မဲခေါင်၊ သြဂုတ် ၈
အရေးပေါ်အခြေအနေ ကြေညာထားတာကို သက်တမ်းတိုးဖို့ အာဏာသိမ်းစစ်တပ်ရဲ့နောက်ဆုံးလုပ်ရပ်ဟာ တည်ငြိမ်မှုပြန်ရဖို့ အင်အားသုံးကြိုးပမ်းနေတာဟာ ပြည်သူတွေရဲ့လက်မခံမှုကို အရှိန်မြင့်တက်စေလာတာကို မီးမောင်းထိုးပြနေပါတယ်။
အရေးပေါ်အခြေအနေ ကြေညာထားတာကို နောက်ထပ် ၆ လသက်တမ်းတိုးဖို့ တနင်္လာနေ့မှာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဆုံးဖြတ်လိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေကိုပြန်ရုပ်သိမ်းလိုက်ရင် နောက်ထပ် ၆ လအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့ လိုအပ်ပါတယ်။
ကြေညာချက်ဟာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအတွက် တာဝန်ပေးအပ်လိုက်တာလည်းဖြစ်ပြီး ဒါဟာ တနှစ်သာကြာရမယ့်အရေးပေါ်အခြေအနေကြေညာချက်ကို စစ်တပ်က ၄ ကြိမ်မြောက်သက်တမ်းတိုးတာလည်းဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၆ လစီသက်တမ်းတိုးတာကို အာဏာကိုင်ထားနိုင်သူတွေက လုပ်ကိုင်နိုင်ပြီး အရေးပေါ်အခြေအနေ ကြာရှည်နေခြင်းဟာ လက်နက်ကိုင်ခုခံသူတွေကြောင့်လို့ စစ်တပ်ဘက်က အကြောင်းပြထားပါတယ်။
သက်တမ်းတိုးတာကို တရားဝင်ကြောင်းပြောတဲ့အနေနဲ့ နိုင်ငံတဝန်းအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ တည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုရေးက လိုအပ်တယ်လို့ မင်းအောင်လှိုင်ကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံခြားငွေရှားပါးပြတ်တောက်နေမှုနဲ့ ဒီမိုကရေစီလိုလားတဲ့တော်လှန်သူတွေရဲ့လက်နက်ကိုင်ခုခံမှုတွေကို ရင်ဆိုင်ဖြေရှင်းနေရပါတယ်။
၂၀၁၁ ခုနှစ်မှာစတင်ခဲ့တဲ့အရပ်သားအစိုးရ ပြုလုပ်ထားတဲ့ပြုပြင်ပြောင်းလဲမှုတွေကို ပစ်ပယ်ပြီး ငြိမ်ဝပ်ပိပြားရေးကို လက်နက်နဲ့ဖော်ဆောင်ဖို့လည်း စစ်တပ်က စီစဉ်ထားပါတယ်။
အထည်ချုပ်စက်ရုံတွေအမြောက်အမြားရှိတဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ အသက် ၄၁ နှစ်အရွယ်အမျိုးသား အနှေးယာဉ်မောင်းက သူ့အနှေးယာဉ်ရဲ့ခြေနင်းပြားပေါ်ခြေတင်ပြီး ခရီးသည်တွေကိုစောင့်ဆိုင်းနေပါတယ်။
သူ့ဇနီးနဲ့ အသက် ၆ နှစ်အရွယ် သူ့ကလေးတို့အတွက် တနေ့ကို ကျပ် ၆၀၀၀ နဲ့ ၇၀၀၀ ကြားရှာဖွေနိုင်တယ်လို့ သူကပြောပါတယ်။
“ကျွန်တော်တို့အသားဟင်းတောင် မချက်စားနိုင်ဘူး။ ထမင်းနဲ့ ဟင်းသီးဟင်းရွက်ပဲစားပြီး အသက်ရှင်နေတာ” လို့ သူကပြောပါတယ်။
သူတို့မိသားစုဟာ အရင်က တံတားအောက်မှာရှိတဲ့ ကျူးကျော်တဲတွေမှာနေခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်းလပိုင်းအကြာမှာ လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ရပ်ကွက်ကို ရှင်းလင်းခဲ့ပါတယ်။
“တပတ်အတွင်းပြောင်းဖို့ သူတို့က အမိန့်ပေးတယ်။ အချိန်လည်းစေ့ရော မြေတူးစက်တွေနဲ့ သူတို့က ကျွန်တော်တို့အိမ်တွေကို ဖျက်တော့တာပဲ။ အဲဒီတော့ ကျွန်တော်တို့မှာ ထွက်သွားဖို့ကလွဲပြီး ဘာမှရွေးချယ်စရာမရှိတော့ဘူးပေါ့” လို့ သူကပြန်ပြောင်းပြောပြပါတယ်။
လူမှုဘဝတွေ တည်ငြိမ်ရေးအတွက် ဆယ်စုနှစ် ၁ ခုစာရှိခဲ့တဲ့ပြုပြင်ပြောင်းလဲမှုတွေကို စစ်တပ်က ပြောင်းပြန်လှန်ခဲ့ပြီး ကဏ္ဍအသီးသီးကို ချုပ်ကိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုအများစုဟာ အကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး။
စားသုံးဆီဈေးနှုန်းထိန်းချုပ်ဖို့ကြိုးပမ်းမှုကိုကြည့်မယ်ဆိုရင် ဇူလိုင်လကုန်အထိ တစ်ပိသာ ၄၂၃၉ ကျပ်လို့ စစ်တပ်ကသတ်မှတ်ထားပေမဲ့ အရပ်ထဲမှာရောင်းချနေတဲ့ ဈေးနှုန်းဟာ သတ်မှတ်ဈေးနှုန်းရဲ့ ၂ ဆ လောက်ရှိတဲ့ ၈၅၀၀ ကျပ်ဖြစ်ပါတယ်။
“လက်ကားရောင်းတဲ့လူတချို့က ဈေးနှိမ်ပြီးဝယ်တယ်။ ပြီးတော့ အရပ်ပေါက်ဈေးအတိုင်းပြန်ရောင်းတယ်” လို့ စားသုံးဆီရောင်းတဲ့ဆိုင်တဆိုင်ရဲ့ပိုင်ရှင်တယောက်ကပြောပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းလာတာကြောင့် နိုင်ငံခြားကတင်ပို့တဲ့ကုန်ကြမ်းပစ္စည်းတွေ၊ လောင်စာဆီနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေကို မြင့်တက်စေတာကြောင့် စားသုံးဆီနဲ့ဆန်ဈေးနှုန်းဟာ အာဏာမသိမ်းခင်ကာလကဈေးနှုန်းထက် ၂.၈ ဆနဲ့ ၁.၈ ဆ မြင့်တက်လာပါတယ်။
၂၀၁၂ ခုနှစ်မှာ ဗဟိုဘဏ်က အရင်စစ်အစိုးရရဲ့နိုင်ငံခြားငွေလဲလှယ်မှုစနစ် အများအပြားကို ဖျက်သိမ်းခဲ့ပေမယ့် ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံခြားငွေပြတ်လပ်လာတဲ့အချိန်မှာတော့ ၂၀၂၂ ခုနှစ်၊ ဧပြီမှာ စစ်တပ်က စီးပွားရေးလုပ်ငန်းတွေနဲ့ လူတဦးတယောက်ချင်းစီအနေနဲ့ နိုင်ငံခြားငွေကို ကျပ်ငွေအဖြစ်ပြောင်းလဲအသုံးပြုဖို့နဲ့ ငွေလဲနှုန်းကိုလည်း အသေသတ်မှတ်ခဲ့ပါတယ်။
လက်တွေ့မှာတော့ အသေသတ်မှတ်ထားတဲ့ငွေလဲလှယ်နှုန်းအပြင် စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ မှောင်ခိုဈေးကွက်လို့သုံးနှုန်းထားတဲ့ တရားမဝင်ငွေလဲဈေးကွက်မှာ စစ်တပ်သတ်မှတ်တဲ့ဈေးနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၂၁၀၀ ကျပ်ဖြစ်ပြီး မှောင်ခိုဈေးကွက်မှာတော့ ၃၃၀၀ ကျပ်ပေါက်ဈေးရှိနေပါတယ်။
ဘဏ်တွေက ပုံမှန်အားဖြင့် တရားဝင်ငွေလဲလှယ်နှုန်းအတိုင်း ငွေလဲပေးပြီး ဒါဟာ ဈေးကွက်ပေါက်ဈေးအရ တန်ဖိုး ၃၆ ရာခိုင်နှုန်းပိုနည်းနေပါတယ်။ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ရှိသူတွေက ၁ ဒေါ်လာကို ၂၉၀၀ ကျပ်ဝန်းကျင်နဲ့ လဲလှယ်နိုင်ပေမဲ့ ဒီငွေလွှဲပြောင်းမှုတွေမှာ နိုင်ငံခြားကုမ္ပဏီတွေက အဆုံးအရှုံးများနေတုန်းပါပဲ။
မြန်မာနိုင်ငံပြင်ပ ငွေပို့မယ်ဆိုရင် စီးပွားရေးလုပ်ငန်းတခုအနေနဲ့ လိုအပ်တဲ့ဒေါ်လာပမာဏကို ပထမဆုံးကိုယ်တိုင်ဝယ်ယူရပြီးနောက် နိုင်ငံခြားငွေလဲလှယ်မှုကြီးကြပ်ရေးကော်မတီရဲ့ငွေလွှဲခွင့်ပြုချက်တောင်းခံရပါတယ်။
နိုင်ငံခြားကုမ္ပဏီတခုက ဖက်စပ်လုပ်ငန်းကိုဖျက်သိမ်းပြီး နိုင်ငံကနေထွက်ခွာမယ်ဆိုရင်တောင် ဖက်စပ်လုပ်ငန်းကရှယ်ယာတွေကို ရောင်းချရာကနေရတဲ့ငွေတွေကို ပြန်ဖော်ဖို့က ခက်ခဲနေတယ်လို့ ဥပဒေအကျိုးဆောင်လုပ်ငန်းတခုက ပြောပါတယ်။
Source – Nikkei Asia
ဥက္ကာ
#MeKongNews
Photo – Nikkei Asia