ဆောင်းပါး

အရှုံးမပေးသေးဘူးလား စစ်ကောင်စီ

မဲခေါင် 18 Mar - 2024
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှစကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ၃ နှစ် အကြာ ၂၀၂၄ ခုနှစ်အစတွင်ပင် စစ်မျက်နှာအရပ်ရပ်၌ သေဆုံး၊ အဖမ်းခံ၊ ထွက်ပြေး၊ ဘက်ပြောင်းသူများစွာနှင့် မြို့ရွာ၊ တပ်စခန်းအများအပြား လက်လွတ်ဆုံးရှုံးနေသည်ကို မြေပြင်သတင်းများက ပြဆိုနေရာ ယင်းအခြေအနေများအပေါ် ရခိုင်စစ်မြေပြင်တွင် နိုင်ပွဲများဆက်နေသည့် ရခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စစ်ကောင်စီကို သေချာပေါက်ရှုံးနေပြီဟု ပြောလိုက်ခြင်းက အရှုံးမပေးသေးဘူးလား စစ်ကောင်စီ ဟု မေးလိုက်ခြင်းပင်ဖြစ်သည်။

Oo Pauk

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှစကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ၃ နှစ် အကြာ ၂၀၂၄ ခုနှစ်အစတွင်ပင် စစ်မျက်နှာအရပ်ရပ်၌ သေဆုံး၊ အဖမ်းခံ၊ ထွက်ပြေး၊ ဘက်ပြောင်းသူများစွာနှင့် မြို့ရွာ၊ တပ်စခန်းအများအပြား လက်လွတ်ဆုံးရှုံးနေသည်ကို မြေပြင်သတင်းများက ပြဆိုနေရာ ယင်းအခြေအနေများအပေါ် ရခိုင်စစ်မြေပြင်တွင် နိုင်ပွဲများဆက်နေသည့် ရခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စစ်ကောင်စီကို သေချာပေါက်ရှုံးနေပြီဟု ပြောလိုက်ခြင်းက အရှုံးမပေးသေးဘူးလား စစ်ကောင်စီ ဟု မေးလိုက်ခြင်းပင်ဖြစ်သည်။

သူ၏ အွန်လိုင်းစာမျက်နှာပေါ်တွင် “ ဦး မအလနဲ့ ဗကခများခင်မျာ ခင်ဗျားတို့ရဲ့ စစ်ပညာကြိုးစားမှုကို လေးစားပါတယ်၊ ဒါပင်မဲ့ လူကြီးမင်းတို့က သေချာပေါက်ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်းပီသအောင် ကြိုးစားခြင်းကသာ သင်တို့ရဲ့ တခုတည်းသော အကောင်းဆုံးရွေးချယ်စရာ ဖြစ်ပါလိမ့်မည်” ဟု ၂၀၂၄ ခု၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရေးသားခဲ့သည်။

မြန်မာပြည်တွင်းရေးဟု အာဆီယံကပြောနေသည့် စစ်ကောင်စီနှင့်လက်အောက်ခံအပေါင်းပါများကို တော်လှန်ရေးအင်အားစုများက အမြစ်ပြတ်တိုက်ထုတ်နေသည့် တိုက်ပွဲများအတွင်း ကမ္ဘာ့စစ်အင်အား ၃၆ အဆင့်ရှိ စစ်ကောင်စီ၏ အင်အားနှင့်အခြေအနေမှန်ကို ရခိုင့်တပ်တော် AA ၏ ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြောကြားချက်က အတိအလင်းပြဆိုနေပြီဖြစ်သည်။

ကနေဒီယန်သတင်းစာဆရာနဲ့ ပဋိပက္ခရေးရာကျွမ်းကျင်သူ Ross Howard က ပဋိပက္ခဆိုသည်မှာ လူနှစ်ဦး(သို့)နှစ်ဦးထက်ပိုသော လူများ(သို့)အစုအဖွဲ့များက ၎င်းတို့ကြား မမျှဝေပေးနိုင်ဟု ယုံကြည် သော ရည်မှန်းချက်များ(သို့)ပန်းတိုင်များကို ရရှိအောင်မြင်ရန်အတင်းအကြပ် ဖိအားပေးလာသော ကြိုးစားသောအခြေအနေတစ်ရပ်ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။

ယင်းဖွင့်ဆိုချက်အရ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခစွန်း ဘက်နှစ်ဘက်၏ အင်အား၊ နယ်မြေ တို့ကို လေ့လာဆန်းစစ်ခြင်းဖြင့် နှစ်ဖက်အားသာချက်၊ အားနည်းချက်များကို ခြုံငုံသုံးသပ်နိုင်မည်ဟု ယူဆပါသည်။ စစ်အာဏာသိမ်းသည်မှစ ၁၀၂၇ နောက်ပိုင်း ၂၀၂၄ ဇန်နဝါရီလကုန်အထိ မြန်မာ့အရေးကျွမ်းကျင်သူ ဆရာရဲမျိုးဟိန်း(US institute of Peace) ၏ သုံးသပ်ချက်များတွင် မြန်မာနိုင်ငံတွင်း ပဋိပက္ခဆောင် အဖွဲ့များ၏ အင်အား၊ အခြေအနေ၊ ဖြစ်နိုင်ချေများ ပါရှိခဲ့သည်ကို ဖော်ပြလိုပါသည်။

စစ်ကောင်စီနှင့် အပေါင်းပါများ၏ အင်အားအခြေအနေ

စစ်ကောင်စီတပ်၏ အင်အားကို ခန့်မှန်းရာတွင် ယခင် ၁၉၉၀ ဝန်းကျင်က ဖွဲ့စည်းပုံအရ တပ်ရင်းတစ်ရင်းကို ၈၂၄ ဦး ရှိပြီး၊ ၂၀၀၁ ဝန်းကျင်တွင် ၈၅၇ ဦးထိတိုးမြင့်လာခဲ့ကြောင်း အမှန်တစ်ကယ်က တပ်ရင်းတစ်ရင်းလျှင် အင်အား ၃၅၀ ခန့်သာ ၂၀၀၅ ခုနှစ်တွင် ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် ပြန်လည်ဖွဲ့စည်းမှုတွင် တပ်ရင်းတစ်ရင်းလျှင် ၂၀၀ ဖြင့် ဖွဲ့စည်းသော်လည်း အချို့ရင်းများမှာ ၂၀၀ အောက်တွင်သာ ရှိနေသည်သာမက အချို့တပ်ရင်းများတွင် ၁၂၀ ခန့်သာရှိနေသည်ဟု တပ်တွင်းသတင်းများအရ သိရသည်ဟုဆိုသည်။ သာဓက ပြရမည်ဆိုပါက ယခင်သမ္မတဟောင်း ဦးသိန်းစိန် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်လက်ထက် ၂၀၀၅ ခုနှစ် တိုင်းမှူးများအစည်းအဝေးမှတ်တမ်းတစ်ခုတွင် တပ်အင်အား ၂၀၀ အောက် ၂၈၄ တပ်ရှိနေကြောင်း ၂၀၀ နှင့် ၃၀၀ ကြား ၂၀၂ တပ်ရှိကြောင်း ရုပ်ဝတ္ထုများဖြည့်တင်းနိုင်သော်လည်း လူခက်ခဲကြောင်း၊ ခွင့်မဲ့စစ်ပြေး ၄၇၀၁ ဦးအနက် ပြန်ဖမ်းမိ ၂၀၀၀ ဦးသာရှိခဲ့သည် ဟုပါရှိထားရာ ယင်းကာလကပင် စစ်ကောင်စီတပ်အင်အား နည်းပါးလာနေသည်ကို တွက်ချင့်မိပါသည်။

စစ်တိုင်း ၁၄ တိုင်း၊ ခြေမြန်တပ်မ ၁၀ ခု၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၀ ခု၊ ဒစက ၇ ခု၊ တိုက်ခိုက်ရေးတပ်ရင်း ၅၂၂ ရင်း (ခြေမြန်တပ်ရင်း ၃၀၅ ရင်းနှင့် ခြေလျင်တပ်ရင်း ၂၁၇ ရင်း)၊ လက်ရုံးတပ်တို့တွင် လေကြောင်းကာကွယ်ရေးတပ်ရင်း ၅၀၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ် ၁၄ ခု၊ အမြောက် တပ် ၁၀၈ ၊ သံချပ်ကာတပ် ၁၁ ၊ တင့်ကားတပ် ၁၁၊ စစ်မြေပြင်ဆေးတပ်ရင်း ၁၄ ခု၊ အချက်ပြဆက်သွယ်ရေးတပ် ၃၃ တပ်၊ အင်ဂျင်နီယာတပ် ၆၁ ခု၊ ထောက်ပို့တပ် ၆၁ လျှပ်စစ်အင်ဂျင်နီယာတပ် ၃၄ နဲ့ Ordinance Corps ၃၀ တို့ စစ်ကောင်စီတပ်ကို ဖွဲ့စည်းထားသည်။ ခြေမြန်တပ်မ ၁၀ မနှင့် စစ်တိုင်း ၁၄တိုင်းရှိ တပ်များအရေအတွက်အရ တွက်ချက်ပါက အင်အား ၇၀၀၀၀ ခန့်သာရှိပြီး လက်ရုံးတပ် အင်အားခန့်မှန်း ၅၅၀၀၀ နှင့် ရေ၊ လေတို့ရှိ အင်အား ၂၅၀၀၀ ကို ပေါင်းပါက အင်အား ၁သိန်းခွဲကျော်သာရှိမည်ဖြစ်သည်ဟု သူကခန့်မှန်းသည်။ သို့အတွက်ကမ္ဘာ့စစ်အင်အားတွင် အမှတ်စဉ် ၃၆ ရှိနေသည်ဆိုသည့် မြန်မာစစ်တပ်အင်အားမှာ ၃ သိန်းကျော်ရှိမနေဘဲ တိုက်ခိုက်ရေးအင်အား ၁ သိန်းခန့်သာရှိနေပြီး နေ့စဉ် ပြုန်တီးနေသည့် အင်အားများဖြစ်သည့် တိုက်ပွဲကျ၊ ထွက်ပြေး ဘက်ပြောင်းခိုလှုံမှုတွေက အင်အားနည်းပါး လာစေလျက်ရှိနေသည့်အပြင် တပ်သားသစ်စုဆောင်းမှုကလည်း မရနိုင်တော့သည့် အခြေအနေရောက်ရှိနေသည်ဟု သုံးသပ်ပါသည်။

ယင်းအတွက် စစ်တပ်က ပျူစောထီးများကို မွေးမြူခြင်း၊ ပြည်သူ့စစ်များကို စုဆောင်းခြင်း၊ ၎င်းတို့သြဇာခံ တိုင်းရင်းသားများကို လက်နက်များ တပ်ဆင်ပေးခြင်း၊ စစ်မှုထမ်းဟောင်းတွေနှင့် ထောင်ကျထုတ်ပယ် စစ်မှုထမ်းတွေကို ပြန်ခေါ်ယူရသည့် အခြေအနေတွေက စစ်တပ်အင်အား မည်မျှချို့တဲ့ နေသည်ကို မြင်နိုင်သည်ဟု ဆရာရဲမျိုးဟိန်းက ဆိုသည်။

လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်အခြေစိုက် စကခ(၁၄)၏ အင်အားမှာ ဖွဲ့စည်းပုံအရ ၇၀၀၀ ရှိရမည့်နေရာတွင် ၁၆၀၀ ကျော်သာရှိနေခဲ့သည်က စစ်ကောင်စီတွင် အင်အားချိုတဲ့နေသည်မှာ သိသာထင်ရှားလှပေသည်။

ယင်းတိုက်ပွဲများ မတိုင်မီကပင် စစ်ကောင်စီက ၎င်း၏လက်အောက်ခံအဖြစ် သတ်မှတ်ထားသည့် ပအိုဝ်းအမျိုးသားတပ်မတော် PNA ၊ ရှမ်းနီတပ်မတော် SNA တို့ကို လက်နက်များထပ်မံတပ်ဆင်ပေးပြီး အင်အားဖြည့်တင်းလျက်ရှိသလို ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလာသည်က စစ်ကောင်စီတွင် အင်အားမည်မျှ လျော့နည်းနေသည့်အခြေအနေပြ လုပ်ရပ်များဟု ဆိုနိုင်ပါသည်။

ဤဥပဒေသည်လည်း စစ်ကောင်စီရဲ့ နိဂုံးဟု KIA က ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါသည်။” ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က နိဂုံးရဲ့အစဆိုရင် ၂၀၂၄ ဖေဖော်ဝါရီ၁၀ ရက်နေ့ စတင် အာဏာတည်သော ဥပဒေက နိဂုံးရဲ့ အဆုံးသတ်လို့ ဆိုရမှာပေါ့” ဟု ပြောခဲ့တာက စစ်ကောင်စီ၏အခြေအနေမှန်ကို ပြောခဲ့ခြင်းပင်ဖြစ်သည်။

တော်လှန်ရေးအင်အားစုများအခြေအနေ

တော်လှန်ရေးအင်အားစုများအခြေအနေကို အနီးစပ်ဆုံး လေ့လာစမ်းစစ်ချက်များအရ PDF (တပ်ရင်း ၃၀၀) တွင် ခန့်မှန်းအင်အား ၄၅၀၀၀၊ ပကဖ(PDT) ၂၅၀ မြို့နယ်တွင် အင်အား ၃၀၀၀၀၊ LPDF(အုပ်စု ၈၀)တွင် အင်အား ၈၀၀၀၊ ရှိနေပြီး KIO/KIA တွင် အင်အား ၂၅၀၀၀၊ KNU/KNLA တွင် ၂၀၀၀၀၊ KNPP/KAN တွင်အင်အား ၃၀၀၀၊ CNF/CAN တွင် အင်အား ၃၀၀၀ ၊ မြောက်ပိုင်းညီနောင် ၃ ဖွဲ့တွင် MNDAA က ၄၅၀၀ ၊ TNLA က ၈၀၀၀ နဲ့ AA က အင်အား ၃၀၀၀၀ ရှိနေသည်ဟု ၎င်းက သုတေသနပြု ခန့်မှန်းထားရှိသည်။ စစ်ကောင်စီနဲ့ တရားဝင်တိုက်ခိုက်နေသည်ဟု မဖော်ပြသည့် အဖွဲ့များထဲတွင် UWSA က အင်အား ၃၀၀၀၀ ရှိနေပြီး SSPP မှာ ၅၀၀၀ နှင့် NDAA (မိုင်းလား) မှာ ၂၅၀၀ ဟု သူကခန့်မှန်းပါသည်။ NCA လက်မှတ်ထိုးထားသည့် PPST တွင်မူ RCSS က အင်အား ၆၀၀၀ ကျော်နှင့် အင်အားအများဆုံးဦးဆောင်ထားသည်။ ယင်းအဖွဲ့ထဲက အင်အား ၁၅၀၀ ရှိသည့် ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် PNLA က ယခုအခါ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီကို ပြန်လည် တိုက်ခိုက် နေခဲ့ပြီဖြစ်သလို အလားတူ အင်အားရှိသည့် မွန်ပြည်သစ်ပါတီကလည်း (စစ်အာဏာရှင်အမြစ်ပြတ်တိုက်ထုတ်ရေး)ဟု ခွဲထွက်ကာ စစ်ကောင်စီကိုတိုက် ထုတ်မည်ဟု ကြေညာခဲ့ပြီဖြစ်သည်သာမက ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောလာခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခများကို နှိုင်းယှဉ်ကြည့်ပြီး တိုးပွားလာမည့် အင်အားများမှာ စစ်ကောင်စီဖက်တွင် စိတ်ဓတ် အပြည့်အဝဖြင့် ပါဝင်ထမ်းဆောင်လိုသည့် အင်အားတိုးပွားမှုနည်းပါးလာနေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှာမူ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်မည့် သံဓိဌာန်စိတ်ဓာတ်များဖြင့် တာဝန်ထမ်းဆောင်လိုသူ အင်အားအများအပြား တိုးပွားလာနေသည်ကို အတည်ပြုနိုင်ပါသည်။

မကြာသေးမီကပင် TNLA စစ်မှုထမ်းအမိန့်ထုတ်ပြန်မှု၊ MNDAA ၏ တပ်သားသစ်စုဆောင်းမှုများက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပေါ်ထွက်နေသလို ရှမ်းပြည်နယ်တောင်ပိုင်း စစ်မျက်နှာရှိ ပအိုဝ်းဒေသတွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် PNO များကို တစ်အိမ်တစ်ယောက် မပါမနေရအနေဖြင့် စုစည်းကာ လက်နက်တပ်ဆင်ပေးခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလာနေကာ စစ်ဘောင် ကျယ်ပြန့်လာနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသည့် စစ်ဇုံ ၇ ခုရှိရာ ယင်းတို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ် တို့က မြန်မာနိုင်ငံအထက်ပိုင်းနှင့် အနောက်ဘက်တွင် ရှိပြီး အရှေ့ပိုင်းတွင် ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဖြစ်ကာ ယခုတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသသာမက စစ်ရေးလေဟာနယ်ဖြစ်နေသည့် မွန်ပြည်နယ်ပါ ပါဝင်လာသည့်အတွက် အကယ်၍ အားလုံးတစ်ပြိုင်တည်း တိုက်စစ်ဆင်ပါက စစ်ကောင်စီအနေဖြင့် စစ်မျက်နှာအများကြီးတွင် အင်အားဖြန့်ခွဲရသည့်အတွက် စစ်ဇုံတိုင်းတွင် အင်အားနည်းရပ်ဝန်းများဖြစ်ပေါ်လာမည်ဟု ဆရာရဲမျိုးဟိန်းက သုံးသပ်သည်။

တရုတ်အထောက်အပံ့ရသည့် ရှမ်းမြောက်အဖွဲ့များကလွဲ၍ ကျန်နေရာများတွင်မူ လူအင်အားသာမက လက်နက်ခဲယမ်းလိုအပ်မှုမြင့်မားလျက် ရှိနေပေသေးသည်။ စစ်ကိုင်းနှင့်မကွေးတိုင်းသို့ လက်နက်ထောက်ပံ့မှု လမ်းကြောင်း (ARM supply line Corrider) လိုအပ်နေသည်က အဓိကဖြစ်နေသည်ဟု ဆိုသည်။ လက်ရှိစစ်ကိုင်းတိုင်း၏ တော်လှန်ရေးအဖွဲ့များတွင် လက်နက်ကျည်ဆံ လုံလောက်မှု ၂၀ %ခန့်သာရှိနေသေးပြီး လက်လုပ်စက်ရုံများသည်လည်း လုံလောက်စွာထုတ်ပေးနိုင်သည့် ကုန်ကြမ်းအခြေအနေမရှိသေးသဖြင့် အခြားနေရာက ပို့ဆောင်သည့် လက်နက်ထောက်ပံ့ရေးလမ်းကြောင်းက အဓိက ဖြစ်နေသည့်အတွက် ယင်းလမ်းကြောင်း ရှင်းလင်းနေရန် KIA နယ်မြေနှင့် မြောက်ပိုင်း ၃ဖွဲ့နေရာ ရှင်းလင်းနေဖို့လိုအပ်မည်ဟု ၎င်းက ကောက်ချက်ပြုသည်။

ဖော်ပြခဲ့သည့် စစ်ဇုံများတွင် ရှမ်းမြောက်၊ ကချင်ဒေသများက မြန်မာပြည်အလယ်ပိုင်းကို ခြိမ်းခြောက်နေသလို နေပြည်တော်၏အရှေ့ဘက်တံခါးပေါက်ဖြစ်သည့် ကရင်နီပြည်နယ်နှင့် ပအိုဝ်းအထူူးဒေသ(၆)က ပါ အနီးကပ်ခြိမ်းခြောက်နေပေသည်။
ယင်းအတွက်စစ်ကောင်စီအနေဖြင့် စစ်စည်းရုံးမှုကို ၎င်းတို့ လက်အောက်ခံပအိုဝ်းလူမျိုးခေါင်းဆောင်များအပေါ် ပြည်သူ့စစ်များ စုဆောင်းရေးကို အတင်းဖိအားပေးနေပြီး လူသစ်များကို ၁၀ ရက် သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးခြင်းဖြင့် ၎င်းတို့အာဏာနယ်မြေကို ကျားကန်နေသည်ကို လေ့လာမိပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းအထူးဒေသတွင် စစ်ကောင်စီနှင့်၎င်း၏လက်အောက်ခံဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော် PNA နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် PNLA က ပြောရေးဆိုခွင့်ရှိသူ ခွန်ရုဲန်းယံက “ ငါတို့ ပအိုဝ်းအချင်းချင်း တိုက်နေတာမဟုတ်ဘူး၊ NCA မှာ ၈ နှစ်လောက် သူများသြဇာခံပြီး ကိုယ့်အမျိုးသားတွေအတွက် ရနိုး ရနိုးနဲ့ စောင့်လာခဲ့တာ သူများနှိမ်ခံရတာပဲရခဲ့တယ်၊ အခုက ကိုယ့်လူမျိုးတွေတန်းတူညီမျှ အလေးထား ဆက်ဆံခံရတဲ့ ပအိုဝ်းပြည်နယ်ရရှိဖို့ စစ်ကောင်စီကို တိုက်နေတာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ PNLA သည် ၂၀၁၅ တစ်ပြည်လုံးအပစ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပြီးခဲ့သည့်နောက် ၈နှစ်အကြာ ဟိုပုံးတွင် ဇန်နဝါရီ ၂၁ ရက် စစ်ကောင်စီနှင့်PNLA တို့ကြား လက်နက်သယ်တာကို တားဆီးရာကနေ လက်နက်ကိုင်ပဋိပက္ခ ဖြစ်လာခဲ့တာဖြစ်ပြီး ယခုအခါ အချိန်တိုအတွင်း နောင်ထောဝ်၊ ဆီဆိုင်တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းတိုက်ပွဲများတွင် ကရင်နီ KNDF များ၊ ရှမ်းတောင်တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်နေသည်ဟု သိရှိရသည်။

“ သူတို့ရဲ့ တံခါးပေါက်ကို တော်ရုံနဲ့တော့ အကျခံမှာ မဟုတ်ဘူး၊ ကျနော်တို့ကလည်း အဝေးစခန်းတွေကို ပတ်စားပြီးအလယ်ကို ပိုင်မှစားမှာပေါ့၊ အမာကိုရှောင် အပျော့ကိုတိုက် စစ်သဘောတရားအရပဲလေ၊ အခုဆို ညီအကို PNLA လည်း NCA မှာ ၈ နှစ်လောက် ရနိုးရနိုးနဲ့စောင့်နေရတဲ့ အနှိမ်ခံဘဝက စစ်ကောင်စီကို ပြန်တိုက်လာနေပြီ၊ PNO တွေ အမြင်မှန်ရပြီး ပူးပေါင်းလာဖို့ပဲကျန်တော့တယ်၊ ကျနော်တို့က ပအိုဝ်းအချင်းချင်းတိုက်နေတာမဟုတ်ဘူး၊ တန်းတူညီမျှအခွင့်အရေးရှိမယ့် လူမျိုးပေါင်းစု ပြည်ထောင်စုမှာ ပအိုဝ်းပြည်နယ်ရရှိဖို့တိုက်နေတာ၊ ပအိုဝ်းတွေဟာ လက်ဝေခံဘ၀ အနှိမ်ခံတွေမဟုတ်ဘူးဆိုတာ လူထု နားလည်ဖို့ပြောချင်ပါတယ်” ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ရဲ့ အတွင်းရေးမှူး (၂) ဖြစ်သူ ခွန်ဝေထူးက ပြောသည်။

စစ်ကောင်စီ၏ အမှားသည် တော်လှန်ရေးတပ်တွေအတွက် အားသာချက်ဖြစ်သွားရပြီး စစ်အောင်နိုင်မှုတွေ စခန်းသိမ်း တိုက်ပွဲတွေရရှိစေခဲ့သည်ဟုဆရာရဲမျိုးဟိန်းက ဆိုသည်။ စစ်မျက်နှာများစွာဖွင့်ထားသည့် စစ်ကောင်စီအနေဖြင့် မြို့ကြီး၊ စခန်းကြီးတွေကို အဓိက ကာကွယ်ပေးရန်အတွက် စခန်းငယ်များကို လက်လွှတ်ပေးခဲ့ခြင်း၊ လူအင်အားလျော့ချခြင်းများက တော်လှန်ရေးအဖွဲ့များအတွက် အားသာချက်များဖြစ်ပေါ်စေခဲ့သည့်အတွက် အထက်တွင်ဆိုခဲ့သလိုစခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများသည် ဖက်ရှင်တစ်ရပ်အဖြစ် ပေါ်ထွက်လာနေခြင်းပင် ဖြစ်သည်။

ဤသည်က အောက်ခြေအရာရှိငယ်များက ၎င်းတို့ကို ထိုးကျွေးနေသည်ဟုပင် ဝေဖန်လာသည်အထိ ဖြစ်လာနေသည်ဟု လက်ရှိ တာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးက ပြောပြသည်မှာ။ “ ၃၀ လောက်ထိုင်ရတဲ့စခန်းမှာ ၁၂ ယောက်ပဲထားတယ်၊ ဟိုက သာလွန်အင်အား နဲ့စောင့်တော့ ပစ်ကူ စစ်ကူလည်းမရှိတော့ စခန်းရော လူရော လက်နက်ရော အားလုံးပါကြရတော့တာပေါ့ဗျာ” ဟု ပြောဆိုခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးသည် တရုတ်၏ ရေနံပိုက်လိုင်းအကျိုးစီးပွားအတွက် ကန့်သတ်စစ်အနေဖြင့် မြောက်ပိုင်း ၃ ဖွဲ့ကို ကျားဖြန့်အကြောင်းပြ၍ ဆင်နွှဲခိုင်းပြီး ဟိုင်ဂင်သဘောတူညီချက်ဖြင့် ရပ်တန့်ခိုင်းထားသည်ကို တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် ထောက်ပံ့မှုမကင်း၍ မတတ်သာ၍ ရပ်လိုက်ရသော်လည်း ၎င်းတို့မရပ်ချင်ကြောင်းပြောဆိုလာကြသည်။

ခရီးဆက်သွားမည်ဟု ပြောဆိုလာသည်မှာ ဟိုင်ဂင်သာမရှိပါက မြို့ကြီးတွေ သိမ်းပြီးပြီဆိုသည့် TNLA ၏စကား၊ BBC နှင့်အင်တာဗျူးတွင် AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏တရုတ်နိုင်ငံနှင့်တိုက်ရိုက်သက်ရောက်မှုတွေရှိနေတာကြောင့် တရုတ်နှင့်ထိပ်တိုက်မတိုးအောင် ကိုယ့်အလုပ်လဲပြီးမြောက်အောင် နည်းလမ်းတွေ ရှာဖွေကြိုးစားရကြောင်း ပြောကြားသွားမှုတွေက ၁၀၂၇ ၏ အဆက်ဖြစ်ရန် ရည်မှန်းစကားများဖြစ်သည်။

တရုတ်နိုင်ငံ၏ ရေနံပိုက်လိုင်းနှင့် BRI က ရခိုင်အထိ အဓိက အရေးကြီးဖြစ်သည့်အတွက် အဆိုပါ တရုတ်စီးပွားရေးလမ်းကြောင်းသည် ၁၉၉၄ ခုနှစ်ထဲက ကြယ်ဂေါင်တွင် “ အရှိန်အဟုန်နဲ့ ရှေ့ကိုရွှေ့ကြ” ဟု အောက်ခြေစာတမ်းထိုးထားသည့် ရုပ်တုကြီး စတင်တည်ဆောက်ကတည်းက စိုင်းပြင်းလာသည့် စီမံကိန်းဖြစ်သည်ဟု သိရသည်။

ယခု နှစ် ၃၀ အကြာ ၂၀၂၄ ခုနှစ်တွင်မတော့ နယ်စပ်ဒေသများကို နှစ်ရှည်အထောက်အပံ့ပြုခဲ့သည့် ရလဒ်အဖြစ် နိုင်ငံလူထုအတွက် အွန်လိုင်းငွေလိမ်မှုကိုလည်း နှိမ်နှင်းပြီးဖြစ်သလို ၎င်း၏သြဇာမြင့်တက်စေသည့် ဟိုင်ဂင်သဘောတူညီချက်မျိုးဖြင့် အသာစီးရယူနိုင်ခဲ့သည်ဟု မြန်မာ့အရေးကျွမ်းကျင်သူ Bertillintner က သုံးသပ်ခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ယင်းရေနံပိုက်လိုင်းသည် အထွက်တွင်သာမက အဝင်အတွက်ပါ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံမှလိုအပ်လာမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့တို့အတွက် အရှေ့အလယ်ပိုင်းနိုင်ငံများက သယ်ယူရန်ရှိနေသည့်အတွက် ယင်းလမ်းကြောင်းကို အတတ်နိုင်ဆုံးကြိုးစားကာကွယ် တည်ဆောက်လုပ်ဆောင်နေမည် ဖြစ်သလို ယင်းအကျိုးစီးပွားအတွက် မည်သည့်ကာကွယ်မှုမျိုးကို မဆို ထောက်ပံ့သွားရန်ရှိနေမည်ဖြစ်သည်ဟု ၎င်းက ဝေဖန်သုံးသပ်ခဲ့သည်။

“ တရုတ်က အဓိက ဒါကို ကာကွယ်လုပ်ဆောင်နေတာပါ၊ ကျားဖြန့်က အခြေအနေကောင်းတစ်ရပ်အနေနဲ့ နိုင်ငံတကာအမြင်မှာရောသူ့နိုင်ငံ လူထုအတွက်ရော၊ နယ်စပ်သြဇာလွှမ်းမိုးဖို့သာမက လက်ရှိ စစ်ကောင်စီအပေါ်မှာရော လွှမ်းခြုံသွားနိုင်တာပါ” လို့ ပြောပါသည်။

နိုင်ငံရေးအခင်းအကျင်းတွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ဇိုရမ်ပူဒေသနှင့်ချင်းပြည်နယ် ပလက်ဝမြို့တို့ကို ဆက်သွယ်ရေးကားလမ်း ဖောက်လုပ်ရေးကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ်နှင့် ရခိုင့်တပ်တော်AAတို့ဖေဖော်ဝါရီ ၂၉ ရက် က တွေ့ဆုံဆွေးနွေး ခဲ့သည်ကလည်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်လွှမ်းမိုးမှုလျော့နည်းစေမည့် အချက်ဖြစ်သည်သာမက တော်လှန်ရေးအဖွဲ့များ၏ရပ်တည်မှု ခိုင်မာလာခြင်းပင်ဖြစ်သည်။

တော်လှန်ရေး၏ ခေါင်းဆောင်မှုအနေဖြင့် ၇၅ နှစ်မြောက်ကရင်အမျိုးသားနေ့ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ၏ ဥက္ကဌဖြစ်သူ ခွန်မြင့်ထွန်းက အားလုံးညီညွတ်မျှတတဲ့ ခေါင်းဆောင်မှုကို ကရင်အမျိုးသားအစည်းအရုံးက ဦးဆောင်ပေးဖို့အဆိုပြုတယ်၊ အကြမ်းဖက် စစ်အာဏာရှင်စနစ်ဖြုတ်ချဖို့ဆိုရင် တော်လှန်ရေးအင်အားစုတွေကြားမှာ ဘုံနိုင်ငံရေး သဘောတူညီချက်တစ်ရပ် ခိုင်ခိုင်မာမာ ကျယ်ကျယ်ပြန့်ပြန့် ရရှိရန်နဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ဖို့ အထူးလိုအပ်လျက်ရှိတာဖြစ်လို့ ဒီသဘောတူညီချက်ရရှိရေးနဲ့အကောင်အထည်ဖော်နိုင်ရန်အတွက် KNU - ကရင်အမျိုးသား အစည်းအရုံးကြီးက initiatative ကမကထ ပြုဝိုင်းဝန်း ပူးပေါင်းဖော်ဆောင်ပေးဖို့ ပန်ကြားပါတယ်လို့ သဝဏ်လွှာမှာဖော်ပြခဲ့သည် ဟု ဆိုသည်။

ကရင်ပြည်နယ်နယ်ခြားစောင့်တပ်အားလုံးသည်လည်း စစ်ကောင်စီလက်အောက်ခံအဖြစ်မှ ခွဲထွက်ပြီး ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ပေါင်းစည်းရာတွင် တပ်နယ် ၄ ခုမှ တပ်ရင်း ၁၃ရင်း အင်အား ၇၀၀၀ ကျော်ရှိသဖြင့် စစ်ကောင်စီတွင် အင်အားလျော့နည်းသွားသလို ကရင်အဖွဲ့အစည်းများသည်လည်း တစုတစည်းတည်း ရှိလာနေပြီဖြစ်သည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် မတရားအဓမ္မသိမ်းယူခဲ့ပြီးနောက် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုမှုများကို မလိုက်လျောသလို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်လာခဲ့သည်မှ ယခုအခါ လူဟုပင်မဆိုနိုင်သည့် ကြမ်းကြုတ်ရက်စက်စွာ ပြုမူသတ်ဖြတ်ပြလာမှုများက ပြည်သူတစ်ရပ်လုံး၏ နှလုံးစိတ်ဝမ်းကို ပူလောင်စွာပိုမို လောင်မြိုက်စေလာပြီး အကြမ်းဖက်စစ်ကောင်စီအမြန်ဆုံးအဆုံးသတ်နိုင်ရေး သံဓိဌာန်များသည် မှတ်တိုင်မှသည် ကျောက်သားကျောက်စိုင်လို ကျောက်တိုင်များအထိ ခိုင်မာစွာ ခိုင်ခိုင်မတ်မတ် ချမှတ်လာနေကြသည်ကတိုးပွားလာနေသည့် တော်လှန်ရေးအင်အားစုများက သက်သေပြနေပါသည်။

စစ်အာဏာရှင်က ပြည်သူလူထုတင်မြောက်သည့် လူထုအစိုးရကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့သည်မှာ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ၃ နှစ်ပြည့်ခဲ့ပေပြီ။ ယင်း ၃ နှစ်တာ ကာလအတွင်း ပြည်သူများဘက်က ပေးဆပ်ရမှုများကို စာရင်းဖြင့် ဖော်ပြရမည်ဆိုပါက ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNHCR) ၏ခန့်မှန်းချက်များအရ နိုင်ငံတွင်းနေထိုင်သူ ၃ ပုံ ၂ ပုံသည် စစ်၏ ဘေးဒဏ်ကို ခံစားနေကြရပြီး ၂.၆သန်းခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု သိရသည်။ ယခုချိန်ထိ လူပေါင်း ၄၆၀၀ ခန့် သေဆုံးခဲ့ကြရပြီး လူ ၂၀၀၀၀ ခန့် ဖမ်းဆီးအကျဉ်းချ ခံနေရဆဲ ဖြစ်သည်။ ၁၈.၆သန်းခန့်သည် လူသားချင်း စာနာစွာ ထောက်ပံ့မည့် အကူအညီများ လိုအပ်နေပြီး ထိုပမာဏသည် အာဏာစသိမ်းခံခဲ့ရသည့်၂၀၂၀ ထက်စာလျှင် ၁၉ ဆ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း ၃ နှစ်တာကာလအတွင်း နေအိမ် အဆောက်အဦပေါင်း ၇၈၇၃၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data For Myanmar အဖွဲ့စစ်တမ်းတွင် ပါရှိသည်။ ယမန်နှစ် အချက်အလက်များနှင့်နှိုင်းယှဉ်ချက်အရ အသတ်ခံရသူ ၁၆၀၀ ကျော်တိုးလာပြီး အိုးပစ်အိမ်ပစ်ထွက်ပြေးရသူ ၁.၄ သန်း ပိုတိုးလာသဖြင့် တတိယနှစ် တစ်နှစ်အတွင်း ၂ ဆကျော် တိုးလာကြောင်း သိရသည်။

လူနေမှုအဆင့်အတန်း နိမ့်ကျလာခြင်း၊ အလုပ်အကိုင်ရှားပါးလာခြင်း၊ ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်းနှင့် လုံခြုံမှုမရှိသည့် အခြေအနေအရပ်ရပ်ကြောင့် လူငယ်အများအပြားသည် နိုင်ငံကိုစွန့်ခွာကာ ပြည်ပနိုင်ငံများသို့ ရရာအလုပ်သွားရောက်လုပ်ကိုင်လာသူ အထူး များပြားလာခဲ့သည်မှာ မူဆယ် မှ ရွှေလီဘက်သို့နေ့စဉ်ရက်ဆက် အလုပ်သွားရောက်ရှာဖွေရန် လူထောင်ချီ တန်းစီနေသည့် သတင်းများနဲ့ ထိုင်းနိုင်ငံဗီဇာရဖို့ လူထောင်ချီစောင့်ဆိုင်းရာက သေဆုံးမှုတွေဖြစ်ပေါ်ခဲ့ရသည့် မန္တလေးလူထုဖြစ်ရပ်က သက်သေများပင်။

၂၀၂၁ ခုနှစ် က ယခု ၂၀၂၃ ကုန်သည့် ၃နှစ်ကျော်ကာလအတွင်း အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာခြင်း၊ စစ်ဘေးရှောင်များ ပိုမိုများပြား လာခြင်း၊ အသက်အိုးအိမ်စည်းစိမ် စီးပွားရေးများ ပျက်စီးဆုံးရှုံးလာခြင်း ဘေးဒုက္ခများစွာက နိုင်ငံအား ဆင်းရဲတွင်း နက်သည်ထက်နက်အောင် ပြုလုပ်လာလျက် ရှိပေသည်။

စစ်ကောင်စီ၏ လျော့ပါးလာသည့်အင်အားများတွင် ၎င်းတို့အားကိုးသည့်လေယာဉ်များ ပစ်ချခံလာရသလို ပျက်ကျလာသည်များ ရှိလာနေသည်မက ရေတပ်အနေဖြင့်လည်း ရခိုင်စစ်မျက်နှာတွင် အကြီးအကျယ်နစ်မြုပ်ခံနေရသည်က ဝေဟင်၊ ရေပြင်စိုးမိုးမှုတွင် ရှုံးနိမ့်လာနေခြင်း၏ သက်သေများပင်။ နေ့စဉ်လို အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးနေသည့်ဦးရေ၊ လက်နက်ချနေသည့်ဦးရေ၊ ဘက်ပြောင်းလာသည့် ဦးရေ တို့က ယင်း၏ ခိုင်မာမှုကို ပျက်စီးလာနေစေသလို နိုင်ငံရေး၊ စစ်ရေး အဖက်ဖက်က ရှုံးနိမ့်နေမှုကြောင့် ပျက်သုန်းလာနေသည့် စိတ်ဓာတ်များကလည်း ပြိုကျလာနေသည်မှာ အထင်အရှားပင်။ အရေးနိမ့်လာနေသည်ကို ကြမ်းကြုတ်ရက်စက်မှုများနှင့် ပြည်သူများအပေါ်သာမက ကိုယ့်တပ်များအပေါ်မှာပင် ရက်စက်ပြနေခြင်းဖြင့် တောင့်ခံနေခြင်းဖြစ်သည်။

ပေါင်းစုလာသည့် KNU က မြို့တွေကိုတိုက်ရင်း အသေမခံနိုင်ဘဲ အဓိကနေပြည်တော်ကို တိုက်ရန် ပြောဆိုလာခဲ့သည်က မြန်မာနိုင်ငံအရပ်ရပ် စစ်မျက်နှာများ တွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီကို နေပြည်တော်မှာ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်စေခဲ့သည့် တွန်းအား ကြီးတစ်ခုပင်ဖြစ်ပေသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်ကစခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ၀၃၀၇ စစ်ဆင်ရေးက ရက်ပိုင်းအတွင်း စခန်းပေါင်း ၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းကလည်း စစ်ကောင်စီအတွက် ချိနဲ့နေတဲ့အင်အားနဲ့ပြိုကျနေတဲ့ စိတ်ဓာတ်တွေကို မီးမောင်းထိုးပြနေပေသည်။
ပဋိပက္ခစွန်း နှစ်ဘက်ရဲ့ အခြေအနေကို အကျဉ်းချုပ်ပြဆိုရာလျင် အာဏာသိမ်းကောင်စီသည် နိုင်ငံရေးမျက်နှာစာတွင် ရုရှား၊ တရုတ်တို့၏ မျက်နှာသာ မရတော့ခြင်း၊ စစ်အင်အားအလွန်အမင်းလျော့နည်းလာနေခြင်း၊ တပ်စခန်းများစွာ မြို့ရွာများစွာ လက်လွှတ်နေရခြင်း၊ ဝေဟင်စိုးမိုးသည့် လေယာဉ်များပစ်ချခံရမှု၊ ပျက်ကျမှု အရေအတွက် ပိုမိုလာနေခြင်းနှင့် ရခိုင်စစ်ရေပြင်တွင် ရေယာဉ်များ အကျအဆုံးများစွာနဲ့ဆုံးရှုံုးလာနေသလို ရှမ်းပြည်နယ်မြောက်ပိုင်းကို ၁၀၂၇ စစ်ဆင်ရေးဖြင့် လက်လွှတ်ခဲ့ရပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့ ၄၃ မြို့ရှိလာသည်သာမက လက်ရှိတွငိ ရခိုင်ပြည်နယ်ကိုပါ လက်လွှတ်ရလုနီးပါး ဖြစ်လာနေပြီး အဖက်ဖက်က အရေးနိမ့်လာနေသည်ကို သေချာပေါက်စစ်ရှုံးနေပြီ ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောခဲ့ခြင်းဖြစ်သည်။

“ တပ်အချင်းချင်းတိုက်မနိုင်လို့ ဘာလက်နက်မှ မရှိတဲ့ အပြစ်မဲ့ပြည်သူ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီး သတ်ဖြတ်၊ ညစ်လုံးစုံနဲ့ဆက်ပြီး လက်နက်အားကိုး မိုက်တွင်းနက်နေအုံးမယ်ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီး မြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်`ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီကို အကြံပြုခဲ့သည်။

သို့အတွက် အရှုံးမပေးသေးဘူးလား စစ်ကောင်စီဟု …။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆီဆိုင်တိုက်ပွဲနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအရွေ့

စစ်အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့် အားကောင်းလာတာနဲ့အမျှ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်တွေဟာလည်း အားကောင်းလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့ အထက်လွှတ်တော် ကို အဆိုတင်သွင်းလိုက်တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

The CCP’s feeble property crisis response prolongs economic pain

As China's property sector crisis continues to spiral out of control, the Chinese Communist Party's (CCP) response has been woefully

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now