~ လင်းမောင် ~
ဇွန်လဆန်းပိုင်းမှာပင် အမေရိကန်အစိုးရအာဏာပိုင်များက တရားမဝင် ဇီ၀ပစ္စည်းများကို နိုင်ငံအတွင်း သယ်ယူပို့ဆောင်ခြင်း၌ ပါဝင်မှုဖြင့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ အမေရိကန်သို့ တင်သွင်းလာသည့် မှိုတစ်မျိုးမှာ စိုက်ပျိုးရေးကဏ္ဍတွင် ဂျုံ၊ စပါး၊ ပြောင်း စသည့် နှံပင်များကို ပျက်စီးနိုင်ဖွယ်ရှိသော အစွမ်းသတ္တိများရှိနေသဖြင့် တရုတ်အစိုးရ၏ ဇီ၀လက်နက် များ ပိုင်ဆိုင်အသုံးပြုလိုရင်း အဖျက်စွမ်းအားကို မီးမောင်းထိုး သတိပေးမှုများ လုပ်ရတော့မည် ဖြစ်သည်။ Fusarium graminearum ဆိုသော ဇီ၀အဖျက်မှို ပိုး ကို အထူးဂရုပြု လေ့လာထားသော စိုက်ပျိုးရေးနှင့် ဇီ၀အကြမ်းဖက်မှုသုတေသီများက လူနှင့်တိရစ္ဆာန် များစွာ၏ အသည်း၊ မျိုးပွားမှုဆိုင်ရာကျန်းမာရေးနှင့် ဆိုးရွားသော နာမကျန်းမှုများကို ဖြစ်စေသည်ဟု သတိပေး ထုတ်ပြန်ထားကြသည်။
လေ့လာမိတ်ဆက်ထုတ်ပြန်မှုအရ အလွန်နည်းပါးသော ထို ပိုးသည်လျှင်ပင် နိုင်ငံတစ်နိုင်ငံ၏ အစာကွင်းဆက် တစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် စိုက်ပျိုးရေးအကြမ်းဖက်မှုစွမ်းအားရှိသည်ဟု ဆိုသည်။ အမေရိကန်ကဲ့သို့ နိုင်ငံကြီးထဲကိုပင် တရားဝင်ခွင့်ပြုချက်မရှိဘဲ ထိုအန္တရာယ်မှိုပိုးကို တင်သွင်းခဲ့မှုအား ကြည့်လျှင် ထိုသို့သော ဇီ၀အကြမ်းဖက်ပိုးများကို တရုတ်က အမေရိကန်ကိုသာမက တစ်ကမ္ဘာလုံးရှိ ဖွံ့ဖြိုးဆဲနိုင်ငံများသို့လည်း တင်သွင်းမည်ကို အထူးစိုးရိမ်လာရသည်။
တစ်ဦးချင်းဖမ်းဆီးခံရသော ထိုအမှုတွဲတွင် မစ်ဂျီဂန်တက္ကသိုလ် ဓာတ်ခွဲခန်းနှင့် ဆက်နွယ်နေသည့် တရုတ်နိုင်ငံသား သုတေသနာပညာရှင် Yunqing Jian နှင့် Zunyong Liu တို့ပါဝင်ခဲ့သည်။ အမေရိကန် အစိုးရရှေ့နေများက ၎င်းတို့သည် Fusarium ပိုးနမူနာများကို အမေရိကန်နိုင်ငံအတွင်း တရားမဝင် ပို့ဆောင်ခဲ့ပြီး ၎င်းတို့ ပိုင်ရာဆိုင်ရာ ဓာတ်ခွဲခန်း၌ မှိုပိုးကို စိုက်ပျိုးချဲ့တွင်ရန် လုပ်ဆောင်နေခဲ့ကြ သည်ဟု စွဲချက်တင်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုတွင် ထိုပိုးကို အမေရိကန်နိုင်ငံတွင်း ပို့ဆောင်ရန်အတွက် စည်းမျဉ်းနှင့်လုပ်ထုံးလုပ်နည်းများအား ကျော်လွှားနိုင်ရေး WeChat လူမှုကွန်ရက်ပေါ် စာတိုများဖြင့် လမ်းညွှန်မှာကြား စီစဉ်ခြင်းများကိုပါ တွေ့ရှိခဲ့ရသည်။
အဆိုပါဖြစ်စဉ်နှင့် တစ်ပြိုင်တည်းမှာပင် ကိုဗစ် စတင်ရာမြို့ဖြစ်သော ၀ူဟမ်တက္ကသိုလ်မှ PhD ကျောင်းသူတစ်ဦးဖြစ်သည့် Chengxuan Han ဆိုသူမှာလည်း တခြားသော အမှုအဖြစ် အမေရိကန်နိုင်ငံအတွင်းသို့ နို့တိုက်သတ္တဝါများ၏ အူများထဲ တွေ့ရ တတ်သော ကပ်ပါးပိုး ဇီ၀ပစ္စည်းအား သင်္ဘောတင်ပေးပို့ရန် ကြိုးစားမှု ပေါ်ပေါက်ခဲ့သည်။ Chengxuan Han သည် အမေရိကန်အကောက်ခွန်မှ စစ်ဆေးမှုမပေါ်ပေါက်မီ တင်သွင်း ပစ္စည်းကို ရည်ရွယ်ချက်ရှိစွာ လိမ်ညာမှုများလုပ်ကာ ဖုန်းထဲမှ အဆိုပါ ကိစ္စနှင့်ပတ်သက်သော အချက် အလက်အားလုံးအား ရှင်းလင်းထားသည်ကိုလည်း စုံစမ်းစစ်ဆေးသိရှိခဲ့ရသည်။
ထိုအမှုနှစ်ခုစလုံးသည် မလိုလားအပ်သော ရည်ရွယ်ချက်ဖြင့် ဖြစ်ပွားခြင်းဟုတ်မဟုတ် ကြေညာထား ခြင်းမရှိသေးသော်လည်း ဇီ၀ ပိုးမွှားများကို အမေရိကန်အကောက်ခွန်ဌာနများအား ရှောင်ရှားတင်သွင်းနိုင်ရန် ကြိုးပမ်းမှု အမူအကျင့်အား ကြည့်သည်နှင့် ဇီ၀လုံခြုံရေးစည်းများအား ချိုးဖျက်ကာ ဖြန့်ဖြူးနေမှုနောက်ကွယ်၌ တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားနိုင်သည်ကို နိုင်ငံတကာ သုတေသနအဖွဲ့များက အထူးသတိပြုရတော့မည်ဖြစ်သည်။
ဖွံ့ဖြိုးဆဲ ကမ္ဘာကြီး၏ ထိတွေ့ခြင်း
အမေရိကန်ကဲ့သို့သော အထွန်းကားဆုံးနိုင်ငံ မြေပေါ်သို့ပင် ထိုဇီ၀ပိုးများ တင်သွင်းမှု ဖြစ်ပွားနေသည် အားကြည့်လျှင် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများသို့ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပြီထင်။ ထိုနိုင်ငံများတွင် စောင့်ကြည့် စစ်ဆေး၊ ထောက်လှမ်းရေးအဆောက်အအုံအခြေခံကောင်းများ အားနည်းခြင်း၊ အရေးပေါ် တုံ့ပြန်နိုင်စွမ်း နှေးကွေးလွန်းခြင်းကြောင့် တရုတ်မှ လွယ်လင့်တကူ အဖျက် ဇီ၀ ပိုးများ တင်သွင်းထားပြီးဖြစ်မည်ကို သတိချပ်ရပေမည်။ Fusarium graminearum ကဲ့သို့သော ဇီ၀ မှို အဖျက်ပိုးကို အမေရိကန်သို့ ရည်ရွယ်ချက်ရှိစွာ တင်သွင်းသည်ဖြစ်စေ၊ မတော်တဆ တင်သွင်းမိသည် ဖြစ်စေ ထိုပိုးသည် နေရာသီးသန့်သတ်မှတ်ပေးထားပြီး ကောက်ပဲသီးနှံ တစ်မျိုးတည်းကို စိုက်သည့် (monoculture farming) ဒေသများတွင် စိုက်ခင်းအားလုံးကို ပျက်ဆီးစေနိုင်သည့် အန္တရာယ်ရှိနေသည်ကို ချင့်တွက်ရမည်ဖြစ်သည်။ ဂျုံ နှင့် စပါးကို အဓိက ဝမ်းစာအာဟာရအဖြစ် စားသုံးသည့်နိုင်ငံများ၊ စီးပွား ရေးအရ အဓိက မှီခိုစိုက်ပျိုးသည့်နိုင်ငံများသို့ ထိုဇီ၀ပိုးများ ပျံ့နှံ့ရောက်ရှိခဲ့ပါလျှင် စားနပ်ရိက္ခာ မလုံလောက်မှု၊ ပြည်သူ ထကြွခြင်းနှင့် မတည်ငြိမ်မှု၊ စီးပွားရေးပြိုလဲမှုများ ဖြစ်လာစေနိုင်မည်ဖြစ်သည်။ အဆိုပါ ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်းသို့ ဇီ၀အဖျက်ပိုးများ ပျံ့နှံ့ပါက ပိုးအမျိုးအစားအား လျှင်မြန်စွာ ခွဲခြား သိရှိနိုင်စွမ်းအားလည်း နည်းပါးကြသည့်အတွက် ပြည်ပကျူးကျော်မျိုးစိတ်များ၊ မွေးမြူထုတ်လုပ်ထားသော ဇီ၀အဖျက်ပိုးများ ဆိုးရွားစွာ ပျံ့နှံ့ သက်ရောက်စေမည်မှာ မလွဲပေ။ ဖြစ်စဉ်လေးတစ်ခုမှာပင် ဒေသတွင်း ကပ်ဘေးဆိုက်သွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ဇီ၀နည်း ပညာဆိုင်ရာ စွမ်းရည်များ မညီမျှခြင်းက အားနည်းချက်များကို ပိုမိုတိုးပွားစေသည်။ ချမ်းသာဖွံ့ဖြိုး သည့် နိုင်ငံများတွင် တင်းကြပ်သော စည်းမျဉ်းများ၊ ယန္တရားများဖြင့် ပြည်သူနှင့် စစ်ဘက်ဆိုင်ရာ၊ အစိုးရဆိုင်ရာ လေ့လာ သိမြင် စစ်ဆေးဖော်ထုတ်နိုင်စွမ်းများ ရှိကြသည်။
ဆန့်ကျင်ဘက်အနေနှင့် ကမ္ဘာ့တောင်ပိုင်းတစ်ခုလုံးသည် အခြေခံဇီဝလုံခြုံရေးစံနှုန်းများကိုပင် သိရှိလိုက်နာရန် ရုန်းကန်နေရဆဲဖြစ်သည်။ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်အဖိုးတန်သော်လည်း ကြီးကြပ်နိုင်မှုကင်းမဲ့ပါက အမြတ်ထုတ်လိုသူများကို တားဆီးရာ၌ အားနည်းချက်များဖြစ်လာသည်။ အန္တရာယ်သည် သီအိုရီသက်သက်မဟုတ်ပေ။ နိုင်ငံခြား သုတေသီတစ်ဦးသည် သုတေသနပရောဂျက်တစ်ခု၏ အသွင်ဆောင်မှုအောက်တွင် အိမ်ရှင်နိုင်ငံ၏ စိုက်ပျိုးရေးစနစ်အတွင်းသို့ ပြုပြင်ထားသော သီးနှံရောဂါတစ်မျိုးကို တင်သွင်းသယ်ဆောင်လာလျှင် သေနတ်ကျည်ဖြင့် တစ်ချက်ပင် မပစ်ရဘဲ ထိုနိုင်ငံ၏ ရေရှည်ပျက်စီးမှုကို ဖြစ်စေသည်။
တရုတ်နှင့်ပတ်သက်သည့် သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် ယုံကြည်မှု ပျက်ပြားစေသည့် ကြီးမားသော ပြဿနာလည်း ရှိသေးသည်။ အမေရိကန်နှင့် တရုတ်တို့ကြား တင်းမာမှုများအရ တရုတ်သည် အမေရိကန် ပညာရေးနယ်ပယ်များအတွင်းသို့ စိမ့်ဝင်လာသည်။ အမေရိကန်နှင့် တရုတ် ယှဉ်ပြိုင်မှုတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများသည် မိမိတို့ကိုယ်မိမိ တရုတ် စမ်းသပ်ခံများအဖြစ် လမ်းဖွင့်ပေးခြင်းများ ရှိလာသည်။
အနောက်တိုင်းဓာတ်ခွဲခန်းများရှိ တရုတ်သုတေသီများ အပေါ် သံသယများ တိုးလာခြင်းသည် တရုတ်ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ် ဖယ်ကျဉ်မှုများ ဖြစ်စေနိုင်သည်။ တုံ့ပြန်မှုအနေဖြင့် တရုတ်သည် ကျင့်ဝတ်ဆိုင်ရာ သို့မဟုတ် ပွင့်လင်းမြင်သာမှုရှိစရာမလိုသော အလေ့အကျင့်များနှင့် ကိုက်ညီမည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၎င်းတို့၏ ဇီ၀ ပိုးမွေးမှု သုတေသန လုပ်ငန်းများ လုပ်ကိုင်ရန် အစားထိုးရှာဖွေလာလျှင် အလုံးစုံအန္တရာယ်ကျနိုင်သည့် အနေအထားပင်ဖြစ်သည်။
ဇီ၀လုံခြုံရေး အုပ်ချုပ်မှုအဖွဲ့များအတွက် သင်ခန်းစာများ
အမေရိကန်မှာပင် တရုတ်နိုင်ငံသားများပါဝင်သည့် ဇီ၀ ပိုးမွှားတင်သွင်းမှုများ သံသယဖြစ်ဖွယ် အနေ အထားဖြင့် ဖြစ်တည်လာခြင်းက တစ်ကမ္ဘာလုံးရှိနိုင်ငံအားလုံး နိုးထကြရန် လှုပ်နှိုးလိုက်ခြင်းလည်း ဖြစ်သည်။ သို့သော် အထူးသဖြင့် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများ၌ စည်းမျဉ်းဥပဒေ ယန္တရားသည် ၂၁ ရာစု ပထဝီနိုင်ငံရေးအပေါ် ပိုမို ဦးစားပေးနေရသောအခြေအနေ ရှိနေသည့်အတွက် နိုင်ငံရေးအကျိုး အမြတ် အတွက် သိပ္ပံနည်းကျ ကျင့်ထုံးကောင်းများကို မျက်ကွယ်ပြုနှောင့်ယှက်နေသော တရုတ် အန္တရာယ်က စိုးရိမ်စရာဖြစ်နေသည်။ ထို့ကြောင့်ပင် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဇီ၀ပစ္စည်းများ တင်သွင်းခံရမှုများ၌ အကောက်ခွန်ဆိုင်ရာ တာဝန်ရှိသူများ အန္တရာယ်ကြီးမကြီး သိရှိစေရေး လေ့ကျင့်မှုသင်တန်များကို ပိုမို အဆင့်မြှင့်တင်ရန် လိုအပ်နေသည်။ နိုင်ငံ အမျိုးသား ပိုးမွှားဆိုင်ရာ မှတ်ပုံတင်ခြင်း ယန္တရားတွင် အသိ ပညာများ ထွန်းကားသိရှိနိုင်ရေး ရင်းနှီးမြှုပ်နှံပေးရမည်ဖြစ်သည်။ ဇီ၀ လုံခြုံရေး ခြိမ်းခြောက်မှု ရှိမရှိကို စမ်းသပ်သိရှိစေနိုင်မည့် စောင့်ကြည့် ကိရိယာများအား စိုက်ပျိုးရေးနှင့် ကျန်းမာရေးနယ်ပယ်တွင် တွင် ကျယ်စွာ အသုံးပြုနိုင်ရန် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရမည်ဖြစ်သည်။ အာဖရိက သမဂ္ဂ၊ အာဆီယံ ကဲ့သို့သော ဒေသဆိုင်ရာ အဖွဲ့အစည်းများက နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမည့် ဇီ၀ပိုး များအား သိရှိစေနိုင်သော ကြိုတင်သတိပေး စနစ်များကို ဦးဆောင် ထူထောင်ပေးထားရန် လိုအပ်သည်။
နောက်ဆုံး ပေါ်ထွက်လာသည့် အထက်ဖော်ပြပါ တရုတ်ဆက်စပ် အမှုအခင်းများသည် ကြီးမားလှ သော ဇီ၀လက်နက် ပရိုဂရမ်များ ဖြစ်ချင်မှ ဖြစ်မည်။ သို့သော် ထိုဖြစ်စဉ်များက လက်ရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ အားနည်းသော စနစ်များရှိနေခြင်းအပေါ် တရုတ်အစိုးရက ပထဝီနိုင်ငံရေးအရ ခြယ်လှယ် မှု၊ ဂရုမစိုက်မှုများဖြင့် အလွဲသုံးစား လုပ်နေ၊ လုပ်နိုင်သည်ဆိုခြင်းကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မကြာခဏဆိုသလို ဇီ၀လုံခြုံရေးစနစ်များနှင့် စိုက်ပျိုးရေးဆိုင်ရာ မှီခိုနေရမှုများကြား ရုန်းကန်နေရသဖြင့် ဖော်ပြပါ အန္တရာယ် အချက်ပေးသံများအား ဖော်ထုတ်သိရှိနိုင် ရေး မတတ်စွမ်းသည့်အခြေအနေများဖြင့်သာ ငုံ့ခံနေရသည်။ ပြည်ပရှိ ဓာတ်ခွဲခန်းများတွင် အန္တရာယ် ဇီ၀ မှိုပိုးတစ်မျိုးကို ချဲ့တွင် စိုက်ပျိုးမည်၊ ထိုပိုးများသည် လေဆိပ်အကောက်ခွန်ဌာနများကို ကျော်လွန်ဖြတ်သန်းနိုင်ခြင်း သို့မဟုတ် စည်ကမ်းမရှိ၊ ကျင့်ဝတ်မသိသော ပညာရေးဖလှယ်မှု ရပ်ဝန်း များသို့ ရောက်ရှိပျံ့နှံ့ခဲ့သော် ဆိုးရွားလွန်းသော အကျိုးဆက်များကို ခံစားကြရမည်ဖြစ်သည်။ အာဏာတစ်ခုပြန်တည်ဆောက်နိုင်ရေး ဘာမဆိုလုပ်မည့် အုပ်စိုးသူများ၏ ခြိမ်းခြောက်မှုများ များသထက်များလာနေပြီဖြစ်သောကြောင့် အားလုံး နိုးနိုးကြားကြား ရှိကြရမည်။ ရင်းနှီးမြှုပ်နှံမှု အသစ်များဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းများကသာ ဇီ၀လုံခြုံရေး ခေတ်သစ်ရည်မှန်းချက်၏ အခြေခံအုတ်မြစ်များ ဖြစ်လာပေမည်။
#MeKongNews








