~ လင်းမောင် ~
တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းစီမံကိန်းကြီးသည် စီးနင်းသူနည်းပါး၊ မဆင်မချင် ချဲ့တွင်၊ ငွေးရေးကြေးရေး နှေးကွေးစွာစီးဆင်းခြင်နှင့်အတူ ကြွေးမြီဧရာမမြင့်တက်ပြီး စီးပွားရေးရှင်သန်နိုင်စွမ်းအတွက် မေးခွန်းထုတ်စရာ များစွာ ရှိလာခဲ့ပြီဖြစ်သည်။ တရုတ်အစိုးရမီးရထားအုပ်စု (China State Railway Group/CSRG) ၏ မအောင် မြင်သော အမြန်ရထားလမ်းစီမံကိန်းကြီးကြောင့် အကြွေးမှသည် ပိုင်ဆိုင်မှု အချိုးမှာ ၆၃ . ၈ ရာခိုင်နှုန်းသာ ရှိနေပြီး အောင်မြင်တဲ့ အချိုး ၅၀ ရာခိုင်နှုန်းရောက်ရှိရေးမှာမူ များစွာ လိုအပ်နေသေးသည်။ လိုတာထက် များစွာ ပိုလွန်သော ရည်မှန်းချက်ပစ်မှတ်အဖြစ် တရုတ်အစိုးရသည် ကီလိုမီတာ ၇၀၀၀၀ ရှည်လျှားသော အမြန်ရထား လမ်းကွန်ရက်ကြီးကို အကောင်အထည်ဖော်ခဲ့ရာမှ များစွာသော ဘဏ္ဍာငွေများ ရင်းနှီးမြှုပ်နှံခဲ့ရပြီး ရေရှည်တည် တံစွဲကျန်ရစ်မည့် ကြွေးမြီများစွာကို တင်ရှိစေခဲ့ခြင်းဖြစ်သည်။
အမြန်လမ်း စီမံဖော်ဆောင်သော CSRG ၏ အော်ပရေးရှင်းစားရိတ်များကြောင့် ကြွေးမြီတင်ရှိမှုသည် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ နီးပါး ရှိခဲ့ပြီဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ ၂၀၃၅ ခုနှစ်အတွင် ကီလိုမီတာ ၇၀၀၀၀ ရှည်လျှားသော အဆိုပါ အမြန်ရထားလမ်းစီမံကိန်းကို အပြီးတည်ဆောက်ရန် ရည်ရွယ် ထားသဖြင့် ရှီကျင်ဖျင် အစိုးရသည်လည်း ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံနေရသည်။ ရှီကျင်းဖျင်၏ စီးပွားရေး မော်ဒယ်များထဲတွင် အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံခြင်းများကို ပိုမို အားစိုက်လုပ်ဆောင်စေရာမှာ ယခု ပြဿနာကြီး စတင်လာခဲ့ရခြင်းလည်းဖြစ်သည်။ အဆိုပါ စီမံကိန်းအောင်မြင်လျှင် သူသာမက တရုတ်ကွန်မြူနစ်ပါတီ၏ ဩဇာအာဏာသည်လည်း ပိုမို ခိုင်မြဲအဓွန့်ရှည်စေမည်ဟု မျှော်လင့်ခဲ့ပုံရသည်။ သို့သော် မဆင်မခြင် ချဲ့တွင်မှုဖြစ်သောကြောင့် အလွန်အကုန်အကျများပြီး ကြွေးမြီများ တောင်လို မြင့်မားလာရ ခြင်းဖြစ်သည်။
ဘေဂျင်း Jiaotong တက္ကသိုလ်မှ ပညာရှင် Zhao Jian ဆိုသူက ၂၀၁၉ ခုနှစ်ကတည်းက အဆိုပါ အမြန်ရထား လမ်းစီးမံကိန်းကြီးသည် လူမစည်ကားသော နေရာများစွာကို ဖြတ်သန်းဖောက်လုပ်ခြင်းတွင် ကုန်ကျားစားရိတ် များလွန်းခြင်းနှင့် အကျိုးဖြစ်ထွန်းမှုနှင့်မကာမိနိုင်သော ဘဏ္ဍာရေး မြှုပ်နှံမှုကို ဖြစ်တည်စေမည်ဟု ဝေဖန်ခဲ့သေး သည်။ ‘’ ကမ္ဘာ့အကြီးမားဆုံး အမြန်ရထားလမ်းကွန်ရက်ဖောက်လုပ်မှုဟာ လူဦးရေ သိပ်သည်းမှုနှုန်း နည်းပါး လွန်းတဲ့ဒေသများစွာကို ဖြတ်သန်းသွားရခြင်းဟာ ငွေကြေးအန္တရာယ်ကြီးကြီးမားများ ကျရောက်နိုင်တာကို သိသိ ကြီးနဲ့ မျက်စိစုံမှိတ် ချမှတ်လိုက်တဲ့ စီမံကိန်းပဲ” ဟု Zhao Jian က ဆိုသည်။ အဆိုပါ စီမံကိန်းကြောင့် တရုတ် မီးရထားကော်ပိုရေးရှင်းတွင် ကြီးမားသော ကြွေးမြီတည်ရှိနေစေပြီဖြစ်သည်။ ဒေသန္တရ အစိုးရအဖွဲ့များသည် လည်း မိမိနှင့်သက်ဆိုင်ရာ အမြန်ရထားလမ်းပိုင်းများ တည်ဆောက်မှုတွင် ငွေကြေးရင်းနှီးမှုများစွာ ထည့်ဝင် တည်ဆောက်ရသည့်အတွက် ၎င်းတို့တွင်လည်း ကြွေးမြီမြင့်တက်ခြင်းက နိုင်ငံ စီးပွားရေးကို ခြောက်လှန့်မှု တစ်ခုလည်း ဖြစ်လာသည်ဟု Zhao Jian က နောက်ဆက်တွဲ ဒုက္ခများကို ရှင်းလင်းပြောဆိုခဲ့သည်။
ဟောင်ကောင်အခြေစိုက် စီးပွားရေးသမားလည်းဖြစ် စာရေးဆရာလည်းဖြစ်သော Desmond Shum ကလည်း အမြန်မီးရထားလမ်းဖောက်လုပ်ခြင်းကြောင့် လမ်းကြောင်းတစ်လျှောက် မြေယာပိုင်ဆိုင်ထားသူများအတွက် မြေရောင်းရန် ငွေပေးဝယ်ယူခြင်းကို ဒေသန္တရ အစိုးရအဖွဲ့များက စိုက်ထည့်ရသည်။ ထိုမြေဝယ်မှုများမှ အကျိုး အမြတ်များစွာ ပြန်ရနိုင်မည်ဟု ကနဦးမျှော်မှန်းထားခြင်းသည်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်၊ခြံ၊ မြေ စီးပွားရေးကဏ္ဍကြီးတစ်ခုလုံး စီးပွားပျက်ကပ်ဆိုက်သွားခြင်းကြောင့် မဟာဗျူဟာကျကျ မျှော်မှန်းထားမှု သည် လားရာပြောင်းပြန်ဖြစ်စေပြီး ဒေသန္တရအစိုးရများကို ကြွေးမြီများစွာ တင်ရှိသွားစေသည်။ အမြန်ရထား လမ်းပိုင်းများမှ ပြန်လည်ရရှိနိုင်မည်ဟု ခန့်မှန်းထားသော အကျိုးအမြတ်များမှာလည်း စီးနင်းလိုက်ပါသူ နည်းပါး လွန်းခြင်းကြောင့် မှန်းချက်နှင့် နှိမ်းထွက် မကိုက်ဘဲ အခက်အခဲများစွာကို ဖြစ်တည်စေခဲ့သည်ဟု Desmond Shum က ရေးသားဝေဖန်ခဲ့သည်။
Zhao Jian က လတ်ရှိစီမံကိန်းကာလမှာပင် ကြွေးမြီ ဒေါ်လာ ၁ ထရီလီယံ အမှန်တကယ်ရှိလာခြင်းသည် နိုင်ငံ၏ စီးပွားရေးကျဆင်နေခြင်းနှင့် အိမ်၊ခြံ၊ မြေ ကဏ္ဍပြိုလဲသွားခြင်းနောက်ဆက်တွဲ ဂယက်ကြောင့် ဒေသန္တရ အစိုးရများနှင့် ပူးပေါင်းဖော်ဆောင်သော အမြန်ရထားလမ်းစီမံကိန်းမှ ဝင်ငွေပြန်ရရေးမျှော်မှန်းချက်ကိုလည်း ပြည့်၀စွာ မျှော်လင့်နိုင်တော့မည်မဟုတ်ကြောင်း သတိပေးထောက်ပြသည်။ စီမံကိန်းကုန်ကျစားရိတ် သုံးစွဲရသည့်အဆင့်မှာပင် ဒေသန္တရအစိုးရများ ကြွေမြီထိုမျှ တင်ရှိခြင်းသည် အန္တရာယ်အချက်ပေးခေါင်းလောင်း သံကို မြည်စေပြီဖြစ်ရာ တစ်ဝက်တစ်ပျက်သာပြီးသေပြီး ရပ်ဆိုင်းလိုက်ရသော အမြန်ရထားလမ်းပိုင်းလုပ်ငန်း များစွာလည်း ရှိလာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။ စီးပွားရေးဖော်ဆောင်မှု အဆင့်သတ်မှတ်ရေးအဖွဲ့ S&P Global အေဂျင်စီက တစ်ဝက်တစ်ပျက် ရပ်နားထားရသော လမ်းပိုင်းများနှင့် စံချိန်မီ တည်ဆောက်ရေးစံနှုန်းများသည် ဘဏ္ဍာရေးအခြေအနေကို ပိုပြီး ဆိုးရွားစေလိမ့်မည်ဟု တရုတ်အစိုးရ၏ မဟာစီမံကိန်းကြီးအပေါ် ဝေဖန် ထောက်ပြခဲ့သည်။
တရုတ် အမြန်ရထားလမ်းကြီးစီမံကိန်းသည် ကြိုတင်စိတ်ကူးစဉ်ကာလက စီးပွားရေးတိုးတက်မှုအတွက် အလွန် အထောက်အကူပြုနိုင်မည့် စီမံကိန်းဟု ယူဆခဲ့ကြသော်လည်း ယခုတွင်မူ ကြွေးမြီကပ်ဆိုက်သည့် ဘ၀သို့ ရောက်ရှိနေစေခဲ့ပြီဟု ဗာဂျီးနီးယားအခြေစိုက် Alliance for Innovation and Infrastructure အဖွဲ့မှ သုံးသပ် ခဲ့သည်။ တရုတ်အစိုးရက ကမ္ဘာ့အကြီးမားဆုံး အမြန်ရထားလမ်းကြီးကို အလျှင်အမြန်ပြီးစီးရန် အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်သော်လည်း အများစုသော လမ်းပိုင်းများတွင် လူနေမှု သိပ်သည်းဆနည်းခြင်းကြောင့် အမြန်ရထားစီးသူ နည်းပါးလွန်းပြီး အရှုံးပေါ်နေခြင်းဖြစ်ကြောင်း၊ မြို့ကြီးများ အချင်းချင်း ဆက်သွယ်ဖောက် လုပ်ထားသော အမြန်ရထားလမ်းပိုင်းတချို့တွင်သာ အကျိုးအမြတ်ရရှိကြောင်း၊ ကျေးလက်၊ နယ်ဝေး ဒေသ လမ်းပိုင်းများတွင် လူများအသုံးပြုမှု မရှိသလောက်နည်းပါးခြင်းက ဒေသန္တရ အစိုးရအဖွဲ့များစွာကို ကြွေးမြီ ပိစေ ခဲ့ပြီဖြစ်ကြောင်း သုံးသပ်သွားခဲ့သည်။
သုတေသနာပညာရှင်များနှင့် လေ့လာသူများက တရုတ်အစိုးရ၏ အမြန်ရထားလမ်းကွန်ရက် စီမံကိန်းသည် ရင်းနှီးခဲ့ရသလောက် ဆုံးရှုံးမှုများကို ပြန်လည် ရရှိနိုင်ရန်မှာလည်း မသေချာကြောင်း၊ အစိုးရသည် စီးနင်းလိုက်ပါ သူ နည်းပါးပြီး တိုးတက်လာမှုလည်း မရှိသည့်ကြားမှ ရထားလမ်းကွန်ရက်ကို ဆက်လက် တိုးချဲ့ဖောက်လုပ်နေ ရဆဲဖြစ်ရာ ကြွေးမြီပိုတိုးလာရန်သာ ရှိသည်ဟု တစ်ထစ်ချ မှတ်ယူထားကြသည်။ Wall Street Journal (WSJ) မှ တရုတ်ရေးရာ သတင်းစာဆရာ Brian Spegele ကလည်း နောက်လာမည့် ဆယ်စုနှစ် ၃ ခုတာ ကာလအတွင်း ယနေ့ တရုတ်နိုင်ငံ၏ လူဦးရေ ကျုံ့နေမှု နှုန်းအရ လူပေါင်း သန်း ၂၀၀ ထပ်မံ လျော့နည်းသွားဦးမည်ဖြစ်ရာ ရထားစီးခရီးသည် တိုးလာစရာမရှိသည့်ကြားမှ ပေကျင်းအစိုးရ၏ ရထားလမ်း အခြေခံအဆောက်အအုံများ ဆက်လက် တည်ဆောက်နေရမှုက အန္တရာယ်ကြီးသော စွန့်စားမှုဟု သုံးသပ်ရေးသားခဲ့သည်။
တရုတ်-အမေရိကန် စီးပွားရေးပညာရှင် Davy Huang ကလည်း ရှည်လျှားလွန်းသော အမြန်ရထားလမ်းစီမံ ကိန်းတွင် ပြင်ဆင်ထိန်းသိမ်းခြင်း စားရိတ်ကလည်း များစွာ ကုန်ကျနိုင်မည်။ လမ်းပိုင်းများစွာမှာ အသုံးမပြုရ သော်လည်း ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုမူ ရပ်ထားမရနိုင်ကြောင်း၊ ထိုအခြေအနေက ကြွေးမြီကို ပိုတိုးလာစေဖို့သာရှိကြောင်း၊ အိမ်၊ခြံ၊မြေ ကဏ္ဍလဲပြိုခြင်း၊ ဒေသန္တရအစိုးရအဖွဲ့များ ကြွေးမြီပိနေခြင်း၊ နိုင်ငံ၏ အလုံးစုံသော စီးပွားရေးကျဆင်းနေခြင်းများကြားမှ ယခုလို မအောင်မြင်သော၊ ရထားလက်မှတ်ခ ဝင်ငွေ ကာမိနိုင်ခြင်းမရှိသော အခြေခံအဆောက်အအုံများစွားကို တည်ဆောက်နေခြင်းက တရုတ်စီးပွားရေးလောက ကြီးကို ပိုမိုကျဆင်းစေရန် အဆင်းဘီးတပ်ပေးရာရောက်ကြောင်း၊ အမြန်ရထားများသည် ဆက်လက်ပြေးဆွဲနေ ရမည်သာဖြစ်ပြီး ဝင်ငွေများက ကာမိခြင်းမရှိ၊ ရင်းနှီးမြှုပ်နှံထားရမှုပမာဏကလည်း အလွန်ကြီးမားခြင်းကြောင့် တရုတ်အစိုးရ၏ မျှော်လင့်ချက် ဆပ်ပြာပူဖေါင်းများသည် နိမ့်ဆင်းပျံဝဲရာမှ ပေါက်ကုန်ကြပြီဖြစ်ကြောင်း ဝေဖန် ထောက်ပြသွားခဲ့သည်။
#MeKongNews








