~ လင်းမောင် ~
အရှေ့အာရှတစ်လွှား အမျိုးသားရေးဝါဒီများ ပြန်လည်ရှင်သန်နိုးကြားလာခြင်းကို သမိုင်းဝင် မကျေနပ်ချက်များ သို့မဟုတ် ပြည်တွင်းနိုင်ငံရေး လှုပ်ရှားမှုများ ပြန်လည်ရှင်သန်လာခြင်းအဖြစ် မကြာခဏ ဖွင့်ဆိုလေ့ရှိသည်။ သို့သော် ထိုကဲ့သို့သော ဖွင့်ဆိုချက်များသည် ဒေသတွင်း သဘောထားများကို ပုံဖော်ပေးသည့် ခေတ်ပြိုင်မောင်းနှင်အားမည်မျှ ပြင်းထန်သည်ဆိုခြင်းကို အလုံးစုံ မဖမ်းယူနိုင်ပေ။ မကြာသေးမီက ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့်ဂျပန်တို့အကြား တင်းမာမှုများဖြစ်တည်လာခြင်းက လက်ငင်း ဖြစ်တည်မှုအမြင်တစ်ခုကို ပေးစွမ်းသည်။ ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်သည် ကြီးမားသော စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်လာခဲ့သည်။ ဝင်ရောက်စွက်ဖက်သည်ဟု ယူဆရသော နိုင်ငံများအပေါ် ခြိမ်းခြောက်လာခြင်းများက ဂျပန်အတွက် မလွှဲမရှောင်သာသော တရုတ်နှင့် တင်မာမှုဖြစ်စေသည့် ထုတ်ပြန်ချက်မျိုး ထုတ်ပြန်လာရစေခြင်းသာ ဖြစ်သည်။ ဂျပန်အတွက် ထိုင်ဝမ် အရေးမေးခွန်းထုတ်လာရမှုသည် ယခင်လို အလှမ်းကွာဝေးသော အရေးတစ်ခုအဖြစ်မှသည် အနီးကပ် လုံခြုံရေးစိုးရိမ်မှုတစ်ခုအသွင် ဖြစ်လာသည်။ ဂျပန်ပိုင်နက်နှင့် ကပ်လျက် အနီးဆုံးနေရာများတွင် တရုတ်ဒုံးကျည်များ၊ ရေတပ်လှုပ်ရှားမှုများနှင့် လေကြောင်း ကျူးကျော်မှုများ ပေါ်ပေါက်လာနေသည်။ ထိုင်ဝမ်ကို ကျူးကျော်လျှင် စစ်ရေးအရ ဝင်ပါရမည်ဟု ဂျပန်ဝန်ကြီးချုပ်က ပြတ်သားသော တုံ့ပြန်မှုလုပ်ခဲ့ခြင်းမှာ ထိုင်ဝမ်လုံခြုံရေးနှင့်တစ်ဆက်တည်း ဂျပန်အမျိုးသားလုံခြုံရေးကိုယ်တိုင်က စိုးရိမ်ရသည့်အနေအထားနှင့် ချိတ်ဆက်နေကြောင်းနှင့် ထို့ကြောင့်ပင် အတိတ်က ထိန်းထိန်းသိမ်းသိမ်း ပြောဆိုလုပ်ဆောင်မှုများမှသည် ဂျပန်သည် သိသာစွာခွဲထွက်လာကာ ပြတ်သားသည့် တုံ့ပြန်မှုများလုပ်လာသည်ကို မြင်တွေ့ရသည်။
ထိုဖြစ်ရပ်က ပိုမိုကျယ်ပြန့်သည့် ဒေသဆိုင်ရာ ပုံစံအခင်းအကျင်းကို သရုပ်ပြခြင်းပင်။ အရှေ့အာရှ၌ အမျိုးသားရေးဝါဒဆိုင်ရာ ပြန်လည်ကြွတက်လာခြင်းသည် သာမန်လေဟာနယ်တစ်ခုအတွင်း ပေါ်ပေါက်လာခြင်းမဟုတ်သလို ပြည်တွင်းနိုင်ငံရေးတွက်ချက်မှုမှ ဖြစ်တည်လာခြင်းသက်သက်လည်း မဟုတ်ပေ။ တရုတ်၏ ပိုမိုရဲတင်းလာသော ရပ်တည်ချက်များကို ဒေသတွင်း အင်အားကြီးနိုင်ငံများက ကိုယ်ပိုင်လက္ခဏာ၊ အချုပ်အခြာအာဏာနှင့် မဟာဗျူဟာမြောက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အနေအထား များအား ပြန်လည်ချိန်ညှိကာ တုံ့ပြန်မှုများကို ဖြစ်တည်စေသည်။
ပေကျင်းသည် ၎င်းတို့၏ လုပ်ရပ်များအား ခုခံကာကွယ်မှု၊ သမိုင်းအစဉ်အလာ အခွင့်အရေးများအရဟု အကြောင်းပြကာ ပုံဖော်နေသော်လည်း တကယ်တမ်းတွင် စစ်ရေးခြေရာများ တိုးချဲ့ခြင်း၊ အတင်းအကျပ်ပြုမှုခြင်းများဖြင့် အိမ်နီးချင်းနိုင်ငံများအပေါ် စိုးရိမ်စရာများ တိုးပွားလာရသည်။ အိမ်နီးချင်းနိုင်ငံ တာဝန်ရှိနိုင်ငံရေးအကြီးအကဲများအကြား ခေါင်းစားစရာခက်ခဲမှုများလည်း ဖြစ်ပေါ် လာစေခြင်းကြောင့် ထိုနိုင်ငံများအတွင်း အမျိုးသားရေးစိတ်ဓာတ်နိုးကြွားမှုများလည်း မြင့်တက်လာ တော့သည်။ တိုကျိုတွင် အရှေ့တရုတ်ပင်လယ်ရှိ ဆန်ကာကူကျွန်းစုများတဝိုက်တွင် ဆက်တိုက် ဖြစ်ပွားနေသော ဖြစ်ရပ်များနှင့် ထိုင်ဝမ်အနီးတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာခြင်း ကြောင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက်ပိုင်း အဆိုးရွားဆုံးသော လုံခြုံရေးအခြေ အနေတစ်ခုအဖြစ် ခံယူလာကြသည်။ ထို့ကြောင့် တုံ့ပြန်မှုအားဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံတော်ကာကွယ်ရေး လောက်ကိုသာ အာရုံစိုက်ခဲ့သည့် ဂျပန်သည် ကြိုတင်ကာကွယ်မှုဆိုင်ရာ လုံခြုံရေး ရပ်တည်ချက်အသစ်ကို ချမှတ်ကာ ကာကွယ်ရေးအသုံးစားရိတ်ကို နိုင်ငံ GDP ၏ ၂ ရာခိုင်နှုန်းအထိ သုံးစွဲ ရန်ဆုံးဖြတ်ခဲ့သည်။ ယခင်သုံးစွဲနေကြထက် ၂ ဆ ဘတ်ဂျက်တိုးမြှင့်လိုက်ခြင်းလည်းဖြစ်သည်။ ဂျပန်၏ တန်ပြန်တိုက်စစ်စွမ်းရည်များ မြှင့်တင်ခြင်း၊ ကမ်းရိုးတန်းကာကွယ်ရေးများကို အားဖြည့်ခြင်း နှင့် ကာကွယ်ရေးလုပ်ငန်းကို တိုးချဲ့ရန် ကြိုးပမ်းမှုသည် ဒေသတွင်းပြောင်းလဲမှုများတွင် အမြစ်တွယ်နေ သော အရေးတကြီးလိုအပ်ချက်ကို ထင်ဟပ်စေသည်။ ပြည်သူများအကြား ယခုလို ဂျပန်၏ ကာကွယ်ရေးမြှင့်တင်မှုများသည် အငြင်းပွားမှုများရှိသည်ဆိုသော်လည်း ဂျပန်ပိုင်နက်များ အနီး တရုတ်လေကြောင်းနှင့်ရေတပ်များ လှုပ်ရှားမှု များသထက်များလာပြီးနောက် စစ်ရေးတိုးချဲ့မှုမှာ မဟာဗျူဟာမြောက်လိုအပ်ချက်များအဖြစ် ပြည်သူများစွာက ထောက်ခံလာကြပြီဖြစ်သည်။
စတုတ္ထအကြိမ်မြောက် ထိုင်ဝမ်ရေလက်ကြား အကျပ်အတည်းနှင့် ဆက်စပ်နေသော တရုတ်စစ်ရေးလေ့ကျင့်မှုများသည် ဂျပန်၏ လုံခြုံရေးစိုးရိမ်မှုများကို ပိုမိုမြင့်မားလာစေခဲ့သည်။ တရုတ်၏ ဂျပန်အနီး စစ်ရေးလေ့ကျင့်မှုများကို ဂျပန်က လူသိရှင်ကြား ကန့်ကွက်ရှုတ်ချပြီး ထိုလုပ်ရပ် များက ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို ပိုမိုခြိမ်းခြောက်လာကြောင်း၊ ငြိမ်းချမ်းသော အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ဆိုင်ရာ လက်ရှိစံနှုန်းများအပေါ် တိုက်ရိုက် စိန်ခေါ်မှုများဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ ဂျပန်လူထုသဘောထားစစ်တမ်းများနှင့် မီဒီယာဝေဖန်မှုများက ပေကျင်း၏လုပ်ရပ်များကြောင့် မတည်မငြိမ်ဖြစ်စေရသည်ဟု ပိုမိုပုံဖော်လာကြပြီး ထို့ကြောင့်ပင် အမျိုးသားရေးဝါဒများ မြင့်တက်လာစေကာ ပိုမိုအားကောင်းသော ဟန့်တားမှုနှင့် မဟာမိတ်များနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ရေးသားလှုံ့ဆော် လာသည်။ တစ်ချိန်တည်းမှာပင် ဂျပန်သည် တရုတ်၏ ရေကြောင်းဆိုင်ရာ ရည်မှန်းချက်များနှင့် ပတ်သက်၍ စိုးရိမ်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဖိလစ်ပိုင်နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ခဲ့သည်။ ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ဖိလစ်ပိုင်အထက်လွှတ်တော်မှ အတည်ပြုခဲ့သော အပြန်အလှန်ဝင်ရောက်ခွင့်သဘောတူညီချက် (RAA) သည် ဂျပန်အနေဖြင့် ယခင် အနီးကြည့်အဆင့်မှ ကျော်လွန်၍ ချဲ့ထွင်လာသည့် လုံခြုံရေးမိတ်ဖက်အဖွဲ့အစည်းတစ်ခုကို ပုံဖော်ပြသခြင်းဖြစ်သည်။ တပ်ဖွဲ့များ အပြန်အလှန်ဖြန့်ကျက်စေလွှတ်နိုင်စေခြင်းနှင့် ပူးတွဲလေ့ကျင့်မှုများကို လွယ်ကူချောမွေ့စေခြင်းဖြင့် ဤသဘောတူညီချက်သည် အငြင်းပွားနေသော ရေပိုင်နက်များတွင် ပေကျင်း၏ အတင်းအကျပ်ပြုသည့် နည်းဗျူဟာများအပေါ် စုပေါင်းတုံ့ပြန်မှုများ ဆီသို့ ပြောင်းလဲသွားစေခြင်းဖြစ်သည်။
မနီလာ၏ အမျိုးသားရေးခံစားချက်နှင့် တောင်တရုတ်ပင်လယ်အငြင်းပွားမှု
ဖိလစ်ပိုင်နိုင်ငံသည်လည်း တရုတ်၏ဖိအားများနှင့် ရင်ဆိုင်ရသည့်အခါ နိုင်ငံတော်နှင့် အများပြည်သူ၏ ခံစားချက်များသည် အမျိုးသားအချုပ်အခြာအာဏာဆိုင်ရာ စိုးရိမ်မှု ပုံဆောင်ခဲများဖြစ်လာရသည်ကို ရှင်းလင်းသော ဥပမာတစ်ခုအဖြစ် ပြသကြသည်။ မနီလာနှင့် ပေကျင်း၏ ဆက်ဆံရေးသည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားမှုများ၊ အထူးသဖြင့် Scarborough Shoal နှင့် Second Thomas Shoal အနီးတစ်ဝိုက်တွင် သိသိသာသာ ယိုယွင်းလာခဲ့သည်။ ထိုအငြင်းပွားဖွယ်ရာ ရေကြောင်းဆိုင်ရာ အင်္ဂါရပ်များသည် ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း တည်ရှိသော်လည်း တရုတ်နိုင်ငံက ၎င်း၏ ပိုင်နက်အတွင်း ရှိသည်ဟု အခိုင်အမာဆိုနေသည်။ UNCLOS က ၂၀၁၆ ခုနှစ် နိုင်ငံတကာ ခုံသမာဓိရုံး၌ ဖိလစ်ပိုင်ပိုင်နက်အဖြစ် ဆုံးဖြတ်ပေးခဲ့သော်လည်း တရုတ်က လက်မခံပေ။ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် Scarborough Shoal အနီးတွင် တရုတ်ကမ်းခြေစောင့်တပ်နှင့် ရေတပ်သင်္ဘောများနှင့် ဖိလစ်ပိုင်ရေတပ်တို့ ပါဝင်သည့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရခြင်းက ဖိလစ်ပိုင်တွင် အမျိုးသားရေးနိုးကြွားမှု ၏ အဓိကအချက်အချာဖြစ်လာခဲ့သည်။ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတစ်စီး ထိခိုက်ပျက်စီး ရာမှ သံတမန်ရေးတင်းမာမှုများ မြင့်တက်လာခဲ့သည်။ ထိုထိပ်တိုက်ရင်ဆိုင်မှုသည် ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာကို တရုတ်က လျစ်လျူရှုမှု၏ သက်သေအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခံခဲ့ရပြီး ပြည်တွင်းမှာပင် တရုတ်အစိုးရအပေါ် ပြန်လည်ဝေခဲ့မှုများ ရှိခဲ့သည်။
မနီလာ၏ တိုးတက်ပြောင်းလဲနေသော မူဝါဒသည် သတိထားသော ထိတွေ့ဆက်ဆံမှုမှ ပိုမိုရဲရင့်သော ရပ်တည်ချက်သို့ ပြောင်းလဲခဲ့ပြီး ၎င်း၏ ရေကြောင်းဆိုင်ရာ တောင်းဆိုမှုများကို အားကောင်းစေရန် ဥပဒေရေးရာ ကြိုးပမ်းမှုများနှင့် သံတမန်ရေး ကြိုးပမ်းမှုများမှတစ်ဆင့် မှတ်တမ်းတင်ထားသည်။ ဖိလစ်ပိုင်အစိုးရသည် ပြင်ပမိတ်ဖက်များနှင့် ကာကွယ်ရေးဆက်ဆံမှု တိုးချဲ့လာခဲ့ပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ပူးတွဲလေ့ကျင့်မှုများနှင့် RAA မူဘောင်အောက်တွင် ဂျပန်နှင့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လာသည်။ ထိုဆက်ဆံရေးများသည် လက်ရှိအခြေအနေကို အတင်းအကြပ်ပြောင်းလဲရန် တရုတ်၏တစ်ဖက်သတ်ကြိုးပမ်းမှုများအပေါ် ဒေသတွင်း ပိုမိုဆန့်ကျင်လာသော တွန်းအားတစ်ခု၏ သင်္ကေတ ဖြစ်လာသည်။
ဖိလစ်ပိုင်တွင် အများပြည်သူများအကြား ပြောဆိုမှုများသည် တရုတ်၏ လုပ်ဆောင်ချက်များကို ရန်လိုပြီး အတင်းအကျပ် လုပ်ဆောင်ခြင်းအဖြစ် ပိုမိုပုံဖော်လာကြကာ နယ်မြေကာကွယ်ရေးနှင့် ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်မှု တိုးပွားလာစေခဲ့သည်။ မနီလာရှိ မူဝါဒချမှတ်သူများသည် ပေကျင်းနှင့် စီးပွားရေးထိတွေ့ဆက်ဆံမှုကို လုံခြုံရေးဆိုင်ရာအရေးကြီးမှုများနှင့် ဟန်ချက်ညီစေရန် ဆက်လက်လုပ်ဆောင်နေချိန်တွင် တောင်တရုတ်ပင်လယ်တွင် ထပ်ခါတလဲလဲ ဖြစ်ပွားနေသော ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် အချုပ်အခြာအာဏာပိုင် အခွင့်အရေးများကို ကာကွယ်ရန် ပိုမိုသတိရှိသော အမျိုးသားရေးအသိကို ဖြစ်ပေါ်စေခဲ့သည်မှာ သံသယဖြစ်ရန်မလိုပေ။
နိဂုံးချုပ်
အရှေ့အာရှတစ်လွှား ဂျပန်နှင့် ဖိလစ်ပိုင်တို့တွင် မြင့်တက်လာသော အမျိုးသားရေးဝါဒီရပ်တည်ချက် များသည် သမိုင်းဝင်အမွေအနှစ်များနှင့် ပြည်တွင်းနိုင်ငံရေးသာမက ဒေသတွင်းအာဏာပြောင်းလဲမှု များအပေါ် လက်တွေ့ကျသောတုံ့ပြန်မှုများဖြစ်လာစေသည်။ အငြင်းပွားဖွယ်ရေကြောင်းနယ်ပယ်များ တွင် ပေကျင်း၏ ရဲတင်းသောအပြုအမူနှင့် ကျယ်ပြန့်သော မဟာဗျူဟာမြောက်ရည်မှန်းချက်များသည် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် အခြားနည်းဖြင့် ယခုလို တန်ပြန်လိုမှုများ ဖြစ်လာစေရန် ပံ့ပိုးပေးခဲ့သည်။ ဒေသတွင်းနိုင်ငံများသည် သံတမန်ရေးလမ်းကြောင်းများဖြင့် ငြိမ်းချမ်းသောအငြင်းပွားမှုဖြေရှင်းရေးကို အလေးပေးနေချိန်တွင် အတင်းအကျပ်လုပ်ဆောင်သော တရုတ်နိုင်ငံဟူသည့် အမြင်သည် လူထုထင်မြင်ချက်နှင့် နိုင်ငံတော်မူဝါဒကို ပုံဖော်ရာတွင် အရေးပါသောအချက်တစ်ခု ဖြစ်လာခဲ့သည်။
ရီရှန်ဆန်သည် တရုတ်နိုင်ငံခြားရေးမူဝါဒနှင့် မဟာဗျူဟာမြောက် ခြေရာများကို အဓိကထား လေ့လာသည့် လွတ်လပ်သော သုတေသီတစ်ဦးဖြစ်သည်။
#MeKongNews








