~ လင်းမောင် ~
ဟောင်ကောင်တွင် နိုင်ငံသားစစ်မှန်မှုသတ်မှတ်ချက်အကျပ်အတည်း (Identity crisis) က ပိုမိုဆိုးရွား လာပြီး အရေးအကြီးဆုံးအခြေအနေသို့ ရောက်လာနေပြီဖြစ်သည်။ ပေကျင်းအစိုးတင်သွင်းသော နိုင်ငံသားဖြစ်တည်နိုင်မှုဆိုသည့် သတ်မှတ်ချက်အပေါ် ဟောင်ကောင်သားများဘက်မှ ဆန့်ကျင်မှုကြီး ထွားလာခြင်းများက ပြည်တွင်းမှာရော ပြည်ပတွင်ပါ အရှိန်မြင့်လာသည်။ အွန်လိုင်းတွင် လူကြည့်များ လွန်းခဲ့သည့် ဗီဒီယိုတစ်ခုတွင် ဟောင်ကောင်ဂျာနယ်လစ်တစ်ယောက်နှင့် ငယ်ရွယ်သည့် တရုတ်ထောက်ခံအားပေးသူ တစ်ဦးနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံ ပြဿနာဖြစ်နေသည်ကို မြင်ရသည်။ ဟောင်ကောင်တွင် တရုတ်ထောက်ခံအားပေးသူများကို Little Pink ဟု ခေါ်ဆိုတတ်ကြသည်။ ဂျာနယ် လစ်က လွတ်လပ်ရေးနှင့်ပတ်သက်ပြီး တိုက်ရိုက်ဆွေးနွေးမှုမျိုးမလုပ်ဘဲ ပါးနပ်စွာဖြင့် အဆိုပါလူငယ် အား ၎င်းမှတ်ပုံတင်သည် တရုတ်နိုင်ငံသားမှတ်ပုံတင်ပဲ မဟုတ်လား၊ ဟောင်ကောင်သား မှတ်ပုံတင်ကိုင်ဆောင်ပါသလား၊ ပြပါဟုသာ ပြန်မေးခဲ့သည်။ အလားတူ ဟောင်ကောင်လမ်းမကြီး များပေါ် ထိပ်တိုက်ရင်ဆိုင်ရမှုများထဲ မူရင်းဌာနေနေထိုင်သူ ဟောင်ကောင်သားများနှင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ထောက်ခံ အပ်စုတို့ အချင်းများမှုများလည်း သတင်းများအဖြစ် တက်လာခဲ့သည်။ တရားဝင် မှတ်ပုံတင်စာရွက် စာတမ်းများသည် တရုတ်နိုင်ငံသားဖြစ်ကြောင်းသာ သက်သေပြသည်ဟု ဟောင်ကောင်သားများဘက်မှ မကျေမနပ်ပြောဆိုကြသည်။ အဆိုပါ ပွတ်တိုက်မှုများသည် ဟောင်ကောင်သားများနှင့် တရုတ်ပြည်မကြီးမှ တရုတ်နိုင်ငံသားကတ် ကိုင်ဆောင်ထားသူများအကြား စိတ်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာ ခြားနားကွာဟချက်များ ပိုမိုးတိုးပွားလာမှုကို ပြသကာ တရုတ်မူဝါဒများကြောင့် ပိုမိုဆိုးရွားသည့် သဘောထားကွဲလွဲမှုများကို ဖြစ်တည်လာစေကြောင်း အခိုင်အမာပြဆိုသည်။
၂၀၁၉ ခုနှစ်တွင် ပြန်လည်လွှဲပြောင်းရေး ဥပဒေမူကြမ်း တင်သွင်းစဉ် အဆိုပါ အကွဲအလွဲ ခြားနားမှုက ပိုထင်ရှားခဲ့သည်။ ကြီးမားသော ဆန့်ကျင်ဆန္ဒပြမှုကြီး ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သည်။ သန်းနှင့်ချီ သော ဆန္ဒပြသူများ လမ်းပေါ် ထွက်လာသည်။ ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် တရုတ်က ဆန္ဒပြသူ ၁၀၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ဟောင်ကောင် ဖြစ်တည်မှုသမိုင်းတွင် အဆိုးရွားဆုံး၊ အပြင်းထန်ဆုံး နိုင်ငံရေးအကျပ်အတည်းကြီး ဖြစ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဟောင်ကောင်အား တရုတ်အစိုးရ၏ ထိန်းချုပ်မှု ပိုမိုချဲ့ထွင်စေမည့် အမျိုးသားလုံခြုံရေးဥပဒေအား ထပ်မံ မိတ်ဆက်ပြဌာန်းပြန်သည်။ သဘောထားကွဲလွဲမှုလေးကိုပင် ရာဇဝတ်မှုဟု သတ်မှတ်ပြီး ဆန့်ကျင်သံများ တိတ်သွားစေရန် အဓိက ထုတ်ပြန်သော တရုတ်၏ ဥပဒေသစ်ဖြစ်သည်။ နိုင်ငံတကာက တရုတ်အပေါ် ဆန့်ကျင်တုံ့ပြန်ကြသည်။
အမေရိကန်က ဟောင်ကောင်အား အထူးကုန်သွယ်ရေးအဆင့် သတ်မှတ်ပေးထားမှုကို ရုပ်သိမ်းကာ ဟောင်ကောင်ကိုယ်ပိုင်ပြဌာန်းခွင့်ဥပဒေကို အတည်ပြုထုတ်ပြန်ပေးခဲ့သည်။ ဟောင်ကောင်သားများ၏ ဆန့်ကျင်မှုကို တရုတ်က အကြီးစား နှိမ်နင်းမှုများပြုလုပ်ရာမှ ဟောင်ကောင်သားများစွာ ပြည်ပထွက် ခွာမှုများကို ဖြစ်တည်စေခဲ့သည်။ ဟောင်ကောင်သား ၃၀၀၀၀၀ နီးပါးထွက်ခွာသွားကြသည်။ ၂၀၂၅ မတ်လတွင် UK က ထွက်ခွာလာသည့်ဟောင်ကောင်သား ၁၇၉၀၀၀ အတွက် ပြည်ပမှ ဗြိတိန်သားများ (BNO) ဗီဇာ အသိအမှတ်ပြုပြီး နေထိုင်ခွင့်ပြုခဲ့သည်။ ၁၆၃၀၀၀ ယောက် UK သို့ ရောက်လာပြီး ကျန် တချို့မှ ဩစတြေးလျကဲ့သို့သော နိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခိုလှုံသွားကြသည်။ ပြည်ပြေး တက်ကြွလှုပ်ရှားသူများက ဟောင်ကောင်မှ များစွာ ထွက်ခွာရခြင်းသည် ခိုလှုံရွှေ့ပြောင်းခြင်းမဟုတ် သော တော်လှန်ပုန်ကန်ခြင်းသာဖြစ်သည်ဟု ဟစ်ကြွေးခဲ့ကြသည်။ ကမ္ဘာကြီးက တရုတ်ထောင်သွင်း အကျဉ်းချထားသည့် ဟောင်ကောင် မီဒီယာ Next Digital ဂုရုကြီး ဂျင်မီလိုင်အပါ တော်လှန်ခဲ့သူများ ကို မမေ့မလျော့ရှိစေရေးအတွက် ထွက်ခွာတော်လှန်ကြခြင်းဟု ဟစ်ကြွေးကြသည်။
ပေကျင်းအစိုးရ၏ မဟာဗျူဟာသည် လူပေါင်းများစွာကို ဖမ်းဆီးထောင်ချခြင်းနှင့် ပြည်ပသို့ ထွက်ပြေးရစေခြင်းလောက်ကိုသာ ဖြစ်တည်စေသည်မဟုတ်ဘဲ ဟောင်ကောင် ပညာရေးနယ်ပယ်ကိုပါ ကိုလိုနီသွပ်သွင်းမှုဖြင့် ထပ်မံ စိုးမိုးပြန်သည်။ ဟောင်ကောင်တွင် မျိုးချစ်ပညာရေးဥပဒေ (Patriotic Education Law) ကို ထုပ်ပြန်သည်။ ဟောင်ကောင်တွင်ရော မက္ကာအိုတွင်ပါ ထိုဥပဒေကို လက်တွေ့ ကျင့်သုံးခိုင်းသည်။ ၂၀၂၄ ခုနှစ် ဟောင်ကောင်ကျောင်းသုံး ပြဌာန်းစာအုပ်တွင်ပင် ရှီကျင့်ဖျင်အတွေး ဆိုသည်ကို ထည့်သွင်းပြဌာန်းသည်။ ကျောင်းသားများ နိုင်ငံတော်သီချင်း တိုးတိုးသာ ဆိုကြခြင်းအပေါ် တွင်လည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ အဆိုပါနှစ်မှာပင် ဟောင်ကောင်နှင့် မက္ကာအိုကျောင်းသုံး စာအုပ်များထဲ လူငယ်များ ရှီကျင့်ဖျင်၏ အမြင် ဆိုသော တရုတ်မျိုးချစ်ပညာရေး လှုံ့ဆော်ဝါဒဖြန့်မှု များ ထည့်သွင်းပြန်သည်။ ပညာရှင်များက ဟောင်ကောင်နှင့်မက္ကာအိုတွင် ကျင့်သုံးရန် အတင်းအဓမ္မ ထည့်သွင်းသည် မျိုးချစ်ပညာရေးဆိုသည်မှာ လူသားများအပေါ် ချစ်မြတ်နိုးတတ်စေရေးထက် တရုတ် ကွန်မြူနစ်ပါတီအပေါ်တွင်သာ ပိုမိုသစ္စာခံ၊ ချစ်မြတ်နိုးရမည်ဟု အတွေးအခေါ် သွပ်သွင်းခြင်းသာဖြစ် သည်ဟု သုံးသပ်ကြသည်။ ဒေသခံလက္ခဏာများ ယို့ယွင်းပျက်စီးလာစေခြင်း၊ အယူဝါဒ သွပ်သွင်းခြင်း အန္တရာယ်များအတွက် လူများစိုးရိမ်ပူပန်မှု မြင့်တက်လာကြရသည်။
ယဉ်ကျေးမှုဆိုင်ရာ တင်းမာမှုများကလည်း ပိုမို နက်ရှိုင်းလာသည်။ သတင်းများနှင့် ရုပ်သံမှတ်တမ်းများ တွင် ဟောင်ကောင်နိုင်ငံသားစံနှုန်းများနှင့် တရုတ်ပြည်မကြီးမှ လာရောက်လည်ပတ်သော ခရီးသွားများ အကြား ပဋိပက္ခများ ဖြစ်ပွားပြီးရင်း ဖြစ်ပွားနေသည်ကို မြင်တွေ့ရသည်။ တရုတ်မှ လာလည်ပတ်သူ များကို ဓာတ်ရထားများပေါ် တက်ခွင့်မပေးခြင်း၊ ဘတ်စ်ဖယ်ရီကားများပေါ် တက်ခွင့် ပိတ်ပင်ခြင်း၊ ဘတ်စ်ကားတစ်စီးပေါ်မှ ကလေးတွန်းလှည်းကိုပင် လွှင့်ပစ်ခြင်း၊ သန့်ရှင်းရေးဝန်ထမ်းတစ်ဦး ငွေကြေး ဆိုင်ရာ ထိခိုက်စေမည်ဟု ခြိမ်းခြောက်မှုများကို တရုတ်ခရီးသွားများဘက်မှ ပြန်လုပ်ခြင်းများ မြင်တွေ့ ရသည်။ တရုတ်အပေါ် စီးပွားရေးအရ ဟောင်ကောင်ဘက်မှ မှီခိုအားထားနေရခြင်းသည်လည်း တင်းမာမှုများကိုပိုမိုမြင့်တက်လာစေခဲ့သည်။ တရုတ်ပြည်မကြီးမှ ရေသန့်ကုမ္ပဏီက ဟောင်ကောင် တွင် ရေသန့် ဖြန့်ဖြူးရောင်းချရန် ကန်ထရိုက်စာချုပ်ရသော်လည်း ဖြန့်သည့်ရေသည် ဘေးမကင်းသော အန္တရာယ်ရှိသည့် ရေများဖြစ်နေသောကြောင့် စာချုပ်ဖျက်ခံလိုက်ရခြင်းနှင့် ဖမ်းဆီးခံရသော အရှုပ်တော်ပုံလည်း ဖြစ်ခဲ့သေးသည်။ ဟောင်ကောင်သားများ ပြည်မကြီးမှ ကုမ္ပဏီများအပေါ် မှီခို အားထားနေရမှုအပေါ် စိုးရိမ်ကြောက်ရွံ့စေမှုများကလည်း မြင့်တက်လာသည်။
တုံ့ပြန်မှုအားဖြင့် ဟောင်ကောင်သားများသည် ပျော့ပြောင်းသော ခုခံတော်လှန်မှု (soft resistance) ပုံစံဖြင့် တရုတ်ကို တွန်းလှန်လာကြသည်။ အစိုးရဝန်ထမ်းများကိုယ်တိုင်က ပြည်မကြီးမှ ထုတ်ကုန်များ ကို မှာယူခြင်းထက် ပြည်တွင်းထုတ် ထုတ်ကုန်များကိုသာ တိုးတိုးတိတ်တိတ် မှာယူမှုများ လုပ်လာသည်။ စာအုပ်ပွဲတော်များ၊ သီချင်းစာသားများနှင့် အနောက်တိုင်းအားလပ်ရက်ခရီးသွား လုပ်ငန်းများကဲ့သို့သော ယဉ်ကျေးမှုဆိုင်ရာဖော်ပြမှုများကို သိမ်မွေ့သော ဆန့်ကျင်မှုလုပ်ရပ်များအဖြစ် သဘောထားဆန့်ကျင်လာကြသည်။ အာဏာပိုင်များက ထိုသို့ ပျော့ပြောင်းခုခံတော်လှန်မှုများအား ပိုမိုပြင်းထန်သည့် နောက်ထပ် နှိမ်နင်းမှုများ ဖြစ်လာနိုင်သည်ဟု သတိပေးသည်။ သို့သော် ဖိအားများ တိုးမြှင့်လာလေ ဟောင်ကောင် သားများ၏ ကိုယ်ပိုင်လက္ခဏာကို ထိန်းသိမ်းရန် စိတ်ပိုင်းဖြတ်ထား မှုများက ပိုအားကောင်းလာစေသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
အလုပ်သမားနှင့် လူဦးရေပြောင်းလဲလာမှုများကလည်း ပေကျင်းအစိုးရ၏ မဟာဗျူဟာ အတွေးအမြင် သစ်များကို ဖြစ်တည်လာစေသည်။ ဟောင်ကောင်သားများစွာ ပြည်ပထွက်ခွာသွားကြသဖြင့် တရုတ် ကုန်းမကြီးမှ အလုပ်သမားများ ဟောင်ကောင်လုပ်ငန်းခွင်များသို့ အလုပ်ချိန်ပိုရှည်လျှားပြီး လစာ ပိုလျှော့ယူသူများအဖြစ် ဝင်ရောက်လာသည်။ အထူးသဖြင့် ဆောက်လုပ်ရေးနှင့် စားသောက်ဆိုင် လုပ်ငန်းခွင်များတွင် အများဆုံး အစားဝင်လာသည်။ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်း၌အလုပ်လက်မဲ့နှုန်းက ၃ . ၇ ရာခိုင်နှုန်းသို့ တိုးမြင့်လာသည်။ ၃ နှစ်အတွင်း အမြင့်ဆုံး နှုန်းဖြစ်သည်။ တချို့သော ကဏ္ဍများတွင်ဆို လျှင် အလုပ်လက်မဲ့နှုန်းက ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။ စီးပွားရေးအကျပ်ရိုက်နေချိန်နှင့် တစ်ပြိုင်နက် အိမ်ငှားခများက များစွာမြင့်တက်လာသည်။ တစ်ချိန်တည်းမှာပင် ဟောင်ကောင်သို့ လာရောက်လည်ပတ်သူနှုန်းကျဆင်းသွားခြင်းက လူဦးရေ ရွေ့လျားပြောင်လဲမှုကြီး ကြီးမားစွာ ဖြစ်နေ သည်ကို မီးမောင်းထိုးဖော်ပြသည်။ ၂၀၂၅ ဇူလိုင်တွင် ဟောင်ကောင်သို့ လာရောက်လည်ပတ်သူ ၄ . ၄၄ သန်းရှိခဲ့သည်။ ၇၆ ရာခိုင်နှုန်းက တရုတ်ပြည်မကြီးမှ လာကြခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၇ လအတွင်း ဟောင်ကောင်သို့ လာရောက်လည်ပတ်သူ ၂၁ . ၃ သန်း ရှိခဲ့ရာတွင် အခြားပြည်ပမှ လာရောက်လည်ပတ်သူ ၆ . ၇ သန်းသာ ရှိတော့သည်။ Talent import schemes ဟုခေါ်သော ပညာ ရှင်အဆင့်ဖြင့် လာရောက်သူများအနက် တရုတ်ပြည်မကြီးမှ လာသူက ၉၄ ရာခိုင်နှုန်းအထိ ရှိနေသည်။ တရုတ်၏ မွတ်ဆလင်အများစု နေထိုင်ရာ ရှင်းကျန်းပြည်နယ်တွင် လုပ်ဆောင်ခဲ့သော ဗျူဟာ အတိုင်း ဟောင်ကောင်တွင်လည်း တိုးတိတ်စွာဖြင့် ပြည်မကြီးမှ တရုတ်များ ပိုမို အင်အားများလာစေရေး လူဦးရေပြန်လည်သတ်မှတ်လုပ်ဆောင်လာနေသည်ကိုလည်း စိုးရိမ်နေရပြီဖြစ်သည်။
တရုတ်က ဟောင်ကောင်ကို ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်များအတွက် စမ်းသပ်ကွင်းတစ်ခုအဖြစ် အသုံးပြုနေကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ ၂၀၂၂ ခုနှစ်က ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းပြီးလျှင် ထိုင်ဝမ်သားများကို ပြန်လည် ပညာသင်ကြား ပေးရမည်ဟု ဆိုခဲ့သေးသည်။ ထိုင်ဝမ်ရှိ ပညာရှင်များကလည်း တရုတ်သည် ယဉ်ကျေးမှုဖလှယ်ရေး မူကို အသုံးချကာ တရုတ်ပြည်မကြီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားများကိုပါ တင်သွင်းလာပြီး အယူဝါဒလွှမ်းမိုးမှုထည့်သွင်းခြင်းများ လုပ်ဆောင်နှင့်ပြီးနေပြီဟု သတိပေးမှုများ ထုတ်ပြန်နေကြ သည်။ ဟောင်ကောင်သားများက မည်သို့ ဖိနှိပ်ခံနေရသည်၊ ဖိနှိပ်မှုများကို မည်သို့ တုံ့ပြန်ဆန့်ကျင်နေ ကြသည်ဆိုသော အတွေ့အကြုံများ ထုတ်ပြနေပြီဖြစ်သည်။ ထို ဆန့်ကျင်တော်လှန်မှုများ ယိုင်နဲ့ခဲ့လျှင် ထိုင်ဝမ်အပါ အခြားသော ဒီမိုကရေစီနိုင်ငံများအတွက်ပါ သက်ရောက် ထိခိုက်စေမည်ဖြစ်သည်။
ဖိအားများစွာကြားမှ ဟောင်ကောင်သားများသည် ဆက်လက် တော်လှန်နေကြသည်။ ဆန့်ကျင် ဆန္ဒပြ ခြင်းများ၊ ပြည်ပသို့ အလုံးအရင်း ထွက်ခွာသွားခြင်းများ၊ သိမ်မွေ့သော ဆန့်ကျင်မှုများဖြင့် တရုတ်ကို ဖီဆန်နေသည်။ ပေကျင်းအစိုးရ၏ မိမိတို့မြေပေါ် တရားဝင်မှုရှိကြောင်း အတင်းအကျပ် ချုပ်ကိုင် တည်ဆောက်ပြနေခြင်းများအပေါ် ဆန့်ကျင်နေကြသည်။ မိမိတို့ ဟောင်ကောင်သားစစ်စစ်ဆိုသည့် Identity သည်သာ အတည်ဖြစ်သည်ဟု ခံယူကြသည်။ “ ငါသည် တရုတ်မဟုတ်၊ ဟောင်ကောင်သား ဖြစ်သည်” ဆိုသော ကြွေးကျော်သံသည် ဆောင်ပုဒ်တစ်ခုထက်ပင် ပိုဖော်ညွှန်းလာနိုင်သည်။ အာဏာရှင်စနစ်၏ ပေါင်းစည်းခြင်းဆိုသော သိမ်းပိုက်မှုကို ဆန့်ကျင်ပြီး သီးသန့်ရှင်သန်ရပ်တည်ရေးကို ကိုယ်စားပြုသည်။ ဟောင်ကောင်သားများ၏ တိုက်ပွဲသည် ၎င်းတို့နယ်မြေတစ်ခုတည်းအတွက်သာ ကန့်သတ်တော်လှန်ခြင်းမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ အာဏာရှင်စနစ်ချဲ့ထွင်မှုကိုပါ ဆန့်ကျင်သော ရှေ့တန်းတိုက်ပွဲတလင်းအဖြစ် ရှိနေသည်။
#MeKongNews








