~ လင်းမောင် ~
နှစ်စဉ်နှစ်တိုင်း တရုတ်တက္ကသိုလ်များမှ ဘွဲ့ရ ကျောင်းသားပေါင်း ၁၀ သန်းကျော်ရှိသော်လည်း ဘွဲရပညာတတ်များလုပ်ကိုင်ရမည့် white-collar jobs များမှာမူ တရုတ်အလုပ်သမားစျေးကွက်အတွင်း အလွန်ရှားပါးသဖြင့် အလုပ်ရရန် ခက်ခဲနေကြသည်။ အိမ်ခြံမြေ၊ နည်းပညာ၊ ဘဏ္ဍာရေး ကဏ္ဍများတွင် အလုပ်ခေါ်ယူနိုင်မှုနှုန်းက အလွန်နည်းပါးနေသည်။ ထို့ကြောင့် တရုတ်လူငယ်သန်းပေါင်းများစွာသည် သမားရိုးကျ အလုပ်အကိုင်အခွင့်အလမ်းများကို ကျော်လွန်ပြီး အသက်မွေးလမ်းကြောင်းသစ်များ ရှာကြရတော့သည်။ ထိုအနေအထားမှတစ်ဆင့် မယုံနိုင်ဖွယ်ရာ ထွက်ပေါက်တစ်ခုက မိုက်ခရိုဒရာမာ လုပ်ငန်းဖြစ်လာသည်။ မိုက်ခရိုဒရာမာဆိုသည့်လုပ်ငန်း အလွန်လျှင်မြန်စွာတိုးတက်ဖြစ်ထွန်းလာသည်။
ခပ်တိုတို အွန်လိုင်းဖျော်ဖြေရေး၏ ပြင်ပပုံစံတစ်ခုအဖြစ် စတင်ခဲ့ရာမှ ယခုအခါ ထိုပလက်ဖောင်းသည် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။ မကြာသေးမီက Peking တက္ကသိုလ်၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကျောင်း အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ်အတွင်း မိုက်ခရိုဒရာမာ လုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆၉၀၀၀၀ ကို ပေးစွမ်းထားနိုင်သည်ဟု ဆိုသည်။ အများစုမှာ လူငယ်များသာဖြစ်သည်။ အဆင့်မြင့်၊ အဆင့်နိမ့်၊ ပါဝင်ပတ်သက်မှုအမျိုးမျိုးချိတ်ဆက်သည့် မိုက်ခရိုဒရာမာလုပ်ငန်းအားလုံးမှ ပေးထားသည့် အလုပ်အကိုင်အခွင့်အလမ်းသည် ၂ သန်းကျော်အထိပင်ရှိလာသည်။
အဆိုပါ လုပ်ငန်းသည် ဝင်ရောက်ရလွယ်ကူသလို လုပ်ငန်းလည်ပတ်နိုင်စွမ်းကလည်း အလွန်လျှင်မြန် သည်။ မိုက်ခရိုဒရာမာများသည် အပိုင်းတစ်ပိုင်းလျှင် မိနစ်အနည်းငယ်သာ ပြသလေ့ရှိပြီး မိုဘိုင်းပလက်ဖောင်းများတွင် ကြည့်ရှုသူများ၏ အာရုံကို ဖမ်းစားရန် ဒီဇိုင်းထုတ်ထားသော မြန်ဆန်သည့် ဇာတ်လမ်းလှည့်ကွက်များအပေါ် မူတည်သည်။ ထုတ်လုပ်မှု အချိန်စက်ဝန်းသည် ၅ ရက်မှ ၁၀ ရက်ကြားသာကြာပြီး ပါဝင်သည့် အဖွဲ့၊ အသင်းများကို ရိုက်ကူးမှုတစ်ခုမှ နောက်တစ်ခုဆီ အလွန်လျှင်မြန်စွာ ကူးပြောင်းစေနိုင်သည်။ အလုပ်တစ်ခုရရန် ရှာဖွေရသည်မှာ အချိန်ကြာမြင့်ခြင်း၊ သို့မဟုတ် ရေတိုစာချုပ်များသာရသည့် အလုပ်များသာ ရနိုင်ခြင်းက ဘွဲရပညာတတ်များကို အခက်အခဲများစွာဖြင့် ရင်ဆိုင်ရစေသည်။ ထိုအခြေအနေတွင် မိုက်ခရိုဒရာမာဆိုသည့် ရုပ်ရှင်ဇာတ် လမ်းတိုများက သာမန်အလုပ်အကိုင်အခွင့်အလမ်းများမှရနိုင်သည့် ဝင်ငွေထက် ပိုမိုတည်ငြိမ်သော ဝင်ငွေစီးဆင်းမှုကို ရရှိစေသည်။ ရုပ်ရှင်လုပ်ငန်း၏ဖွဲ့စည်းပုံသည်လည်း ရင့်ကျက်လာခဲ့သည်။ စတင်သည့် အစောပိုင်းထုတ်လုပ်သူများသည် အနည်းဆုံးဘတ်ဂျက်များသာ သုံးပြီး ပါဝင်သူ တစ်ဒါဇင်ခန့်ဖြင့်သာ ရိုက်ကူးလေ့ရှိသည်။ အသားကျလာသည့် အဖွဲ့များက ယေဘုယျအားဖြင့် ဒါရိုက်တာ၊ ရုပ်ရှင်ရိုက်ကူးရေး၊ မီးအလင်းရောင်၊ ဝတ်စုံဒီဇိုင်း၊ ရိုက်ကူးရေးပစ္စည်းများနှင့် လုပ်ငန်းခွင်စီမံခန့်ခွဲမှုအတွက် အဖွဲ့ဝင် ၆၀ မှ ၉၀ အထိသာ သုံးပြီး ရိုက်ကူးနိုင်သည်။ နိုင်ငံပိုင် မီဒီယာများ၏ အဆိုအရ နိုင်ငံအတွင်း အဆင့်ရှိသော မိုက်ခရိုဒရာမာရုပ်ရှင်ပေါင်း တစ်လ ကား ၃၀၀၀ ခန့်ကို တည်တည်ငြိမ်ငြိမ်ထုတ်လုပ်နိုင်သည်ဟု ဆိုသည်။
လူငယ်ထုတ်လုပ်သူအချို့အတွက် ဤကဏ္ဍသည် လစာရသောအလုပ်အကိုင်အတွက် အစားထိုးနေရာ တစ်ခု ဖြစ်လာခဲ့သည်။ မနှစ်က ထုတ်လုပ်သူတစ်ဦး လူမှုမီဒီယာပေါ်တွင် ရေးသားဖော်ပြခဲ့မှုတွင် သူမ အတွက် မိုက်ခရိုဒရာမာလုပ်ငန်းမှ တစ်လဝင်ငွေ ယွမ် ၁၅၀၀၀ ရပြီး သူငယ်ချင်းများဖြင့် ထူထောင် ထားသော မိုက်ခရိုဒရာမာ လုပ်ငန်းတစ်ခုအတွက် ကိုယ်ပိုင်ထုတ်လုပ်ရေးကုန်ကျစားရိတ်သုံးရန် အတွက်လည်း ယွမ် ၇၀၀၀၀ စုဆောင်းထည့်ဝင်နိုင်ခဲ့သည်ဟုဆိုသည်။ ထိုသို့သောကိစ္စရပ်များသည် လူငယ်များအလုပ်လက်မဲ့ဖြစ်မှုကို ကာကွယ်ရန် ကိုယ်တိုင်ရန်ပုံငွေထောက်ပံ့သည့် စီမံကိန်းများ မည်သို့ပိုမိုအသုံးပြုလာသည်အား မီးမောင်းထိုးပြနေသည်။
ဈေးကွက်တိုးတက်မှုမှာ မြန်ဆန်ခဲ့သည်။ မိုက်ခရိုဒရာမာ လုပ်ငန်းတစ်ခုလုံးအပေါ် ခန့်မှန်းချက်များအရ ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ ယွမ် ၅၀.၅ ဘီလီယံ ရရှိခဲ့ကာ သာမန် တရုတ်ရုပ်ရှင်လောကမှ လက်မှတ်ရောင်း ချရသည့် နှစ်စဉ်ဝင်ငွေများထက်ပင် ကျော်လွန်ခဲ့သည်။ တရုတ်နိုင်ငံအတွင်း မိုက်ခရိုဒရာမာကြည့်ရှုသူ ပေါင်းသည် သန်း ၆၆၀ ကျော်ရှိလာကာ ၂၀၂၇ ခုနှစ်တွင် စျေးကွက်သည် ယွမ် ၈၅.၆ သန်း အထိ တိုးမြှင့်ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ တရုတ်နိုင်ငံအတွင်း အခြားသော ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းအဆောက်အအုံများ လှုပ်ခတ်ယိုင်နဲ့နေချိန် မတည်မှုနှင့်အလုပ်သမားနေရာပေးနိုင်မှုပိုင်းများ တွင် မိုက်ခရိုဒရာမာက ထွက်ပေါက်ဖြစ်လာသည်။
အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မှုကိန်းဂဏန်းထက်ကို ကျော်လွန်ကာ အကျိုးသက်ရောက်မှုရှိနေ သည်ကို မြင်တွေ့နိုင်သည်။ နိုင်ငံတစ်ဝှမ်းတွင် လစ်လပ်နေသော ဈေးဝယ်စင်တာများ၊ ရုံးခန်းများနှင့် စက်မှုလုပ်ငန်းအဆောက်အအုံများကို ရုပ်ရှင်ရိုက်ကူးရာနေရာများအဖြစ် ပြောင်းလဲခဲ့သည်။ ဟီနန်ပြည်နယ်၊ ရှင်ကျန်းမြို့တွင် လူသူကင်းမဲ့နေသော ဈေးဝယ်စင်တာတစ်ခုကို ထုတ်လုပ်ရေး အခြေစိုက်စခန်းအဖြစ် ပြောင်းလဲခဲ့ပြီး တစ်နှစ်အတွင်း အသေးစားဒရာမာဇာတ်ကား ရာပေါင်းများ စွာကို လက်ခံရိုက်ကူးကြကာ အဖွဲ့သားများစွာက နေ့စဉ်လည်ပတ်လျက်ရှိသည်။ နေရာတိုင်းတွင် လူသူမရှိ၊ အသုံးမချနိုင်ဘဲ ဟောင်းလောင်းဖြစ်နေသည့် အဆောက်အအုံများအား ပိုင်ရှင်များက ကာလတိုငှားရမ်းခြင်းဖြင့် ဝင်ငွေပြန်ရစေရန်လည်း အထောက်အကူပြုလာနိုင်သည်။
ယခုလို မိုက်ခရိုဒရာမာ လုပ်ငန်းကြီး အုံးအုံးထပေါက်ဖွားလာခြင်းကိုကြည့်လျှင် တရုတ်နိုင်ငံ၏ အလုပ်သမားစျေးကွက်အတွင်း မည်မျှ နက်ရှိုင်းသော ပြဿနာများရှိနေသည်ကို မီးမောင်းထိုးပြနေသည်။
လွတ်လပ်သော ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအတွက် ရိုးရာရုပ်ရှင်နှင့် ရုပ်မြင်သံကြားလုပ်ငန်းများတွင် တက္ကသိုလ်ကျောင်းဆင်း ပညာတတ်လူငယ်များ၏ အရည်အချင်းရှိသော လုပ်အားနှုန်းကို ရယူနိုင်တော့မည်မဟုတ်ပေ။ မိုက်ခရိုဒရာများသည် ဂုဏ်သိက္ခာနှင့် ရေရှည်လုံခြုံမှုကို ပေးစွမ်းနိုင်ခြင်းမရှိ သည့်တိုင် ချက်ချင်းအလုပ်ရနိုင်သလို ဝင်ငွေလည်းရနိုင်သော လုပ်ငန်းဖြစ်လာသည်။ မက်ခရိုဒရာမာ များက လိုအပ်ချက် ကွပ်လပ်အတွင်း ဖြည့်စွက်ရောက်ရှိလာခြင်းပင်ဖြစ်သည်။
#MeKongNews








