟာ အလယ်အလတ်ဘာသာရေးခေါင်းဆောင်တဦးကနေ အာဏာအမြင့်ဆုံးရာထူးကို ရရှိခဲ့သူဖြစ်ပြီး ဒီလို ရယူဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ရတယ်။ သူဟာ အာဏာရလျှင် ရခြင်းပဲ တော်လှန်ရေးအလွန် ပြန့်ကျဲနေတဲ့ အစိုးရယန္တယားတွေကို သူ့ထိန်းချုပ်မှုအောက် ရောက်ရှိအောင် လုပ်ဆောင်ခဲ့တယ်။
ခါမေနီရဲ့ အဓိက အာဏာသော့ချက်ဟာ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် ( Islamic Revolutionary Guard Corps (IRGC) ပဲဖြစ်တယ်။ ဒီတပ်ဟာ အာဏာရှင် ခါမေနီ အစိုးရရဲ့ စစ်ရေး၊စီးပွားရေး၊ လူမှုရေးအတွက် အဓိက အားကိုးရတဲ့ လက်ကိုင်တုပ်လည်း ဖြစ်တယ်။
၁၉၉၀ ပြည်လွန်နှစ်များမှာ သူဟာ သူ့ရဲ့ အတိုက်အခံတွေကို ဖယ်ရှားပြီး သစ္စာခံတွေနဲ့ အင်အားဖြည့်ခဲ့တယ်။ ခါမေနီကိုယ်တိုင် တခါက အားကျခဲ့ရတဲ့ ကဗျာဆရာတွေတောင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်မှတ်ထားခြင်းခံရတယ်။ ပြည်ပရောက်အတိုက်အခံတွေကို လိုက်လံရှာဖွေနှိမ်နင်းသလို တော်လှန်ရေးအပြီး IRGC ရဲ့ အကူအညီနဲ့ တည်ထောင်ခဲ့တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ဆက်ဆံရေးတည်ဆောက်ခဲ့တယ်။
သူဟာ ဆရာဖြစ်သူ ခိုမေနီ အမွေပေးခဲ့တဲ့ မူဝါဒတွေကို လက်တွေ့ကျကျ အကောင်ထည်ခဲ့သူဖြစ်တယ်။ ၁၉၉၇ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေးသမား မိုဟာမက် ခါတာမီ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရတော့ ခါမေနီက လွတ်လပ်မှုတချို့ကို ခွင့်ပြုခဲ့ပေမယ့် အဓိကကျတဲ့ သူ့ရဲ့ အတွေးအခေါ်တွေကို စိန်ခေါ်မလာအောင်တော့ အင်အားသုံးလေ့ရှိတယ်။ ၂၀၀၁ ခုနှစ် ၉/၁၁ တိုက်ခိုက်မှုအပြီး ခါတာမီက အမေရိကန်နဲ့ ဆက်ဆံရေးအဆင်ပြေအောင် ကြိုးပမ်းခဲ့တာကိုတော့ သူ မတားဆီးခဲ့ဘူး။
ဒါပေမယ့် ၂၀၀၃ ခုနှစ် အမေရိကန်က အီရတ်ကို ကျူးကျော်ပြီး သူ့ရဲ့ IRGC တပ်တွေက အမေရိကန်တွေကို အထိနာအောင် လုပ်ဆောင်ခဲ့သလို အိမ်နီးချင်းနိုင်ငံတွေကို ဩဇာချဲ့နိုင်အောင် လုပ်ဆောင်ခဲ့တယ်။ သူက ဒေသတွင်းနိုင်ငံတွေမှာ ကိုယ်ပွားအဖွဲ့တွေ တည်ဆောက်ပြီး အစ္စရေးရဲ့ခြိမ်းခြောက်မှုကို ဟန့်တားခဲ့တယ်။ အီရန်တော်လှန်ရေးအုပ်စုတွေက အစ္စရေးကို ဆေတန်အငယ်( Little Satan) မကောင်းဆိုးရွားအငယ် လို့ ခေါ်ပြီး အမေရိကန်ကိုတော့ ဆေတန်အကြီး ( Great Satan) မကောင်းဆိုးရွားကောင်ကြီး လို့ ခေါ်ကြတယ်။
၂၀၁၅ခုနှစ်က အီရန်အရာရှိတွေက အမေရိကန်နဲ့ နျူးကလီးယားသဘောတူညီချက်ကိစ္စ ညှိနှိုင်းကြတော့ ခါမေနီက သဘောမတူချင်ပေမယ့်လည်း လိုက်လျောခဲ့တယ်။ IRGC အတွင်းက သဘောထားတင်းမာသူတွေက အီရန်နျူးကလီးယားဗုံး ပိုင်ဆိုင်ချင်ကြတယ်။ ဒီလူတွေကို ခါမေနီက စည်းရုံးခဲ့သလား။ လက်ရှောင်ခိုင်းခဲ့သလား မသိနိုင်ဘူး။
ခါမေနီဟာ အီရန်နိုင်ငံမှာ ဆက်တိုက်ဖြစ်ပွားနေခဲ့တဲ့ မငြိမ်မသက်မှုတွေ၊ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ရက်စက်ကြမ်းကြုတ်တဲ့ နှိမ်နင်းမှုတွေနဲ့ တုန့်ပြန်ခဲ့ပြီး အမျိုးသမီးတွေ၊ လိင်တူချစ်သူတွေနဲ့ လူနည်းစုဘာသာရေးတွေအပေါ် ပစ်မှတ်ထားပြီး ပြင်းထန်တဲ့ စည်းမျဉ်းတွေကို ကျင့်သုံးခဲ့တယ်။
ပြည်ပနိုင်ငံတွေမှာတော့ ခါမေနီဟာ “ခုခံရေး ဝင်ရိုးတန်း( Axis of Resistance)” လို့ခေါ်တဲ့ ဂါဇာက ဟားမတ်စ်အဖွဲ့၊ လက်ဘနွန်က ဟက်ဇ်ဘိုလာအဖွဲ့၊ ယီမင်က ဟူသီလှုပ်ရှားမှုနဲ့ ဆီးရီးယားနဲ့ အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွတွေကို အကြီးအကျယ် ထောက်ပံ့ခဲ့တယ်။ ဒီလုပ်ဆောင်မှုဟာ မှန်ကန်တဲ့ နည်းစနစ်လို့ ထင်ရပေမယ့် အစ္စရေးတိုက်ခိုက်မှုနဲ့ ဂါဇာမှာ စစ်ပွဲဖြစ်ပွားတော့ ပြိုကွဲသွားသလို ဒီဇင်ဘာလမှာ ဆီးရီးယားက ဘာရှားအယ်လ် အာဆတ် အစိုးရပြုတ်ကျပြီးနောက်မှာ သမိုင်းဝင်မဟာမိတ်တဦး နိဂုံးချုပ်သွားခဲ့တယ်။
အာဏာရယူခဲ့တဲ့ ဆယ်စုနှစ် သုံးခုကျော်ကာလအတွင်း ခါမေနီဟာ အီရန်နိုင်ငံတွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ အင်အားစုတွေရဲ့ ဖိအားကို ထိန်းညှိဖို့နဲ့ တိုက်ရိုက်စစ်ပွဲကို ရှောင်လွှဲပြီး ခိုမေနီရဲ့ အမွေကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့တယ်။
နိုင်ငံတကာမြင်ကွင်းမှာတော့ ခါမေနီမှာ လက်တွေ့ကျတဲ့ သဘောထားတွေ ရှိနေသလို ထင်ရတယ်။ သူဟာ စစ်အင်အားကြီးမားတဲ့ အမေရိကန် နဲ့ ဒေါ်နယ်ထရမ့်ရဲ့ (နျူးကလီးယားစစ်ဆေးမှုအတွက်) အလွန်အကျွံတောင်းဆိုမှုနဲ့ ရင်ဆိုင်ရတဲ့အခါ သူ့အစိုးရတဖွဲ့လုံး ချေမှုန်းခံရမယ့်အရေးအတွက် ထိုက်သင့်သလောက် ခွင့်ပြုပြီး အချိန်ဆွဲထားခဲ့တယ်။ ပြည်တွင်းမှာတော့ သူက အယူဝါဒခေါင်းမာသူဖြစ်ပြီး နည်းစနစ် ကျွမ်းကျင်သူကောင်း မဟုတ်ခဲ့ဘူး။ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ၁၉၇၉ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး လူထုဆန္ဒပြပွဲမှာ ရဲတွေနဲ့ ပြည်သူ့စစ်တွေကို စေလွှတ်ပြီး ရက်ရက်စက်စက်နှိမ်နင်းခဲ့တာ ခါမေနီပဲဖြစ်တယ်။
အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ဝင်မတိုက်မီအချိန်လေးမှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ (CIA) ရဲ့ မှန်းဆချက်အရ ဒီစစ်ဆင်ရေးမှာ ခါမေနီ သုတ်သင်ခံခဲ့ ရရင်တောင် သူ့နေရာမှာ IRGC တပ်ဖွဲ့က အမာခံခေါင်းဆောင်တဦးနဲ့ အစားထိုးနိုင်တယ်လို့ ဆိုတယ်။ IRGC ဟာ အီရန်နိုင်ငံရဲ့ အင်အားအကြီးမားဆုံး တပ်ဖွဲ့တခုဖြစ်ပြီး ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး ကချမှတ်ခဲ့တဲ့ အယူအဆတန်ဖိုးတွေကို ဆက်လက် စောင့်သိ ထိန်းသိမ်းသွားမယ့် တပ်ဖွဲ့လည်းဖြစ်တယ်။
ခါမေနီဟာ ကာလရှည်ကြာစွာ နာမကျန်းဖြစ်နေခဲ့ပြီး သူ့နေရာမှာ ဘယ်သူဆက်ခံမလဲဆိုတဲ့ မှန်းဆချက်တွေ အများကြီး ထွက်ပေါ်နေခဲ့တယ်။ ခုတော့ ခါမေနီ မရှိတော့ပါဘူး။ ခါမေနီရဲ့ နေရာမှာ သူ့ရဲ့ သားဖြစ်သူ မော့တာဘာ ခါမေနီကို အစားထိုး ရွေးချယ်ထားတယ်လို့ သိရပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ သူ့ကို အီရန် အထွတ်အထိပ်ခေါင်းဆောင်အဖြစ် လက်မခံနိုင်ဘူးလို့ ဆိုနေတယ်။
#MeKongNews








