~ CWM ~
(၁)
ခါတိုင်းနှစ်တွေလိုပဲ ဇူလိုင်ဟာ မိုးများပါတယ်။ တစိမ့်စိမ့် ရက်ဆက်ရွာတဲ့ မိုးနဲ့အတူ ဇူလိုင်ပထမပတ်မှာ ဖျားပါတယ်။ Seasonal flu ရာသီတုပ်ကွေးပါ။ ဒီရာသီ တုပ်ကွေးဖျားဖူးသူတိုင်း ဘယ်လို ခံရခက်တယ်ဆိုတာ သိကြမှာပါ။ တကိုယ်လုံးကိုက်ခဲနာကြင်၊ ချမ်းတုန်၊ အစားမဝင်၊ ခံတွင်းပျက် နုံးချိ နေရ ထိုင်ရ အတော် မသက်သာတာပါ။ အိပ်ရာထဲလဲနေလောက်တဲ့အထိ မဟုတ်ပေမယ့် တကိုယ်လုံးနုံးချိပြီး မလှုပ်ချင် မရှားချင်ဖြစ်နေခဲ့တယ်။
ဇူလိုင်(၁၀)ရက် မနက်မှာ ကိုသာချို(စာရေးဆရာ မောင်သာချို) ဆုံးသွားကြောင်း ဆရာအော်ပီကျယ်က သတင်းတင်ထားတာ ဖတ်လိုက်ရတယ်။ ရင်ထဲနင့်သွားတယ်။ သွားပြန်ပြီပေါ့ တစ်ယောက်။ ဟိုတလောလေးကတင် ကိုငြိမ်းအေး(စာရေးဆရာ ငြိမ်းအေးအိမ်) ဆုံးသွားတယ်။ ကိုသာချိုက အပြင်ပြန်ရောက်လာကတည်းက ကျန်းမာရေးမကောင်းကြောင်း သူတင်နေတဲ့ ပို့စ်တွေကတဆင့် သိရတယ်။ ကင်ဆာလို့ခေါ်တဲ့ ထိတ်လန့်စရာ ရောဂါဆိုးကို သူက ထီမထင်ပုံစံမျိုးနဲ့ အန်တုနေတာတွေ့ရသလို မဆုံးမီကာလအတွင်းမှာ စာပေ ပရဟိတပွဲလမ်းအတော်များများကို သွားရောက်ခဲ့တာလည်း တွေ့ရတယ်။ ကိုယ်တွေက ငယ်ပေါင်းတွေပါ။ မြန်မာစာမှာ တစ်နှစ်ကြီးတယ်ဆိုပေမယ့် စာပေနယ်ထဲမှာတော့ ခေတ်ပြိုင်တွေလို့ ဆိုရမယ်။ ကဗျာတွေ၊ဝတ္ထုတွေ၊ စာတိုပေစတွေ မဂ္ဂဇင်းစာမျက်နှာတွေပေါ် ဖြတ်သန်းကြတော့ အတူတူပေါ့။ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာ လစဉ်ထုတ်မဂ္ဂဇင်းစာမျက်နှာတွေပေါ် ဖြတ်သန်းနေကြသူတွေထဲ မင်းသိုက်မွန်၊ မောင်သာချို၊ ဇောင်းထက် တို့ ပါကြတယ်။ ကဗျာဆရာ မင်းသိုက်မွန် ဆုံးသွားတာ ကြာလှပြီဖြစ်သလို မြန်မာစာဌာနက ကဗျာဆရာဇောင်းထက်လည်း ကွယ်လွန်သွားတာ ကြာခဲ့ပါပြီ။ (သာလွန်ဇောင်းထက်ကတော့ ခုချိန်မှာ လက်သံပြောင်နေလေရဲ့)။ စာပေနယ်ထဲအတူ ဖြတ်သန်းခဲ့ကြဖူးသလို မဂ္ဂဇင်းပိုးထပြီး မဂ္ဂဇင်းတွေ ထုတ်ဝေကြတော့လည်း သူက အိပ်မက်ဖူး။ ကိုယ်က ရနံ့သစ်။ ၁၉၉၀ ပြည့်လွန်နှစ်များ..။
နေမကောင်းတဲ့ကြားကပဲ ရေဝေးကို မရောက်ရောက်အောင်သွားပြီး ကိုသာချိုကို နှုတ်ဆက်ဖြစ်ခဲ့တယ်။ လူချစ်လူခင် ပရိသတ်ပေါများတဲ့ သူ့ဈာပနမှာ လူတိုးမပေါက်အောင် စည်ကားခဲ့တယ်။ သွားပေဦးတော့ ကိုသာချိုရေ..။ သူက ၁၉၅၈ ခုနှစ်ဖွားဆိုတော့ (၆၇)နှစ်။ ငယ်သေးတယ်ဆိုပေမယ့် လက်ရှိမြန်မာပြည် ပျမ်းမျှလူ့သက်တမ်းနဲ့ဆိုရင်တော့ ကွက်တိ။ ၂၀၂၂ ခုနှစ် မြန်မာပြည်ရဲ့ ပျမ်းမျှလူ့သက်တမ်း( life expectancy ) က (၆၇.၂၆)နှစ်။
(၂)
ကိုသာချိုဆုံးတဲ့ ဇူလိုင်(၁၀)ရက်မှာပဲ မလေးရှား ဝါရင့်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် အသက်(၁၀၀)ပြည့်သွားတယ်လို့ ဖတ်လိုက်ရတယ်။ လူတစ်ယောက် အသက်(၁၀၀)ပြည်တဲ့အထိ၊ အသက်(၁၀၀)ပြည့်ပြီး ရာကျော်သွားတဲ့အထိ အသက်ရှင်နေထိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ လူ တစ်ရာမှာ တစ်ယောက်။ လူ တစ်ထောင်မှာ တစ်ယောက်။ လူတစ်သောင်းမှာ တစ်ယောက် ရခဲတဲ့ အခွင့်အရေးပါ။ မလေးရှား ဝါရင့်
နိုင်ငံရေးသမား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ အသက်(၁၀၀)ပြည့်သွားတော့ ဟိုတစ်နှစ်က သူ့လိုပဲ အသက်(၁၀၀)အထိ နေသွားပြီး( ခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျားကို သွားသတိရမိတယ်။ ဟင်နရီကစ်ဆင်းဂျားကလည်း မဟာသီယာလိုပဲ ဝါရင့်နိုင်ငံရေးသမား သံတမန်တဦးဖြစ်တယ်။
အသက်(၁၀၀)ပြည့်သွားတဲ့နေ့က မဟာသီယာမိုဟာမက်က ” နည်းနည်းတော့ စိတ်လှုပ်ရှားမိတာအမှန်ပဲ” လို့ ပြောသွားခဲ့တယ်။ သူက အသက်(၁၀၀)အထိ နေရလိမ့်မယ်လို့လည်း မျှော်လင့်မထားဘူးလို့ဆိုတယ်။ အသက်(၁၀၀)ပြည့်သွားတဲ့နေ့ဟာ သာမန်နေ့တစ်နေ့ပါပဲ။ ဘာမှ မထူးဆန်းပါဘူးလို့ ဆိုတယ်။
မလေးရှားနိုင်ငံရဲ့ စတုတ္ထမြောက် ဝန်ကြီးချုပ်အဖြစ် ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ တစ်ကြိမ်၊ သတ္တမမြောက်ဝန်ကြီးချုပ်အဖြစ် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ အထိ တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ မဟာသီယာမိုဟာမက်ဟာ မလေးရှားနိုင်ငံကို အရှေ့တောင်အာရှမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာအောင် အုတ်မြစ်ချခဲ့သူလို့ အသိအမှတ်ပြုကြသလို အငြင်းပွားဖွယ်ခေါင်းဆောင်လို့လည်းဆိုကြတယ်။
အသက်ရာကျော်သွားပေမယ့် မဟာသီယာဟာ ခုချိန်ထိ သတိကောင်းနေဆဲ၊ နိုင်ငံတကာအရေးတွေကို ဝေဖန်သုံးသပ်နေဆဲ၊ တက်ကြွနေဆဲဖြစ်တာ တွေ့ရတယ်။ မွတ်ဆလင်နိုင်ငံတခုအနေနဲ့ မလေးရှားဟာ ပါလက်စတိုင်းပြည်သူတွေဘက်က ရပ်တည်ပြီး အမေရိကန်နဲ့ အစ္စရေးရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုကို ဆန့်ကျင်တယ်။ အလားတူ အရှေ့တောင်အာရှမှာ တရုတ်ရဲ့ဩဇာလွှမ်းမိုးလာမှုကို သတိထားကြဖို့ သူက ဝေဖန်ပြောဆိုတယ်။
မဟာသီယာရဲ့ မွေးနေ့မနက်က မိသားစုရဲ့ မွေးနေ့ဆုတောင်းအပြီးမှာပဲ သူဟာ ပူထရာဂျာယာက သူ့ရုံးခန်းကို သူဝတ်ဆင်နေကျ ဆာဖာရီကုတ်အင်္ကျီဝတ်ပြီး သွားခဲ့တယ်။
” အသက်(၁၀၀)ပြည့် မွေးနေ့ဆုတောင်းနဲ့အတူ ကိတ်မုန့်တွေ၊ ပန်းခြင်းတွေ၊ စာတွေပေးပို့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အသက် ၁၀၀ ပြည်သွားတော့ စိတ်လှုပ်ရှားမိတာ အမှန်ပါ” လို့ သူက ဆိုတယ်။
ခုလို အသက်ရှည်ရတဲ့အကြောင်းရင်းက ဆေးလိပ်မသောက်တာ၊ အစားအလွန်အကျွံမစားတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ ဦးနှောက်ကို အမြဲအသုံးချနေတာကြောင့်ဖြစ်တယ်လို့ သူက ဆိုတယ်။ မဟာသီယာဟာ နှလုံးရောဂါကြောင့် တစ်ကြိမ်မှာ ခွဲစိပ်ကုသမှုခံယူရပြီး သွေးကြောနှစ်ချောင်း ဆက်ထားရပေမယ့် ခုချိန်ထိ ကိုယ်ရော စိတ်ပါ ကျန်းကျန်းမာမာရှိနေသေးတယ်။
“ကျနော်က အမြဲပဲ တက်ကြွနေတယ်။ ကျနော် နားမလည်နိုင်တာ လူတွေက ဘာလို့ နားချင်နေကြတာလဲ။ ဆိုလိုတာက အားလပ်ရက်ရတယ်။ တခုခုလုပ်တယ်။ အားလပ်ရက်မှာ တခုခုလုပ်တယ်။ ဒါပေမယ့် တချို့လူတွေက အငြိမ်းစားယူပြီး နားချင်ကြတယ်။ နားတယ်ဆိုတာ ဘာလဲ။ ဘာမှ မလုပ်ဘဲ နေတာလား”
“ကျနော်ကတော့ ခန္ဓာကိုယ်က လှုပ်ရှားနိုင်သရွေ့ လှုပ်ရှားပြီး နေချင်တယ်။ ကိုယ့်ကိုယ်ကို အသက်မကြီးသေးဘူးလို့ပဲ အမြဲမှတ်ယူတယ်။ ငယ်ငယ်တုန်းက နေခဲ့တဲ့အတိုင်း နေဖို့ အမြဲကြိုးစားတယ်။ ကျနော် အလုပ်လုပ်တယ်။ ရုံးလာတယ်။ အခမ်းအနားတွေတက်တယ်။ ကျနော် ခုလိုအသက်ရှည်ရတဲ့အကြောင်းက အမြဲတမ်း တက်တက်ကြွကြွနေလို့ပဲလို့ ထင်ပါတယ်” လို့ မွေးနေ့အထိမ်းအမှတ်စကားမှာ သူပြောသွားခဲ့တယ်။
တဆက်တည်းမှာပဲ “ခုလို အသက်ရှည်ဖို့ တမင်ကြိုးစားတာတွေ ဘာမှ မရှိပါဘူး။ ပုံမှန် ကိုယ့်ကျန်းမာရေး ဂရုစိုက်ရုံလောက်ပါပဲ။ အသက် ၁၀၀ ပြည်သွားတော့လည်း ဒီနေ့ဟာ သာမန်နေ့တစ်နေ့ပါပဲ။ ဘာမှ မထူးပါဘူး” လို့ ပြောသွားခဲ့တယ်။ ပထမဝန်ကြီးချုပ်သက်တမ်း ၂၂ နှစ်တာကာလအတွင်း မဟာသီယာ ဟာ မလေးရှားကို ခေတ်မီစီးပွားရေးပုံစံ ပြောင်းလဲနိုင်ခဲ့တယ်။ ဝန်ကြီးချုပ်အဖြစ်က နှစ်အတန်ကြာအောင် နားသွားပြီးတဲ့နောက် သူဟာ နိုင်ငံရေးလောကထဲပြန်ဝင်လာခဲ့ပြီး ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရကာ ဝန်ကြီးချုပ်ပြန်ဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာ မဟာသီယာ အသက် (၉၂)နှစ် ရှိပါပြီ။
(၃)
မဟာသီယာ အသက်(၁၀၀) ပြည့်သွားတဲ့နေ့မှာ ကိုသာချို ဆုံးသွားခဲ့တယ်။ ဇူလိုင်(၁၀)ရက်နေ့။ တိုက်ဆိုင်တယ်လို့ ဆိုရမယ်။ လူ့ဘဝသက်တမ်းက ဗုဒ္ဓ ဟောခဲ့တဲ့ တရားအတိုင်းပဲ အကန့်အသတ်တော့ မရှိပါဘူး။ ဗုဒ္ဓဘာသာဝင်တွေမှာတော့ အတိတ်ကပြုခဲ့တဲ့ ကံအကျိုးပေးအတိုင်း ခုဘဝမှာ သက်တမ်းတခုထိ နေကြရတယ်လို့ ယုံကြည်တယ်။ အသက်ရှည်ခြင်း၊ အသက်တိုခြင်းတွေဟာ ကံအကျိုးပေးသလောက်သာဖြစ်ပြီး ဖန်တီးယူလို့မရ။ သေချိန်တန် သေကြရမယ်။
ဘာပဲဖြစ်ဖြစ် ခုဘဝမှာ အသက်ရှည်ရာ အနာမဲ့ကြောင်းကိုတော့ လူသားတိုင်းက တောင့်တကြစမြဲပါ။ ကျန်းမာချင်တယ်။ အနာရောဂါကင်းချင်တယ်။ အသက်ရှည်ချင်တယ်။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် ဖြစ်တည်လာကြပုံခြင်း မတူကြ။
ပြီးခဲ့တဲ့နှစ်ပတ်လောက်က အွန်လိုင်းပေါ်မှာပဲ ဗြိတိသျှ ရော့ခ်အဆိုတော်ကြီး ရော့ စတီးဝပ် ခုန်ပေါက်သီချင်းဆိုနေတာကို တွေ့လိုက်ရတယ်။ ရော့ စတီးဝပ်က အသက်(၈၀)ရှိပြီ။ အသက်(၈၀)အရွယ် ပန့်ဆံပင်ရှည်နဲ့ ရော့စတီးဝပ်ဟာ မီးရောင်ပြိုးပြက်နေတဲ့ စင်မြင့်ပေါ်မှာ တက်တက်ကြွကြွ အားပါးတရ သီချင်းတွေ တပုဒ်ပြီးတပုဒ် အော်ဟစ်သီဆိုနေခဲ့တယ်။ လူငယ်လေးတစ်ဦးအတိုင်းပါပဲ။ သူက ခုအရွယ်အထိ မီတာ(၁၀၀)ကို ၁၉ စက္ကန့်နဲ့ ပြေးနိုင်သေးတယ်ဆိုပဲ။
အသက်ရှည်သူတွေက သူတို့အသက်တွေကို အမြဲမေ့ထားကြပုံရတယ်။ သိပ်မကြာသေးခင်ကပဲ ဂျပန်နိုင်ငံမှာ ဂင်းနစ်စံချိန်တင်သွားတဲ့ အသက်အကြီးဆုံး မာရသွန်သမားတစ်ဦး ပေါ်ပေါက်ခဲ့တယ်။ ယိုကိုဟားမားက ရှင်တာရို အိုကူယာမ ဆိုသူဟာ အသက်(၉၆)နှစ်အရွယ်မှာ မာရသွန်ပြိုင်ပွဲတခုကို ပန်းဝင်တဲ့အထိ ပြေးနိုင်ခဲ့တယ်။ ရှားရှားပါးပါး ဖြစ်ရပ်လို့ ဆိုရမှာပါ။
အသက်(၁၀၀)ပြည့်သွားတဲ့ မဟာသီယာကတော့ အမြဲတမ်း ကိုယ်ရောစိတ်ပါ တက်တက်ကြွကြွ နေထိုင်ပြီး မနက်ဖြန်ကိုလည်း မစဉ်းစားဘူးလို့ ဆိုတယ်။ ” ကျနော် မနက်ဖြန်မှာ သေချင်လည်း သေသွားနိုင်တယ်။ ကျနော် စိတ်ပူမနေဘူး” လို့ ဆိုတယ်။ ဗုဒ္ဓရဲ့အလိုအရတော့ သေခြင်းနဲ့ နေခြင်းမှာ အကန့်အသတ် မရှိပါဘူး။ ကိုယ် ဘယ်အချိန်အထိ အသက်ရှင်နေဦးမယ် မသိနိုင်ပေမယ့် အသက်ရှည်ရှည်၊ စိတ်ဖိစီးမှုကင်းကင်း၊ ပျော်ပျော်ရွှင်ရွှင် နေကြသူတွေကိုတော့ အားကျမိတာ အမှန်ပါ…။
#MeKongNews








