ဆောင်းပါး

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသွားနိုင်ဖို့ ဗမာပြည်နယ်ပေါ်ပေါက်ရေး စိန်ခေါ်မှုများ

မဲခေါင် 23 Dec - 2023
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းရင်းသားတန်းတူညီမျှမှုရှိရေးမှသည် ဗမာပြည်နယ် ပေါ် ပေါက်သင့်မသင့် ကျယ်ကျယ်လောင်လောင် ဆွေးနွေးနေကြသည်။

မီ

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းရင်းသားတန်းတူညီမျှမှုရှိရေးမှသည် ဗမာပြည်နယ် ပေါ် ပေါက်သင့်မသင့် ကျယ်ကျယ်လောင်လောင် ဆွေးနွေးနေကြသည်။ မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားများ တန်းတူညီမျှမှု ရှိရေးသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ထောက်တိုင်တခုအဖြစ် ဗမာပြည်နယ် မဖြစ်မနေ ဖော်ဆောင်ရမည်ဆိုသည့် အမြင်သဘောထားတွေ ရှိသလို၊ တစ်ဖက်တွင်လည်း တိုင်းရင်းသားတန်းတူညီမျှရေး ဖြစ်မှုသည် ဗမာပြည်နယ် ပေါ်ပေါက်ရန်မလိုအပ်ပဲ ဆောင်ရွက်၍ရသည်ဆိုသည့် အမြင်လည်းရှိနေသည်။ ရှေးဦးစွာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်မှာ ဗမာပြည်နယ် ဘာကြောင့်ပေါ်ပေါက်ဖို့ လိုအပ်သနည်း ဆန်းစစ်ကြည့်ရန်လိုပါသည်။

ဗမာပြည်နယ် ပေါ်ပေါက်ရေး ဘယ်က စတင်ခဲ့သလဲ

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသည် တိုင်းရင်းသားလူမျိုးတွေကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ဖြစ်ရန်လိုအပ်သည်။ ထိုဖက်ဒရယ်ဒီမိုကရေစီစနစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူ လက်မှတ်ထိုးခဲ့ကြသည့် ပင်လုံစာချုပ် ကတိကဝတ်များနှင့် ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံက ချမှတ်ခဲ့သည့် ရှမ်းမူ ၅ ချက်ကို အခြေခံရန် တိုင်းရင်းသားတွေဘက်က တောင်းဆိုကြသည်။ အဆိုပါအချက်တွေထဲက တိုင်းရင်းသား လူမျိုးအုပ်စု တွေကြားမှာ တန်းတူညီမျှမှုရှိဖို့ ဗမာပြည်နယ်ပေါ်ပေါက်ရေးကိစ္စ ပါဝင်သည်။

ပင်လုံစာချုပ်လက်မှတ်ရေးထိုးစဥ် ဗမာနှင့် တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရရှိရမည်ဟု ဗိုလ်ချုပ်အောင်ဆန်းက အာမ ခံချက်ပေးခဲ့ကြောင်း၊ တန်းတူရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အပါအဝင် အချို့ သော နိုင်ငံရေး သဘောတူညီချက်များမှာ စာချုပ်တွင်ရေးသားထားခြင်းမရှိသော ကတိကဝတ်များဖြစ်ပြီး ထိုကတိ ကဝတ်များကို တိုင်းရင်းသား များက လက်ခံယုံကြည်၍ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရှမ်းနိုင်ငံရေး သမား ဦးရွှေအုံး၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ကိုးကား၍ ဖက်ဒရယ်နှင့် အခြေခံ ဥပဒေရေးဆွဲရေးရာ လေ့လာသူ ဦးခင်မောင်ဝင်းက ပြောသည်။

၎င်းက “လွတ်လပ်ရေး ရပြီးနောက် တိုင်းရင်းသားတွေက ဗမာတွေနဲ့ တန်းတူအခွင့်အရေး ရရမယ်ဆိုပြီး အာမခံထားခဲ့တယ်၊ လွတ်လပ်ရေးရပြီး ဒီဘက် ခေတ်မှာ လုပ်ကြတာက ဗမာပြည်နယ်ဆိုပြီး သက်သက်မရှိပဲနဲ့ အင်္ဂလိပ်ခေတ်က ရှိခဲ့တဲ့ Ministerial Burma တနည်း Proper Burma ဗမာပြည်မဆိုပြီး လုပ်ထားတယ်၊ အဲ့ဒီ ဗမာပြည်မမှာမှာ ကျန်တိုင်းရင်းသားပြည်နယ်တွေက လာပြီး တော့ ပူးပေါင်းတာမျိုးဖြစ်သွားတယ်။ အခုချိန်မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို သွားမယ်ဆိုရင် ဗမာပြည်နယ် ပြန်လည် ဖော်ဆောင် ပြီး ဗမာပြည်နယ်ကလည်း ကျန်တဲ့တိုင်းရင်းသားတွေနဲ့ တန်းတူ လုပ်မှသာ တိုင်းရင်းသား တန်းတူညီမျှ မှုဆိုတာရ မယ်၊ ဒါကြောင့် ဗမာပြည်နယ်ရှိဖို့ လိုအပ်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးအလွန်ခေတ်မှာ ကျင့်သုံးခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေက ပုံဖေါ်ပေးထားတဲ့ ဖက်ဒရယ်စနစ်ဟာ တစ်ဝက်တစ်ပျက် ဖက်ဒရယ်စနစ် (quasi-federalism) သာဖြစ်ပါတယ်။ အခြားဖက်ဒရယ်စစ်စစ်နိုင်ငံများတွင် တွေ့ရသော
ပြည်နယ် ဥပဒေပြုလွှတ်တော် (state legislature) ၊ ပြည်နယ်အစိုးရ (state government)၊ ပြည်နယ် တရားရုံးများ ကို သီးသန့်ထူ ထောင်ထားခြင်းမရှိပဲ ဗဟိုအစိုးရ လက်အောက်ခံပုံစံဖြင့် ဖွဲ့စည်းထားသည်။

ပြည်နယ်အတွက်တာဝန်ပေးအပ်မည့် ပြည်နယ်ဝန်ကြီးများကို ဗဟိုအစိုးရထဲ ထည့်သွင်းဖွဲ့စည်းခြင်းသည် ပြည်နယ်အစိုးရများကို ဗမာလွှမ်းမိုးသော ဗဟိုအစိုးရ လက်အောက်ခံ ဖြစ်အောင် ပုံဖေါ်ထားသည်။ ထို့အပြင် ပြည်ထောင်စု အထက်လွှတ်တော်ဖြစ်သော လူမျိုးစုလွှတ်တော် (Chamber of Nationalities) တွင် အမတ်နေရာ ၁၂၅ နေရာရှိရာ ဗမာပြည်မက ၅၃ နေရာရရှိပြီး ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း တိုင်းရင်း သားများက ၇၂ နေရာ ရရှိရာ တိုင်းရင်းသားများ ကိုယ်စားပြုမှု တန်းတူမဖြစ်ခဲ့ပေ။ ထိုအချက်များအပြင် အခြားသော တန်းတူမရှိမှုများကြောင့် ၁၉၄၇ အခြေခံဥပဒေအရ ဖက်ဒရယ်မူကို အတုဟု ခေါ်ခြင်းဖြစ်ကြောင်းလည်း ဦးခင်မောင်ဝင်းက ထောက်ပြ သည်။

ပြည်နယ်နှင့်တိုင်း ၁၄ ခုဖြစ်လာ

၁၉၆၂ ခုနှစ်စစ်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်ပါတီအာဏာရှင်စနစ် (totalitarianism) ကိုတည်ဆောက်ရာတွင် မြန်မာနိုင်ငံကို တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ပြည်နယ်နဲ့ ဖွဲ့စည်းခဲ့သည်။ ဗမာလူမျိုး အများစုနေထိုင်ရာနေရာတွေကို တိုင်း ၇ တိုင်းအဖြစ် သတ်မှတ်ထားသည်။ ကျန် တိုင်းရင်းသားများ ၇ မျိုးအတွက် ပြည်နယ် ၇ ခု ဖေါ်ဆောင်ထားသည်။ ပြည်နယ်နှင့်တိုင်းများ နိုင်ငံရေးအဆင့်အတန်း တန်းတူဖြစ်ကြသည်။ ဖက်ဒရယ်ရှုထောင့်က ကြည့်မယ် ဆိုရင် ဗမာမဟုတ်တဲ့ တိုင်းရင်းသားများက ပြည်နယ်တစ်ခုသာ ရရှိချိန်မှာ ဗမာတစ်မျိုးတည်းက တိုင်း၇ ခု ရရှိပြီး ၇ ဆ အသာ ဖြင့် နိုင်ငံရေးအဆင့်အတန်း ရရှိနေခြင်းသည် ကြီးမားသော မညီမျှမှုကြီးဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ၁၉၇၄ အခြေခံဥပဒေက စခဲ့တဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုကို နိုင်ငံဖွဲ့စည်းပုံအဖြစ် ပြန်ယူ လာခြင်းကြောင့် ၂၀၀၈ အခြေခံဥပဒေ အရတွင် တိုင်းနှင့်ပြည်နယ်တစ်ခုချင်းစီက လွှတ်တော်အမတ် ၁၂ ယောက်နဲ့ တပ်ကိုယ်စား လှယ် ၅၆ ယောက်ပေါင်းပြီး အထက်လွှတ်တော်တနည်းအားဖြင့် အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းထားသည်။

တိုင်းရင်းသား ပြည် နယ် ၇ ပြည်နယ်မှပြည်နယ် တခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး တင်မြှောက်ခွင့်သတ်မှတ်ထားပြီး ပြည်နယ် ၇ ပြည်နယ်အတွက် တိုင်းရင်းသားကိုယ်စားလှယ် ၈၄ ဦးနဲ့ တိုင်း ၇ တိုင်းအတွက် ကိုယ်စားလှယ် ၈၄ ဖြင့်ဖွဲ့စည်းထား ခြင်းဖြစ်သည်။ ဒီအချိုးချမှု စနစ် သည် မမျှတမှုကို မီးမောင်းထိုးပြနေပြီး တိုင်း ၇ တိုင်းတွင် နေထိုင်သူများသည် ဗမာတိုင်းရင်းသားအများစု ဖြစ်နေသည့်အတွက် အမျိုးသားလွှတ်တော်(အထက်လွှတ်တော်)တွင် ဗမာကိုယ်စားလှယ်က ၈၄ ဦးဖြင့် နေရာယူထားပြီး ဗမာလူမျိုးကြီးစိုးမှုကို ထင်ဟပ်နေသည်။

၂၀၀၈ အခြေခံဥပဒေအရ လက်ရှိ မြန်မာနိုင်ငံကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း ၁ ခု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့နေရသည့် တိုင်းရင်းသားတန်းတူညီမျှမှုမရှိသည့် ကိစ္စတွေသည် ဗမာပြည်နယ် ပေါ်ထွန်း သည်နှင့်အလုံးစု ဖြေရှင်းပြီးသားဖြစ်သည်လို့ ယူဆ၍ မရပဲ ဗမာပြည်နယ်ပေါ်ထွန်းရေးသည် တိုင်းရင်းသား တန်းတူ ရေးအတွက် အထောက်အပံ့ဖြစ်စေသည့် စဥ်းစားချက်တခုဖြစ်သည်ဟုသာ ဆိုနိုင်သည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေ အတွင်းရေးမှူး နန်းမို့မို့က ဆိုသည်။

“အထူးသဖြင့် ဗမာပြည်နယ် ပေါ်ထွန်းလိုက်ရင် ဗမာလူမျိုးတွေချည်းပဲ ကြီးစိုးတဲ့ကိစ္စကိုလျှော့ချနိုင်မယ်။ ကျွန်မတို့ ပြန်ကြည့်မယ် ဆိုရင် နိုင်ငံရေးအရ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာကို ပြန်ကြည့်ရင် ၁၉၄၇ ဖွဲ့စည်းပုံကိုပဲ ကြည့်ကြည့် ၁၉၇၄ ဖွဲ့စည်းပုံကိုပဲကြည့်ကြည့် အဲ့ဒီ့မှာ လွှတ်တော်တွေ အစိုးရဖွဲ့တဲ့အခါ ဗမာတွေက ပြည်နယ်လို့မရှိပဲ တိုင်း တွေဖွဲ့တယ်၊ တိုင်းတွေဆိုတာ အများစု ဗမာတွေ နေတာဖြစ်တယ်၊အဲ့အခါကြတော့အများစုက သီးသန့်ပြည်နယ်မရှိတော့လွှတ်တော်မှာ အထူးသဖြင့် ဗမာအများကြီး လာကြီးစိုး နေတဲ့ကိစ္စ တွေဖြစ်နေတယ် နှစ်ပေါင်းများစွာလိုပဲ ဒီနေ့ ဒီအချိန်အထိ ဖြစ်တယ်၊တကယ်လို့ ဗမာပြည်နယ် ပေါ်ထွန်းဖို့ လုပ်ရင် တော့ တန်းတူရေးသွားဖို့ အထောက်အပံ့ဖြစ်စေတယ်”လို့ သူမက ဆိုသည်။

ဗမာပြည်နယ် ဖွဲ့စည်းရေးအတွက် တိုင်းရင်းသား အင်အားစုအချို့မှ တင်ပြမှုများ ရှိသလို အခြားတစ်ဖက်မှာလည်း ရှမ်းနီ၊ ပအိုဝ်း၊ တအာင်း (ပလောင်)နှင့် ‘ဝ’ တို့သည်လည်း ပြည်နယ်သစ်များ ဖွဲ့စည်း‌‌‌ပေးရန် တောင်းဆိုမှုများ ရှိနေသည်။ ဗမာပြည်နယ် ဖွဲ့စည်း ရေးအတွက် ဗမာလူထု လက်ခံခြင်း၊ လက်မခံခြင်းဆိုသည်မှာ ဗမာလူထုကို ကိုယ်စားပြု သည့် အဖွဲ့အစည်းအပေါ် မူတည်နေ သည်ဟု ဆိုကြသည်။

“တိုင်းရင်းသား ရှုထောင့်အနေနဲ့ ပြောရမယ်ဆိုရင် ၁၉၄၇ ဖွဲ့စည်းပုံအရ ပြည်ထောင်စုစနစ်ကိုမဖော်ဆောင်ခဲ့ဘူး တနည်းအားဖြင့် ဗိုလ်ချုပ် အောင်ဆန်းရဲ့ လမ်းညွှန်ချက် ၇ ချက်နဲ့ အခြေခံမူ ၄ ရပ်အပေါ်မှာ မသွားခဲ့ဘူး။ ဒုတိယအချက်က ၁၉၆၁ ခုနှစ် မှာ တောင် ကြီး ညီလာခံကနေ တိုင်းရင်းသားတွေဘက်က အခြေခံစဥ်းစားတဲ့ တိုင်းရင်းသားတန်းတူရေးဆိုတဲ့နေရာမှာ ဗမာပြည်နယ်လည်း ပါသင့်တယ်၊ ဒါက ပင်လုံစာချုပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွှန်ချက်ပဲ”ဟု တိုင်းရင်းသားနိုင်ငံရေးကျွမ်းကျင်သူ ဖဒိုမန်းမန်းက ပြောသည်။

ဗမာပြည်နယ်ကို ဘယ်လိုနယ်နမိတ် သတ်မှတ်မလဲ

ဗမာပြည်နယ် ပေါ်ပေါက်ရေး ကိစ္စတွင် မည်သည့် နယ်နမိတ်အပိုင်းအခြားကို ဗမာပြည်နယ်အဖြစ်သတ်မှတ်မည်လဲဆိုသည့် စဥ်းစားချက်လည်း ရှိလာသည်။ ဖက်ဒရယ်ဒီမိုကရစီ ပြည်ထောင်စုကို တည်ဆောက်ရေး ပြောကြရာတွင် ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့သည့် ပင်လုံစာချုပ်အပေါ် အခြေခံ ပြောကြခြင်း ဖြစ်သည်။

ထိုအခြေအနေတွင် အင်္ဂလိပ်လက်ထက် လွတ်လပ်ရေးအတူတကွရယူခဲ့သည့် တောင်တန်းနှင့် ပြည်မ ပိုင်းခြားမှုဖြင့် သွားလျှင် ရှမ်းပြည် နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်များသည် အင်္ဂလိပ်လက်အောက်တွင် ပုံစံတစ်မျိုးနှင့် ရပ်တည်ခဲ့ပြီး ကျန်နေ ရာများ သည် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့သည့် ဗမာပြည်မနှင့် တွဲနေသည်။ ထိုထဲတွင် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲအပြီး ၁၈၂၄ ခုနှစ် ကတည်းက သိမ်းပိုက်ခံလိုက်ရသည့် ရခိုင်၊ မွန်၊ ကရင် နယ်မြေများပါဝင်သည်။
ဗမာပြည်နယ်ဖွဲ့စည်းရေးလုပ်မည်ဆိုလျှင် ပြည်မကြီးကို ပြည်နယ်တခုအဖြစ် ပြန်စဥ်းစားပါက သမိုင်းကြောင်းအရ ညီညွတ်မှုရှိပြီး ယနေ့ခေတ်တွင် factor အသစ်တွေ၊ ပေးထားချက်အသစ်တွေ၊ တော်လှန်ရေးမှာ ဖြစ်တည်မှု အသစ်တွေ အများ ကြီး ဖြစ်လာသည့်အတွက် ဒါတွေသည် စဥ်းစားချက်များဖြစ်သည်ဟု စစ်ကိုင်းဖိုရမ် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုစိုးဝင်းဆွေက ပြောသည်။

၎င်းက “တိုင်း ၇ တိုင်းဆိုတာလည်း မဖျောက်ချင်ဘူးဆိုရင် တိုင်း ၇ တိုင်းသည် ဗမာပြည်မကြီး တခုအနေနဲ့ အမျိုးသား လွှတ်တော်မှာ တခြား ပြည်နယ်များနဲ့ တူညီတဲ့ကိုယ်စားလှယ်အရေအတွက် စေလွှတ်ပေါ့ဗျာ၊ တိုင်း ၇ တိုင်း ပေါင်းပြီးဖြစ်တည် လာတဲ့ ပြည်မကြီးကနေပဲ တခြားပြည်နယ်များနဲ့ နိုင်ငံရေးအခွင့်အာဏာအရ အတူတူယူလိုက်မယ် ဆိုရင်လည်း လူမျိုးရေး တန်းတူမှုကို ဖြစ်စေတယ်လို့ မြင်တယ်၊ နောက် သမိုင်းကြောင်း အရ ပြန်ကြည့်မယ်ဆိုရင်လည်း ဗမာ ပြည်မကြီးရဲ့ ဖြစ်တည်မှုနဲ့ ကိုက်ညီတယ်၊ ဒီလိုစဥ်းစားချက်တော့ရှိတယ်” ဟု သုံးသပ်သည်။

ဗမာပြည်နယ်အဖြစ် သတ်မှတ်ကြမည်ဆိုပါက ၁၄ ပြည်နယ်မူ၊ ၁၂ ပြည်နယ်မူ၊ ၈ ပြည်နယ်မူ ဟူ၍ စဥ်းစားချက် အမျိုးမျိုး ရှိနေသည်။

၁၂ ပြည်နယ်မူသည် Federal Constitution Drafting and Coordination Committee မှ ရေးဆွဲသည့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည်။

FCDCC ၏ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယမူကြမ်း အခန်း ၃ ပုဒ်မ ၄၇ တွင် ပြဌာန်းထားချက်အရ ဖက်ဒရယ် ပြည်ထောင်စုနယ်မြေတွေကို ၁၂ ပြည်နယ်အဖြစ် သတ်မှတ်ပေးထားပြီး အမျိုးသားပြည်နယ်နှင့် အမျိုးသားများပြည်နယ်များဟူ၍ ပါရှိသည်။

ကချင်အမျိုးသားပြည်နယ်၊ကရင်အမျိုးသားပြည်နယ်၊ကရင်နီအမျိုးသားပြည်နယ်၊ချင်းအမျိုးသားပြည်နယ်၊ဗမာအမျိုးသားပြည်နယ်၊မွန်အမျိုးသားပြည်နယ်၊ရခိုင်အမျိုးသားပြည်နယ်၊ရှမ်းအမျိုးသားပြည်နယ်၊တနင်္သာရီအမျိုးသားများပြည်နယ်၊ဧရာဝတီအမျိုးသားများပြည်နယ်၊ဝအမျိုးသားပြည်နယ်နှင့် ချင်းတွင်းအမျိုးသားပြည်နယ် ဆိုပြီး ရည်ညွှန်းထားသည်။

“ပြည်နယ် ဖက်ဒရယ်ယူနစ်တခုကို သတ်မှတ်ရာတွင် မည်သည့် စမှတ်ကစ၍ သတ်မှတ်မလဲ၊ မြန်မာနိုင်ငံ၏ နိုင်ငံဖွဲ့စည်းပုံအရ ပထဝီအထိုင်က သတ်မှတ်မှာလား၊ သမိုင်းအထိုင်ကနေ သတ်မှတ်မှာလား မည်သည့် criteria နဲ့ သတ်မှတ်မလဲ အဓိက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရမည့် ကိစ္စတစ်ခု ဖြစ်နေသည်။ “နောက်ဆုံးမှာ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ပြည်သူ့ဆန္ဒခံယူ တာမျိုး လုပ်ရမယ်၊ ပြည်သူ့ဆန္ဒကိုလေးစားပြီး အခြေခံရမယ့် အပိုင်းတွေရှိသည်”ဟု စစ်ကိုင်းဖိုရမ် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုစိုးဝင်းဆွေက ပြောသည်။

Federal Constitution Drafting and Coordination Committee (FCDCC) က ရေးဆွဲသည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းမှာ ဒုတိယမူကြမ်းအဖြစ် ရေးဆွဲပြီးသော်လည်း အကောင် အထည်ဖော်နိုင်မှု မရှိခဲ့ချေ။

လက်ရှိ‌ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ Federal Democracy Charter (FDC) အစိတ်အပိုင်း(၁)မှာလည်း ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူအရ “ ပြည်ထောင်စုအဖွဲ့၀င်ပြည်နယ်များနှင့် ယင်းပြည်နယ် များအတွင်းရှိပြည်သူတို့သည် အချုပ်အခြာအာဏာ၏မူရင်းပိုင်ရှင်များ ဖြစ်သည်” လို့ ရေးဆွဲထားသည်။

ဒါ့အပြင် “ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသော ပြည်ထောင်စုအဖွဲ့၀င် ပြည်နယ်များဖြင့် ဖွဲ့စည်းသည်။ ပြည်ထောင်စုအဖွဲ့၀င် ပြည်နယ်များအားလုံး (ဖက်ဒရယ်ယူနစ်အားလုံး)တို့သည် နိုင်ငံရေးအရ တန်းတူသည်” ဟု ပြဌာန်းထားသည်။

အဓိကဖြစ်သည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကျောရိုး ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံမူကို ယနေ့အထိ နွေဦးတော်လှန်ရေး စတင်ပြီးတဲ့အချိန်ကာလနောက်ပိုင်းမှာ တိတိကျကျမပေါ်လာနိုင်ခဲ့တဲ့ အခြေအနေကြောင့်လည်း ဗမာပြည်နယ်ဖွဲ့စည်းရေးဆိုသည့် စကားပြောစရာများဖြစ်လာသည်ဟု တိုင်းရင်းသားနိုင်ငံရေးကျွမ်းကျင်သူ ဖဒိုမန်းမန်းက ဆိုသည်။

၎င်းက “ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ ပဲဖြစ်ဖြစ်၊ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြစရာ မှီခိုစရာ မှီငြမ်းစရာမရှိတဲ့ အခါကြတော့ ကျွန်တော်တို့က ပိုပြီး တော့ ဝေါဟာရ အရကိုပဲ ဆက်ပြီးတော့မှ ဗမာပြည်နယ်ပဲပြောပြော ဧရာဝတီပြည်နယ်ပဲပြောပြော မကွေး၊ စစ်ကိုင်း ပြည်နယ်ပဲ ပြောပြော ဝေါဟာရ အရကို လက်ခံ၏ မလက်ခံ၏ ဆိုတဲ့ အငြင်းပွားမှုတွေပြောနေရတယ်။ ဒါကိုဖြေရှင်းနိုင်မှုနည်းလမ်းက ပထမ ခြေလှမ်းဆိုတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ဖို့က ဆောင်ရွက်နိုင်မယ်ဆိုရင် ဗမာပြည်နယ်ထားရှိရေး အခြေခံ စဥ်း စားချက်က သိပ်ခက်ခဲတဲ့အရာမဟုတ်ဘူးလို့ မြင်တယ်”ဟုပြောသည်။

ဗမာပြည်နယ်ဖွဲ့စည်းရေးဆောင်ရွက်ချက် တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန် မည်သည်က အချိန်ကောင်းဖြစ်မလဲ…

ဗမာပြည်နယ်ဖွဲ့စည်းရေး ဆောင်ရွက်မှုသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို သွားနိုင်ဖို့ စစ်အာဏာရှင်ပြုတ် ကျရေးနဲ့အတူ ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးအတွင်းမှာ ဆောင်ရွက်ရမည် ဆိုသည့်အမြင်များလည်းရှိသည်။ တစ်ဖက်တွင်လည်း နွေဦးတော်လှန်ရေးအောင်မြင်ပြီးမှသာ လုပ်ဆောင်သင့်သည်ဆိုသည့် သဘောထားကွဲလွဲမှုများလည်း ပေါ်ပေါက်နေသည်။

နွေဦးတော်လှန်ရေး အောင်မြင်မှ ဗမာပြည်နယ် ဖွဲ့စည်းရေးဆောင်ရွက်မည်ဆိုလျှင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ဘယ်လို အားနည်းချက်တွေဖြစ်လာနိုင်မလဲဆိုတာကို DAB/NCUB ဖက်ဒရယ် အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီဝင်ဖြစ်ခဲ့သူ ဦးခင်မောင်ဝင်းက နိုင်ငံရေးရည်မှန်းချက် သေချာ အကောင်အထည်မဖော်နိုင်ပါက နောက်ဖြစ်လာမည့် နိုင်ငံရေးအခင်းအကျင်းတွင်လည်း ဗမာတွေအပေါ် တိုင်းရင်းသားများ၏ ယုံကြည်မှု တည်ဆောက်လို့ရမည် မဟုတ်ဟု ပြောသည်။

“တိုင်းရင်းသားတွေက နွေဦးတော်လှန်ရေးမှာ သူတို့ ကိုယ်တိုင်အနစ်နာခံပြီးတော့မှ ဗမာပြည်မက လူငယ်တွေကို သင်တန်း ပေးတာ၊ လက်နက်တပ်ဆင်ပေးတာ၊ အထောက်အပံ့ပေးနေတာတွေ သူတို့ပြည်နယ်တွေကို ဗုံးကြဲခံပြီး တိုင်းရင်းသားတွေက ဘာကြောင့်လုပ်ပေးနေလဲဆိုတော့ system change အထိ သွားဖို့ မျှော်လင့်ချက်ရှိလို့ လက်တွဲလုပ်နေတာ၊ စစ်အာဏာ ရှင်ပြုတ် ကျပြီးမှ ကျန်တာ ဆက်ဆွေးနွေး လို့ပြောရင် အဲဒါဟာ regime change အဆင့်ပဲဖြစ်ပြီး၊ regime change အောင်မြင်ပြီး တဲ့အခါ system change အထိ သွားပါ့မယ်လို့ အာမခံချက် မရှိတဲ့အတွက် တိုင်းရင်းသားတွေက မယုံတာ၊ regime change ပုံစံပဲသွားနေမယ်ဆိုရင် တိုင်းရင်းသားတွေဘက်က ဗမာ၊ ဗမာချင်းဖြစ်တဲ့ပြဿနာလို့ယူဆပြီး system change လုပ်မှ သူတို့ပါ ပါတယ်လို့ ယူဆမှာဖြစ်တယ်၊” ဖြစ်သည်ဟု ဦးခင်မောင်ဝင်းက သုံးသပ်ပြောဆိုသည်။

ဗမာပြည်နယ်ယူနစ်တစ်ခု ပေါ်ပေါက်ရေးစဥ်းစားချက်သည် ဗမာတိုင်းရင်းသားများသည်ပင် အခြားတိုင်းရင်းသား များနှင့် နည်းတူ တိုင်းပြည်၏ ဥစ္စာဓန ခွဲဝေရေးတွင်ဖြစ်ဖြစ် ဥပဒေပြုရေးတွင်ဖြစ်ဖြစ် တူညီတဲ့ အချိုးကျစနစ်ဖြင့် တန်းတူညီမျှ ရရှိဖို့ပင် ဖြစ် သည်။ တနည်းအားဖြင့်ဆိုလျှင် လူမျိုးတမျိုးက တစ်ဖက်သတ် အသာစီးမရအောင် ဘယ်လိုလုပ်ကြမလဲဆိုသည့် အဓိက စဥ်းစား ချက်ဖြစ်သည်။

လက်ရှိအခင်းအကျင်းအရ ကရင်နီပြည်နယ် ၊ ချင်းပြည်နယ်တွေမှာ ကြားကာလအုပ်ချုပ်မှုအဖွဲ့များပေါ်ပေါက်ခဲ့သလို စစ်ကိုင်း ဖိုရမ်၊ မကွေးဖိုရမ် ၊ တနင်္သာရီစတဲ့ တိုင်းများတွင်လည်း တော်လှန်ရေးကာလ ရှိရင်းစွဲ Category ကို အခြေခံ၍ စုဖွဲ့မှုများရှိနေ ကာ ဗမာနာမည်ကို အခြေပြု၍စုဖွဲ့မှုများလည်း ပေါ်ပေါက်လာသည်။

လူမျိုးတိုင်းသည် တူညီသည့် အခွင့်အရေးကို ရရမည်ဆိုသည့် အခြေခံမူအောက်မှစဥ်းစားမည်ဆိုလျှင် ဗမာပြည်နယ်ယူနစ် ပေါ်ပေါက်ရေး လိုအပ်သည်ဟု ဆိုနိုင်ကာ ဗမာတိုင်းရင်းသားတွေဘက်ကလည်း သမိုင်းကြောင်းအမှန်ကို သိရှိပြီး ဒီသဘောထားတွေကို နားလည်လက်ခံဖို့ လိုအပ်ပါသည်။

ဗမာပြည်နယ် ပေါ်ပေါက်ရေး စိန်ခေါ်မှုမှသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ သွားနိုင်ရေးသည် မဟာဗမာ လူမျိုးကြီး ဝါဒကို ချေဖျက်နိုင်မှသာလျှင် တိုင်းရင်းသားတွေ တန်းတူရည်တူရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေးကို အထောက်အကူပြုနိုင်ကြောင်း ဖက်ဒရယ်နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

#MeKongNews

#ဖက်ဒရယ်

#စိန်ခေါ်မှုများ

ပုံစာ – အင်္ဂလိပ် လက်အောက်တွင် Ministerial Burma နှင့် ကျန်နယ်မြေများကို ခွဲခြားအုပ်ချုပ်ပုံ အခြေပြမြေပုံ၊ အဝါရောင်များမှာ Ministerial Burma ဖြစ်ပြီး ထိုနယ်မြေများကို ကိုယ်စားပြုကာ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ်တွင် လက်မှတ်ရေး ထိုးခြင်းဖြစ်သည်။ Source Thant Myint-U X.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now