ကိုယ်တွေ့ အက်စေးကဏ္ဍ
မဲခေါင်ရဲ့ ကိုယ်တွေ့အက်စေးကဏ္ဍကို ဆရာမ နှင်းနှင်းကရေးသားထားပါတယ်။
ဆရာမနှင်းနှင်းဟာ စစ်ကောင်စီအာဏာမသိမ်းခင်ကာလက လက်ဘက်ရည်ဆိုင်ဖွင့်ပြီးဘဝကိုရိုးရှင်းစွာဖြတ်သန်းနေသူတစ်ယောက်ဖြစ်ပါတယ်။ အာဏာသိမ်းပြီးချိန်မှာ နိုင်ငံဝန်ထမ်းတချို့ CDM လုပ်ကြတဲ့အခါ CDM ဝန်ထမ်းတွေကို ထောက်ပံ့ရေးလုပ်ခဲ့ပါတယ်။ ဒါကို ပစ်မှုကျူးလွန်သူ လို့ ယူဆထားတဲ့ စစ််ကောင်စီက ဆရာမနှင်းနှင်းအိမ်ကို လာရောက်ဖမ်းဆီးပါတယ်။ ဆရာမနှင်းနှင်းဟာ ကြိုတင်ရှောင်ရှားနိုင်ခဲ့လို့ ဖမ်းဆီးမခံရဘဲ လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပြီး စစ်ရှောင်ကူညီရေးကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ကိုင်နေရင်း တောတွင်းမှာ သူတွေ့ကြုံခဲ့ရတဲ့အကြောင်းအရာလေးကို အက်စေးသဖွယ်ရေးဖွဲ့သီကုံးပေးပို့လာတာပဲ ဖြစ်ပါတယ်။ အက်စေးလေးကို “ချစ်စဖွယ်အနီရောင်မီးလုံးလေးများရဲ့နောက်ကွယ်” လို့ အမည်ပေးထားပါတယ်။
ချစ်စဖွယ်အနီရောင်မီးပုံးလေးများရဲ့ နောက်ကွယ်
~ နှင်းနှင်း ~
အဲ့ဒီနေ့ညရဲ့အဖြစ်အပျက်ကို ကျွန်မ ဘယ်မေ့ပါမလဲ။
မှတ်မှတ်ရရ ၂၀၂၂ခုနှစ်ပေါ့။ ဒီထက်ပိုပြီးတိတိကျကျပြောရင် အောက်တိုဘာလ ၈ ရက် ၊ညနေ ၆ နာရီကျော်၊ ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရဲ့ အနောက်ဘက်ခြမ်း တောတွင်းတနေရာပေါ့။
အာဏာသိမ်းစစ်တပ်က ဆန္ဒပြပြည်သူကို ဖမ်းဆီးရိုက်နှက်သတ်ဖြတ်နေချိန်မှာ နေရပ်စွန့်ခွာပြီး လွတ်ရာကျွတ်ရာ လွတ်မြောက်နယ်မြေတွေ ခိုလုံကြသူတွေထဲမှာ ကျွန်မလည်း အပါအဝင်ပေါ့။ ကျွန်မလည်းလွတ်မြောက်နယ်မြေကို အန္တရာယ်ကင်းစွာ ရောက်ရှိခဲ့ပြီးနောက်ပိုင်းပေါ့။
အဲ့ဒီနေ့က လပြည့်နေ့ရောက်ဖို့ တစ်ရက်အလို၊ ကောင်းကင်ကြီးက ပန်းရောင်သန်းနေတယ်။ လမင်းကြီးကလည်း ပြည့်ဝင်းလို့၊ နေဝင်ဆည်းဆာမို့ ကောင်းကင်အရောင်နဲ့တောတောင်တွေလည် တောက်ပလင်းလက်နေတယ်။ ကျွန်မ စိတ်ရောကိုယ်ပါ ပေါ့ပါးစွာ ငေးမောနေမိတယ်။
အစ်ကိုကပြောတယ် “သဘာဝအလှတရားဆိုတာ နှလုံးသားနဲ့ ခံစားရတာ” တဲ့။ ကျွန်မကတော့ မှတ်တမ်းတခုအနေနဲ့ ကျန်ချင်လို့ ဓာတ်ပုံကို ရိုက်ဖြစ်အောင် ရိုက်လိုက်ပါသေးတယ်။
မနက်ဖြန်ဆိုရင် PDF တပ်ရင်းတခုမှာ ကွန်ပျူတာသင်တန်းပေးဖို့ ကျွန်မနောက်တနေရာကို သွားဖို့ ပြင်ဆင်ဆဲပေါ့။ ညနေလည်းစောင်းပြီဆိုတော့ ဝက်သားကြော်လေးရယ်၊ ဝက်ရိုးကို ဟင်းရည်လုပ်ထားတဲ့ တုံယမ်း ဟင်းရည်လေးနဲ့ ညနေစာစားဖို့ ပြင်ဆင်နေခဲ့တယ်။ ကျွန်မတို့ငှားနေတဲ့အိမ်က မီးဖိုဆောင်နဲ့ အိမ်ခန်းက သီးသန့်တအိမ်စီဖြစ်နေတော့ ဝက်သားကြော် ကျွတ်ကျွတ်လေးကို မီးဖိုဆောင်ကနေ အိမ်ခန်းထဲသယ်နေချိန်မှာပဲ ဟော… ကျွန်မလှမ်းမြင်လိုက်ပါပြီ၊ စောစောကကျွန်မ ငေးကြည့်ခဲ့တဲ့ တောင်ပေါ် ကနေအနီရောင် အလုံးလေးနှစ်လုံး၊ ကျွန်မတို့ရှိရာကို ဦးတည်ရွေ့လျှားလာတယ်၊ ဘာလေးမှန်းတော့ ကျွန်မမသိဘူး၊ အဲဒါနဲ့ အစ်ကိုကို ခေါ်ပြတယ်၊ နောက်ထပ် ရဲမေ အစ်မတစ်ယောက်ကိုလည်း ခေါ်လိုက်ပါသေးတယ်။
“အကိုတို့ လာကြည့် လာကြည့်။ ဒီမှာ အနီအရောင်အလုံးလေး နှစ်လုံး” အကိုရော ရဲမေအမရော အိမ်ခန်းထဲက ထွက်ကြည့်ကြတယ်။
အစ်ကိုက Laptop လေးကိုင်လို့ ထွက်ကြည့်ရင်း “JPDF က တော်လှန်ရေးတစ်နှစ်ပြည့်တော့မှာမို့လို့ မီးပုံးအစမ်း လွှတ်တာနေမှာ” တဲ့ ပြောပြီးအိမ်ထဲ ပြန်ဝင်သွားတယ်။
ကျွန်မ အတွေးထဲမှာလည်း “ဖြစ်နိုင်ပါတယ်လေ ဒီတောင်ကုန်းက ငါတို့တောင်ကုန်းပဲ” ဆိုပြီး အနီရောင်အလုံးလေးကိုဆက်ငေးကြည့် နေမိတယ်။
ရဲမေအမလည်း အိမ်ထဲပြန်ဝင်သွားပြီ၊ ကျွန်မဆက်ပြီးငေးကြည့်နေတုန်းမှာပဲ အနီရောင်လေးတစ်ခုက ပျောက်သွားတယ်။
“အနီလေးတစ်ခု ပျောက်သွားပြီ” လို့တောင် ကျွန်မပြောလိုက်ပါသေးတယ်။ မကြာပါဘူး။ စက္ကန့်ပိုင်းအတွင်းမှာပဲ “အုန်း” ဆိုတဲ့အသံနဲ့အတူ မြင်ကွင်းတခုလုံး မှောင်အတိဖုံးသွားတယ်။
ကျွန်မအသိစိတ်ထဲမှာ နောက်တစ်လုံးလာနိုင်တယ်ဆိုပြီး ပုန်းဖို့နေရာရှာသေးပါသေးတယ်။ အိမ်အောက်မှာက ပုန်းဖို့လုပ်ထားတဲ့ ကတုတ်ကျင်းလိုနေရာရှိတော့ အဲ့ဒိအထဲဝင်မယ်ပေါ့။ နောက်တော့ အချိန်မမီနိုင်ဘူးဆိုပြီး အိမ်ထဲဝင်ပုန်းဖို့ပဲ ကျွန်မဆုံးဖြတ်လိုက်တယ်။
ကျွန်မငေးကြည့်နေတုန်း ကျွန်မမြင်ကွင်းကနေပျောက်သွားတဲ့ အနီရောင်အလုံးလေးနှစ်လုံးအနက် တစ်လုံးက ကျွန်မရပ်နေတဲ့နေရာရဲ့ ပေ ၃၀ အကျော်မှာ လာကျတယ်၊ ပြီးတော့ ပေါက်ကွဲတယ်။ ကျွန်မစိတ်ဝင်တစားငေးကြည့်နေတဲ့ အနီရောင်အလုံးလေး နှစ်လုံးက ဗုံးသီးဖြစ်မှန်း ကျွန်မဘယ်သိပါ့မလဲ၊ တိုက်ဆိုင်လိုက်တာများနော်။ နောက်တစ်လုံးက ခပ်ဝေဝေးမှာ ကျပြီး ပေါက်ကွဲတယ်။
ပေါက်ကွဲသံကြားကြားချင်း အစ်ကိုက အိမ်ထဲကနေထွက်လာပြီး ရဲမေနဲ့ ကျွန်မကို “ဘာဖြစ်သေးလဲ ထိခိုက်သေးလား” မေးတယ်။ အဲ့အချိန်မှာ လူကထူပူနေတော့ ကိုယ့်ကိုထိထားမှန်း မသိဘူး။ ခဏကြာမှ ဘယ်ဘက်ခြေသလုံးဘေးက သွေးထွက်နေတာသတိထားမိတယ်၊ စိတ်ထဲမှာတော့ ငါနည်းနည်းထိသွားပြီ ဆိုရုံလောက်ပဲ တွေးထင်မိတာ။ သူတို့က ကျွန်မကိုတွဲကူပြီး အိမ်ထဲဝင်ကြတယ်၊ ဒဏ်ရာကို ရှိတဲ့ဆေးလေးဘာလေးထည့်မယ်ဆိုပြီး ဂျင်းဘောင်းဘီကို ချွတ်လိုက်တော့မှ ခုနကသွေးထွက်တဲ့ နေရာက ဒဏ်ရာမကြီးဘဲ ဒူးခေါင်းဘေးနားမှာအသားစ လုံးဝမရှိတော့တဲ့ တစ်လက်မပတ်လည်လောက် အပေါက်ကြီးဖြစ်နေတယ်၊ အထဲကအရိုးကို အတိုင်းသားမြင်နေရတယ်လေ။

ကျွန်မဝမ်းနည်းလာတယ်၊ ငိုချင်လာတယ်။ ဒါပေမယ့် ကျွန်မအားတင်းထားတယ်။ ကျွန်မကိုကြည့်ပြီး အစ်ကိုလည်း စိတ်မကောင်းဖြစ်နေတယ်ထင်တယ်။ သူလည်းနည်းနည်းတော့ လန့်သွားပုံပဲ၊ သူအသိစိတ်ကပ်ပြီး တခြားရဲဘော်တွေကို သွားခေါ်ဖို့လုပ်နေတယ်။ဖုန်းလိုင်းမမိတော့ ဖုန်းဆက်ခေါ်လို့ မရဘူးလေ၊ ရဲမေအစ်မကတော့ ကျွန်မဘေးကနေ တွဲကူပေးထားတယ်၊ ရွာသားတွေလည်း လာကြည့်နေကြတယ်။
ကျွန်မကတော့ မလှုပ်မယှက်နဲ့ ငြိမ်နေမိတယ်။ အားတင်းထားတဲ့ကြားက ပါးပြင်ပေါ်ကို ပူနွေးနေတဲ့ မျက်ရည်တွေ စီးကျနေတယ်။ မငိုပါနဲ့ သက်သာသွားမှာပါဆိုပြီး သူတို့က ဝိုင်းဝန်းနှစ်သိမ့်ကြတယ်၊ အားပေးကြပါတယ်။ ရွာထဲက လူမှုကူညီရေးအသင်းက ဆရာမလေးတွေ ရောက်လာတော့ ဆေးထိုးပေးပြီး ဆေးရုံဆက်သွားဖို့ ပြောတယ်။ အဲ့အချိန်မှာပဲ အစ်ကိုနဲ့ ရဲဘော်တချို့ ပြန်ရောက်လာကြပြီ။
ဗုံးသီးအစက အထဲမှာ ရှိနိုင်တယ်တဲ့၊ ဆရာမလေးကပြောတယ်။ ဆေးရုံသွားဖို့ ထူတဲ့အချိန်မှာ ဒူးဘေးဒဏ်ရာက သွေးတွေတဖြောဖြော ထွက်ကျလာပြီ။ မထင်မှတ်ထားတဲ့အခြေအနေမလို့ ဆရာမတို့လည်း လန့်သွားပုံရတယ်။ ခုနက သွေးမှ မထွက်တာကို၊ ဒဏ်ရာတဝိုက်ကို ရှေးဦးသူနာပြုနည်းနဲ့ အရင်ကုသမှုလုပ်ပေးတယ်၊ သွေးကတော့တဖြောဖြောထွက်နေတုန်းပဲ။ ဒဏ်ရာကိုပတ်ထားတဲ့ပတ်ထားတဲ့ စောင်မှာသွေးတွေ ရွှဲနစ်နေရော၊ နောက်တော့ ပုလင်းကြီးချိတ်ပေးရင်း လူနာတင်ကားပေါ်သယ်မပြီး ဆေးရုံကို အမြန်မောင်းကြတော့တယ်။
သိတဲ့အတိုင်းတောလမ်းဆိုတော့ လမ်းကခပ်ကြမ်းကြမ်းရယ်လေ၊ လူကငြိမ်နေပေမယ့် ကားခုန်တော့ သွေးကဆက်တိုက်ထွက်နေခဲ့တယ်။ နာကျင်မှုဒဏ်ကို ကျွန်မ အလူးအလဲခံနေရပြီ၊ ဆေးရုံကားက သွားရမယ့်လမ်းမသိလို့ ရဲဘော်ကားကိုစောင့်နေရသေးတယ်၊ ဒီအချိန်အပေါ်မှာ Drone က ဝဲပျံနေပြန်တယ်။
“အချိန်အကြာကြီးစောင့်လို့ မကောင်းဘူး၊ အပေါ်မှာ drone လိုက်ဝဲနေတယ်တဲ့” လို့ ဆရာမတွေက ပြောတယ်။ တလမ်းလုံး ကားခုန်တော့ သွေးတွေက ပိုထွက်လာတယ်၊ အောက်အခင်းရွှဲနစ်နေတာကို ကျွန်မသတိထားမိတယ်။ ကျွန်မဟန်မဆောင်နိုင်တော့ဘူး၊အားလည်း တင်းမထားနိုင်တော့ဘူး၊ ကျွန်မငိုလဲ ငို၊ ညည်းလဲ ညည်းပေါ့။ ကားတစ်ချက်ခုန်တိုင်း တခါပိုနာကျင်ရတယ်။ ဆေးရုံကားပေါ်က ကျွန်မလှဲနေရတဲ့ ခုံကိုသာကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိတယ်၊ ဆေးရုံမြန်မြန်ရောက်ချင်လှပြီ။

ဒီလိုနဲ့ အနီးစပ်ဆုံးဆေးရုံကို မောင်းတာ တစ်နာရီကျော်ကြာတယ်။ ဆေးရုံကို ရောက်ပါပြီ။ ဆေးရုံဆိုပေမယ့် တော်လှန်ရေးကာလ လျှို့ဝှက်ကုရတဲ့ ဆေးရုံပါ။ ဆရာဝန်တွေ ကျွန်မကို လာကြည့်ကြတယ်။ ပြီးတော့ခြေထောက်ကို Ultrasound ရိုက်တယ်၊ ကျွန်မခြေထောက်ကို ကျွန်မ မသယ်နိုင်တော့ဘူး။ သူတို့က ကျွန်မခြေထောက်ကို Ultrasound ရိုက်ဖို့ ဘယ်ညာရွေ့နေချိန်မှာ ကျွန်မမခံနိုင်တော့ဘူး၊ နာကျင်လွန်းနေပြီ။ သွေးတွေကလည်း တရစပ်ထွက်နေတော့ အောက်ကနေ မိုးကာသားခင်းဖို့ သူနာပြုဆရာမလေးကို ဆရာဝန်က လှမ်းပြောတယ်၊ ဒီလိုနဲ့ နာကျင်လွန်းလို့ အော်ရင်း ညည်းရင်း ငိုရင်းနဲ့ Ultrasound ရိုက် ပြီးသွားခဲ့တယ်။
ခွဲစိတ်ဆရာဝန်က ကျွန်မကိုလာမေးတယ် “ဗုံးသီးစတော့ရှိနေတယ် ခွဲမလား မခွဲဘူးလား” ။
ကျွန်မကတော့ ခွဲဖို့ကို ပဲ ရွေးချယ်လိုက်တယ်၊ ဗုံးသီးစဆိုတော့ အချိန်ကြာရင်ပိုဒုက္ခပေးနိုင်တယ် မဟုတ်လား။ “ခွဲမယ်ဆရာ ထုံဆေးတော့ များများပေးပေးပါ” လို့ နာကျင်နေတဲ့ကြားက ကျွန်မအားတင်းပြီး ပြောလိုက်သေးတယ်။
ခွဲတယ်ဆိုပေမယ့် ခွဲခန်းရယ် ဘာရယ်မဟုတ်ပါဘူး၊ ကုတင်ပေါ်မှာပဲ ခွဲဖို့လုပ်ရတာပါ၊ ခွဲဖို့အတွက်ကိုလည်း အနီးနားက ဆရာဝန်တွေက ဖုန်းမီးတွေဝိုင်းထွန်းပေးပြီးတော့ ခွဲစိတ်ကြတာပါ၊ ခွဲခန်းမီးကမလုံလောက်ဘူး ထင်ပါရဲ့။
ထုံဆေးပေးပြီး ဒူးကိုခွဲပါတော့တယ်။ ဒူးအရေပြားကိုအပေါ်မပြီး လက်ထည့်နေတာကို ကျွန်မ သိနေရတယ်၊ ထုံဆေးက မတိုးဘူးထင်ပါရဲ့၊ ဆူးနစ်နေအောင်ကိုနာကျင်တာပါ။ အဲဒီအချိန်မှာ နာကျင်ခံစားရတာတွေကို အမုန်းဆုံးပဲ။ အကိုကတော့ ကျွန်မလက်ကို ကိုင်ထားပေးတယ်။ ထွန့်ထွန့်လူးမတတ် နာကျင်နေတဲ့ ကျွန်မကိုကြည့်ပြီး ဆေးတစ်လုံး ထပ်ထိုးတယ်။ ပြီးတော့ ကျွန်မကို နံပါတ်စဥ်ရွတ်ခိုင်းတယ်၊ ဘယ်နံပါတ်အထိ ရွတ်မိလိုက်လဲ ကျွန်မ မသိတော့ပါဘူး။ သတိလစ်သွားတယ်။
ကျွန်မသတိပြန်ရလာတော့ ခွဲစိတ်တာ နှစ်နာရီနီးပါး ကြာတယ်တဲ့။ ကျွန်မရဲ့ ဒူးထဲက ဗုံးသီးအစကို ကျွန်မကိုပြတယ်။ လက်ညှိုးရဲ့ လက်သည်းခွံလောက်ရှိတဲ့ အစိုင်အခဲတစ်ခုပေါ့။ ခွဲစိတ်နေတဲ့တလျှောက်လုံး ကျွန်မညည်းညူနေခဲ့တယ်လို့ တခြားရဲဘော်တွေက ပြန်ပြောပြကြတယ်။

ဆေးရုံအပေါ်မှာလည်း Drone ပျံဝဲသံကြားနေရပြန်တယ်။ ဆရာဝန်တွေကိုတော့ ကျွန်မ တကယ်ကို လေးစားရပါတယ်။ Drone ပျံဝဲနေတော့ ဗုံးကျဲလာရင် ဘယ်လိုလုပ်မလဲဆိုတော့ “သေရုံပဲပေါ့၊ ရဲဘော်တွေတောင် အသက်ပေးနေကြရတာပဲလေ” တဲ့။
ဟုတ်ပါတယ်၊ အသက်ပေးနေတဲ့ ရဲဘော်တွေ၊ ကိုယ်လက်အဂ်ါချို့တဲ့သွားတဲ့ ရဲဘော်တွေနဲ့ နှိုင်းဆရင် ကျွန်မဒဏ်ရာက မပြောပလောက်ပါဘူးလေ။ ဒါပေမယ့်ကျွန်မခြေထောက် အခုထိ မကောင်းသေးပါဘူး၊ ဒူးရဲ့ Joint မှာဆိုတော့ ကျွန်မတော်တော်လေး ခံလိုက်ရတာပေါ့၊ အဲ့နေ့ကိုတော့ ကျွန်မတသက်လုံးမမေ့ဘဲ နောင်မျိုးဆက်ထိ ရယ်မောရင်း ပြောပြမိလိမ့်မယ်ထင်ပါရဲ့။
အဲ့ဒိနေ့က မြိန်ရည်ယှက်ရည်စားမယ်ဆိုတဲ့ ဝက်သားကြော်လေးလည်း မစားဖြစ်သလို PDF တပ်ရင်းတခုမှာ Computer training ပေးဖို့အစီအစဥ်ကလည်း ဆရာမဖြစ်တဲ့ ကျွန်မကိုယ်တိုင် လက်နက်ကြီးထိသွားလို့ မသင်ဖြစ်ခဲ့ပါဘူး။
#MeKongNews








