~ လင်းမောင် ~
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ များစွာသော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေအကြား ပြည်တွင်းစစ် ဖြစ်ပွားနေမှုဟာ ခါးပတ်လမ်းစီမံကိန်းရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ တရုတ်အတွက် ပြဿနာအသစ်တွေ ထပ်မံ ဖြစ်ပေါ်လာရပါပြီ။ ပေကျင်းအစိုးရရဲ့ မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်း ပြီး ပူးတွဲလုံခြုံရေးကုမ္ပဏီ ထူထောင်လို့ မြန်မာနိုင်ငံထဲက သူတို့အကျိုးစီးပွားကို ကာကွယ်နိုင်ရေး အဆိုပြုမှုဟာ မြန်မာ့အချုပ်အခြာအာဏာပိုင်မှုကို ကျူးကျော်ချနင်းတာဖြစ်လို့ မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်မှုကိုလည်း ခံနေ ရပါပြီ။
၂၀၂၁ ခုနစ်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတော့ တစ်ကမ္ဘာလုံးက စစ်ကောင်စီအပေါ် ပစ်ပယ်၊ ပိတ်ဆို့ အရေး ယူမှုတွေ လုပ်ချိန် တရုတ်ကတော့ စစ်ကောင်စီကို ထောက်ခံအားပေးပြီး မြန်မာနိုင်ငံထဲ ခြေကုပ်ယူနိုင်ဖို့ကို မဟာဗျူဟာချမှတ် လုပ်ဆောင်နေခဲ့တယ်။ အခုလည်း တရုတ်ဟာ စစ်ကောင်စီနဲ့ ပူးတွဲလုံခြုံရေးအဖွဲ့ ထူထောင် ဖို့ စီစဉ်နေခြင်းဟာ မြန်မာပြည်သူအားလုံးရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက် ရပ်တည်မှုဖြစ်လို့ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ခုခံတွန်းလှန်မှုတွေကိုလည်း မြင်တွေ့ရပါတော့မယ်။ တရုတ်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လုံခြုံရေးကုမ္ပဏီလို့ အကြောင်းပြပြီး မြန်မာနိုင်ငံထဲ ရောက်လာတော့မယ်ဆိုတဲ့ အကြောင်းတွေနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ ဆန့် ကျင်ကန့်ကွက်မှုတွေကို မမြင်ချင်အဆုံး မြင်တွေ့နေရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက တရုတ်ဟာ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တပ်မှူး ပန်ဒါဇန် (Peng Daxun) ကို ယူနန်ပြည်နယ် ကူမင်းမြို့ နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးလိုက်ပြီး ယူနန် ကနေ မြန်မာနိုင်ငံထဲ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေစီးဆင်းရာ လားရှိုးမြို့ကို သိမ်းပိုက်ထားရာက တပ်ပြန်ဆုတ်ပြီး စစ်ကောင်စီလက်ထဲ ပြန်အပ်ဖို့ ဖိအားပေးအကျပ်ကိုင်လာတယ်။ ဒီအခြေအနေမှာပဲ မန္တလေးမြို့က တရုတ် ကောင်စစ်ဝန်ရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပါတယ်။
မြန်မာနိုင်ငံအနောက်ဘက် ကမ်းခြေ ရခိုင်ပြည်နယ် ကျောက်ဖြူမှာ တရုတ်ဟာ ဆိပ်ကမ်းတစ်ခု တည်ဆောက် နေပါတယ်။ ဒီကနေ ယူနန်အထိ ရထားလမ်း၊ ရေနံနဲ့ သဘာ၀ဓာတ်ငွေ အမြွာပိုက်လိုင်း ၂ လိုင်း ဆက်သွယ် ပေးပို့ ဖို့လည်း အဆိုတင်သွင်းထားတယ်။ ဒါပေမဲ့ ရခိုင်တပ်မတော် (AA) က ရခိုင်ပြည်နယ် နေရာအများစုကို သိမ်းပိုက် နိုင်ခဲ့ရာမှာ ကျောက်ဖြူအနီးတစ်ဝိုက်ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နိုဝင်ဘာလကတည်းကစလို့ ပုဂ္ဂလိက ဘဏ်အားလုံး ပိတ်သိမ်းရပြီး ငွေကြေး စီးဆင်းမှုတွေလည်း ရပ်တန့်ကုန်တယ်။
မြန်မာ မီဒီယာတစ်ခုဖြစ်တဲ့ Mizzima က နိုဝင်ဘာလဆန်းပိုင်းကတည်းက တရုတ်နဲ့ မြန်မာစစ်ကောင်စီဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ ပူးတွဲလုံခြုံရေးကုမ္ပဏီ ဖွဲ့စည်းလို့ တရုတ်လက်နက်ကိုင်နဲ့ နည်းပညာရှင်တွေပါတဲ့အဖွဲ့နဲ့ အကာအကွယ်ပေးတော့မယ်လို့ ဖော်ပြခဲ့ပါတယ်။
မြန်မာပြည်တွင်းစစ်မှာ စစ်ကောင်စီကို တိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စစ်ကိုင်းက တရုတ် ကြေးနီ ထုတ်လုပ်ရေးစက်ရုံကို သိမ်းပိုက်လိုက်သလို မန္တလေးက တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ ဘိလပ်မြေစက်ရုံကိုလည်း ထိန်းချုပ်ထားလိုက်ကြပါပြီ။ တရုတ်ရဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေပိုက်လိုင်းတွေကို မြန်မာစစ်ကောင်စီတပ်တွေက လုံခြုံရေးယူပေးထားတဲ့ နေရာတွေဟာလည်း တော်လှန်အင်အားစုရဲ့ မကြာခဏ တိုက်ခိုက်ခြင်းခံနေကြရပါတယ်။
ဩဂုတ်လကတည်းက တရုတ်ဟာ မြန်မာစစ်ကောင်စီကို မြူဆွယ်တဲ့ ပူးတွဲ လုံခြုံရေးကုမ္ပဏီ ကိစ္စ တင်ပြထား တာဖြစ်ပါတယ်။ ဒီ ပူးတွဲလုံခြုံရေးကုမ္ပဏီကိစ္စမှာ တရုတ် စက်ရုံတွေ၊ စီမံကိန်းတွေကို အကာအကွယ်ပေးဖို့ရည်ရွယ်တယ်ဆိုပေမယ့် နောက်ဖေးတံခါးပေါက်ကနေ တရုတ်ဘက်က ဝင်ရောက်လာမယ့် စစ်ရေးစွက်ဖက်နိုင်မှု ပမာဏက လိုတာထက်ပိုများနေဖို့ပဲ ရှိနေတယ်။ ဒီသက်ရောက်မှုအရ တရုတ်စစ်သားတွေ ဟာ တရုတ်လွတ်မြောက်ရေးတပ်မတော်ဝတ်စုံ ဝင်ဆင်မှာမဟုတ်ဘဲ မြန်မာနိုင်ငံထဲကို စစ်ပွဲပုံသဏ္ဍန် လက်နက် အင်အားစုပုံသိုလှောင်မှု၊ လက်နက်ကိုင်မှု၊ တိုင်းရင်းသား တပ်တွေကို ခေါ်ယူနိုင်စွမ်းရှိမှုတွေနဲ့ပါ ဝင်ရောက်လာ တော့မှာဖြစ်ပါတယ်။
ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာပိုင်ဆိုင်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လိုက်တာ တစ်ခု တည်းမဟုတ်တော့ဘဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းအစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက်ပါ စိုးရိမ်ပူပန်စရာ အရေးဖြစ်လာပါတယ်။ တရုတ်စစ်တပ်တွေဟာ ဒီနိုင်ငံတွေရဲ့ နယ်စပ်ဧရိယာတွေတစ်လျှောက် တိုးမြင့် ခြေကုပ် ယူတဲ့ ပုံစံ ဖြစ်လာတာကြောင့်ပါ။ အိန္ဒိယဟာလည်း တရုတ်တပ်တွေ စေလွှတ်ပေးထားမယ့် ရခိုင်ပြည်နယ်ထဲ မှာ ကလန်တန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကြီး တည်ဆောက်နေတာပါ။
မြန်မာစစ်ကောင်စီဟာ လက်ရှိမှာ ပူးတွဲလုံခြုံရေးကုမ္ပဏီ ထူထောင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းထား ပြီး MOU လက်မှတ် ထိုးဖို့ စီစဉ်နေပါပြီ။ အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျုက ဂျေဆင်တာဝါကတော့ ဒီ အကြောင်းနဲ့ပတ်သက်ပြီး Irrawaddy မီဒီယာကို ပြောရာမှာ တရုတ်ဟာ မြန်မာစစ်ကောင်စီကိုတောင် မမှီခို တော့ဘဲ မြန်မာနိုင်ငံထဲမှာ ပထဝီဝင်ဗျူဟာ ရင်းနှီးမြှုပ်နှံမှုတွေကို ကိုယ်တိုင် အလုံးစုံ ထိန်းချုပ်လိုနေပြီး တိုက်ရိုက် လုံခြုံရေးစနစ်ကို ခြေကုပ်ယူတည်ဆောက်ချင်နေတာဖြစ်တယ်လို့ ဆိုခဲ့တယ်။ ဒါဟာ ဘာနဲ့တူလဲ ဆိုတော့ ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ် မြစ်ဆုံမှာ ရေးအားလျှပ်စစ်ထုတ် ဆည်ကြီးတည်ဆောက်ရေးအတွက် ကိုယ်ပိုင်လုံခြုံရေးစနစ် island of security တည်ဆောက်တာမျိုးနဲ့ အသွင်သဏ္ဍန် တူကြောင်း၊ စီမံကိန်းနယ်မြေ ပတ်ချာလည်ဒေသတွေကိုပါ တရုတ်လုံခြုံရေးတပ်တွေတိုက်ရိုက် ထိန်းချုပ်တာမျိုးတွေ ပါဝင်လာမှာဖြစ်တယ် လို့ ဂျေဆင်တာဝါက သုံးသပ်သွားတယ်။
မြန်မာစစ်ကောင်စီပဲ ခြယ်လှယ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကိုက ကိုယ့်မြေပေါ်ကို ပြည်ပက လက်နက်ကိုင် စစ်တပ်ခေါ်ဆောင်ထားခွင့်မရှိလို့ အခိုင်အမာ ပြဌာန်းထားပြီးသားပါ။ ဒါကြောင့် တရုတ် လုံခြုံရေး ကုမ္ပဏီဆိုတဲ့နာမအသုံးပြုပြီး ပူးပေါင်းအဖွဲ့လုပ်ခြင်းဟာ မလိမ့်တစ်ပတ် လူလည်ကျခြင်း တစ်နည်းအားဖြင့် မြန်မာ့အချုပ်အခြာအာဏာပိုင်မြေပေါ် တရုတ်စစ်တပ်ဝင်ရောက်လာမှုအတွက် အသံတိုးနိုင်စေဖို့ ကြံစည်နေကြ တာမျိုးပဲ ဖြစ်ပါတယ်။ ပူးတွဲလုံခြုံရေးကုမ္ပဏီဆိုကတည်းက မြန်မာနိုင်ငံသား (စစ်ကောင်စီခန့် လက်နက်ကိုင်တွေ) နဲ့ ပူးပေါင်းထားတဲ့ တရုတ်စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ မြန်မာ့မြေပေါ် ခြေချခွင့်ပြုခြင်းသာ ဖြစ်လို့ တရုတ်ဘက်က ဒါကို ငြင်းပယ်နိုင်ဖို့ စီစဉ်နေတာမျိုးပါပဲ။
တရုတ်ဟာ အရင်ကတည်းက မြန်မာစစ်ကောင်စီရဲ့ ပြည်သူအပေါ် ဖိနှိပ်အုပ်ချုပ်မှုစနစ်မှာ ပါဝင်ကူညီပေးနေပြီး စစ်ရေးထောက်ပံ့မှုတွေ၊ ဘဏ္ဍာရေးတည်ငြိမ်စေဖို့ထောက်ပံ့မှုတွေ လုပ်ပေးနေခဲ့တာဖြစ်တယ်။ လက်နက်တွေ၊ လေယာဉ်တွေပါ စစ်ကောင်စီကို ထောက်ပံ့ခဲ့ပေမယ့် နောက်ဆုံးမှာတော့ စစ်ကောင်စီဟာ မျက်မှောင် မြန်မာ နိုင်ငံအတွင်းက သူ့အကျိုးစီးပွားတွေ၊ သူ့လူမျိုးတွေကို ကာကွယ်ပေးနိုင်စွမ်းမရှိတော့တာကို သိသွားလို့လည်း အခုလို လုံခြုံရေးကုမ္ပဏီဆိုတာ အကြောင်းပြပြီး မြန်မာနိုင်ငံထဲ လက်နက်ကိုင်တပ်တွေ ဝင်ရောက်လာနိုင်ဖို့ စီစဉ်နေခြင်းပဲ ဖြစ်ပါတယ်။
တရုတ်ဟာ ဒီလိုလုံခြုံရေးဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီ ၄ ခုကို မြန်မာနိုင်ငံထဲမှာ အရင်ကတည်းက စေလွှတ်ထားရှိ ပြီး သူတို့စီမံကိန်းတွေအတွက် မဟာဗျူဟာကျတဲ့နေရာတွေမှာ လုံခြုံရေးပေးထားပါတယ်။ စီမံကိန်းအခြေခံ အဆောက်အအုံတွေ၊ တရုတ်လူမျိုးတွေနဲ့ ခါးပတ်လမ်းစီမံကိန်းနဲ့ ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ လုံခြုံရေးပေးထားတာဖြစ်ပါတယ်။
ဒါပေမဲ့ အခု စစ်ကောင်စီနဲ့ ပူးတွဲ လုံခြုံရေးကုမ္ပဏီထူထောင်ဖို့ အဆိုပြုလိုက်တာကတော့ လုံး၀ အရင်ကနဲ့ မတူ တဲ့ အစီအစဉ်အသစ်သာဖြစ်ပါတယ်။ ဒီကုမ္ပဏီကြောင့် တရုတ်ဟာ စစ်အာဏာရှင်ဆီ လက်နက်တင်ပို့ခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်းတွေမှာ ပိုပြီးလွယ်ကူချောမွေ့သွားစေမယ်။မြန်မာစစ်ကောင်စီရဲ့ အစုရှယ်ယာတွေလည်း ပါ၀င်နေမှာဖြစ်လို့ ကုမ္ပဏီသစ်ဟာ ကန့်သတ်ချက်မရှိသလောက်နဲ့ လည်ပတ်မှာ ဖြစ်တယ်။လက်နက်ကိုင် ရာထူး၊ ရာခံ တပ်ဖွဲ့ဝင် အများအပြား သွပ်သွင်းနိုင်မယ်။ ဒီကနေ စစ်ဘက်ဆိုင်ရာ အခန်းကဏ္ဍမှာ စစ်ကောင်စီဘက်က ပိုမိုရပ်တည်ပေးနိုင်ပြီး ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို တိုက်ခိုက်ရာမှာတောင် တက်ကြွတဲ့ အခန်းကဏ္ဍကနေ တရုတ်တပ်တွေ ပါဝင်လာနိုင်မှာပါ။
တရုတ်ကွန်မြူနစ်ပါတီရဲ့ လမ်းစဉ်ကိုက နိုင်ငံရေးမတည်ငြိမ်တဲ့ နိုင်ငံတွေမှာ အစိုးရက အကာအကွယ်မပေး နိုင်တာကို အကြောင်းပြ၊ လောဘဇောတိုက်နေတဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကမ္ဘာအနှံ့တိုးချဲ့ပြီး စစ်ရေး အရပါ လွှမ်းမိုးမှုတွေ လုပ်နေကြဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုလည်း ဒီလို ကာလရှည်ကြာလွန်းတဲ့ ပြည်တွင်းစစ်မီးတောက်လောင်စေပြီး ဒီလိုမတည်ငြိမ်မှုတွေကို အကြောင်းပြလို့ မြန်မာနိုင်ငံဖြတ်မယ့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် (CMEC) ကနေ ပိုပြီး နွေးတဲ့ ရေရှိရာ အိန္ဒိယသမုဒ္ဒရာ ထွက်လမ်းကို ဖောက်လုပ်ဖို့ တည်ဆောက်နေတာပဲဖြစ်ပါတယ်။ CMEC စီမံကိန်းမှာ အဝေးပြေးကားလမ်းတွေ၊ စီးပွားရေးဇုန်တွေ၊ ရထား လမ်းတစ်လမ်း၊ ကူမင်းနဲ့ ဆက်သွယ်ထားတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတွေပါဝင်နေပြီး မြန်မာ အနောက်ဘက်ကမ်းခြေ ကျောက်ဖြူနဲ့ ယူနန်ပြည်နယ် ကူမင်း ချိတ်ဆက် စင်္ကြန်ကြီးကို တည်ဆောက် နေခြင်းမှာ အကွက်ရွှေ့နေခြင်းသာဖြစ်ပါတယ်။
BRI ခါးပတ်လမ်း ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရေးမှာ တရုတ်ဟာ ယုန်တောင်ပြေး ခွေးမြောက်လိုက်ဆိုသလို မြန်မာပြည်တွင်းက အတိုက်အခံ နှစ်ဖက်စလုံးဘက်ကို ကြည့်နေရပါပြီ။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက် တရုတ်ရဲ့ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံဆွေးနွေးမှုပိုင်းက ပိုပြီး နက်နဲလာရတာလည်း အမှန်ပါပဲ။ တရုတ်ရင်းနှီးထားတဲ့စီမံကိန်းအများစုက နယ်စပ်ဒေသတွေတစ်ကျောမှာဖြစ်ပြီး စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားရာ နယ်မြေတွေအတွင်း ရောက်ကုန်တယ်။ ဒါကြောင့် တရုတ်ဟာ အခါးအားလျှော်စွာ မြန်မာပြည်က စစ်ကောင်စီရဲ့ ရန်ဘက် လက်နက်ကိုင်အဖွဲ့တွေကို ကူညီမှုတွေ လည်း လုပ်ပေးလာတယ်။ ၂၀၂၃ မှာ စတင်တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အောင်ပွဲရစေဖို့ တရုတ်ဘက်က အလိုရှိတဲ့အတိုင်း နောက်ကွယ်က အကူအညီပေးခဲ့ပေမယ့် မြန်မာနိုင်ငံ အဓိက မြို့ကြီးတွေကို ထိန်းချုပ်ထားနိုင်သေးတဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးတံတားကိုလည်း ချိုးလိုက်လို့ မရသေးတဲ့ အနေအထား ရောက်နေပြန်တယ်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဟာ တရုတ်ဘက်က သိပ်မလိုလားတဲ့ ရှော့ခ်ဝင်သွားမှုပါ။ တရုတ် က မြန်မာနိုင်ငံမှာ BRI ခါးပတ်လမ်း စီမံကိန်းကြီး စတင်ချဲ့တွင်ဖို့ လုပ်ချိန်မှ သူတို့အကြံဟာလည်း ၀ရုန်းသုန်းကား ဖြစ်သွားရပါတယ်။ စစ်အာဏာသိမ်းပြီး မကြာခင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်တော်လှန်မှုတွေ ဖြစ်တည်လာပြီး သူတို့ရဲ့ မြန်မာနိုင်ငံထဲက အချီကြီး ရင်းနှီးမြှုပ်နှံထားမှုတွေ အပေါ် တိုက်ခိုက်ခံရမှုတွေပါ ရှိလာခြင်းဟာ တရုတ်ကို မြန်မာနိုင်ငံထဲ လက်နက်ကိုင် ဝင်ရောက်စွက်ဖက် စေဖို့ မလွှဲမရှောင်သာ ပါဝင်လာစေတာဖြစ်ပြီး မြန်မာ ပြည်တွင်းစစ်ကလည်း ပိုမို သက်တမ်းရှည်ကြာသွားဖို့သာ ရှိနေပါတော့တယ်။
#MeKongNews








