လင်းမောင်
ပြည်ပနိုင်ငံတွေအရေး ဝင်မစွက်ဖက်ဘူးလို့ အမြဲတမ်းပြောဆိုနေတဲ့ တရုတ်နိုင်ငံဟာ တကယ်တမ်းမှာတော့ သူတို့ စည်းမျဉ်းမူဝါဒတွေကို သူတို့ကိုယ်တိုင် ပြန်ချိုးဖောက်ပြီး မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs) အပေါ် အသုံးချနေခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံဘက်ခြမ်းက EAOs တွေဟာလည်း အချိန်ကြာလာတာနဲ့အမျှ ဆွေးနွေးမှုစွမ်းရည်၊ ရဲရင့်စွာတွန်းလှန်မှုစွမ်းရည်ပိုင်းတွေမှာ ကိုယ် တိုင်ဖွံ့ဖြိုးတိုးတက်လာနေကြပြီဆိုတာ မေးခွန်းထုတ်ဖို့ မလိုတော့ပါဘူး။
မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ (AA ၊ MNDAA နဲ့ TNLA ) တို့ စစ်ဆင်ရေး ၁၀၂၇ ကို စတင်လိုက်ပြီးနောက်မှာတော့ တရုတ်နယ်စပ်ထွက်ပေါက် ဒေသတွေ ဟာ စစ်ပွဲဇုန်ဖြစ်သွားခဲ့ရပါပြီ။ တရုတ်အစိုးရဟာ လောက်ကိုင်က အွန်လိုင်းဂိမ်းနဲ့ ကြားဖြန့်လုပ်ငန်းတွေကို အမြစ်ဖြတ်ချေမှုန်းဖို့ ကြိုးစားအကောင်အထည်ဖော်ခဲ့တယ်ဆိုပေမယ့် မဟာမိတ် ၃ ဖွဲ့ဟာ ကိုယ်တိုင် လွတ်လပ် စွာတိုက်ပွဲတွေဖော်ဆောင်လာကြပြီး အရှိန်အဟုန်ကောင်းတွေ အမြန်ဆုံးဖြစ်တည်လာမှုကိုတော့ တရုတ်လည်း ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး။
ပြီးခဲ့တဲ့တစ်ပတ်က EAOs ခေါင်းဆောင်တွေကို တရုတ်က ခေါ်တွေ့ပြီး ပြဿာနာတွေကို အားချင်း ဖြေရှင်းရင်း တည်ငြိမ်မှုပြန်ရဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့လည်း တရုတ်ရဲ့ တောင်ဆိုမှုပဲဖြစ်ဖြစ် ညွှန်ကြားမှုပဲ ဖြစ်ဖြစ် တစ်ခုကမှ အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။ တကယ်တမ်းမှာလည်း တရုတ်အစိုးရဟာ မြောက်မြန်မာ စစ်ပွဲဇုန် တွေမှာ ပြည်သူပြည်သားတွေ၊ မြန်မာဘက်ခြမ်းက တရုတ်နွယ်ဖွားတွေ ဘေးကင်းလုံခြုံရေးထက် နှစ်နိုင်ငံ ကုန် သွယ်မှုအကျိုးအမြတ်ကိုပဲ ပိုအလေးထားတာလည်း အားလုံး သိမြင်လာနိုင်တယ်။ နယ်စပ်မှာ တရုတ်ပြည်သူ လွတ်မြောက်ရေးတပ်မတော် (PLA) တပ်တွေကို နယ်ခြားလုံခြုံရေးနဲ့ ဒုက္ခသည်တွေ သူတို့ဘက်မကူးလာနိုင်ရေး ရှေးရှုပြီး စစ်ရေးလေ့ကျင့်မှုတွေ၊ စောင့်ကြပ်မှုတွေ လုပ်လာတယ်။
တရုတ်ရဲ့ မူဝါဒကိုက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ထက် ကုန်းသန်းရောင်းဝယ်ရေးနဲ့ စီးပွားရေးတွက်ကိန်းကိုပဲ ပိုအလေးထားတာပါ။ မကြာသေးခင်က စစ်ပွဲကြောင်း သိန်းနဲ့ချီပြီး ဒေသတွင်းမှာပဲ စစ်ဘေးရှောင် နေရတဲ့ ကိုးကန့်ပြည်သူတွေကို တရုတ်နယ်ခြားစောင့်တပ်တွေက နယ်ခြား မှတ်တိုင် ၁၂၇ နား ကပ်လာတော့ မျက်ရည် ယိုဗုံးတွေနဲ့ ကလေးတွေကိုပါ မစာနာဘဲ ပစ်ခတ်ခြိမ်းခြောက်တဲ့ ရုပ်သံတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတာကို ကြည့်ရင် မြင်သာပါတယ်။ မြန်မာ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု တွေကြောင့် မူးဆယ်၊ ချင်းရွှေဟော်၊ ကိုးကန့်ဒေသက ပြည်သူတွေဟာ နယ်စပ်ဖြတ်ကျော်နိုင်ခြင်းလည်းမရှိဘဲ ဒေသတွင်းမှာပဲ စစ်ဘေးရှောင် ဒုက္ခသည်တွေအဖြစ် လှည့်ပတ်နေထိုင်နေရတာဖြစ်ပါတယ်။ တရုတ်-မြန်မာ ကုန်သွယ်မှုရဲ့ ၉၁ ရာခိုင်နှုန်းကို ဒီဒေသတွေကပဲ ထိန်းချုပ်ထားတာဖြစ်ပြီး အခု ၁၀၂၇ စစ်ဆင်ရေးစပြီးနောက် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေအားလုံးလည်း ပိတ်သွားပြီး ကုန်ကားတွေလည်း အသွားအလာ မလုပ်နိုင်တော့ဘဲ ရပ်တန့်ကုန်ပါပြီ။
အခုအချိန်ကတော့ မြန်မာစစ်ကောင်စီရဲ့ ရှမ်းမြောက်က စစ်ဘေးရှောင်တွေအတွက် မဖြစ်မနေလိုအပ်တဲ့ စားနပ်ရိက္ခာတွေ၊ မရှိမဖြစ်လိုအပ်တဲ့ ကုန်စည်တွေအားလုံးကို ပိတ်ဆို့ပြီး မဟာမိတ်သုံးဖွဲ့ဆီကိုလည်း စားနပ်ရိက္ခာ၊ သတင်းအချက်အလက်၊ ရန်ပုံငွေ၊ စစ်သားစုဆောင်းရေးတွေ မလုပ်နိုင်အောင် ဖြတ်လေး ဖြတ် စနစ် ကျင့်သုံးလို့ ပိတ်ဆို့ထားပါပြီ။ ဒါကြောင့် ကိုးကန့်ပြည်သူတွေဘက်က ဒီအချိန်မှာ ၁၀၂၇ စစ်ဆင်ရေး အကျိုးဆက် အတွက် ရောင်ပြန်ဟပ်ဖို့အချိန်ရောက်လာပါပြီ။ ထူးခြားတာကတော့ စစ်ဇုန်က မြန်မာပြည်သူတွေဟာ လက်ရှိမှာ တရုတ်ကို ဆန့်ကျင်ခြင်းထက် ကြားဝင်စွက်ဖက်တာကို အလိုရှိလာကြတာပါပဲ။ တရုတ်ဘက်ကလည်း ဒီအခြေ အနေမှာ မြန်မာ့အရေး ချဉ်းကပ်ပုံ ဒိုင်းနမစ် ပြောင်းလာတာ ရှင်းလင်းစွာ တွေ့မြင်ကြရပါတယ်။
ဒီအခြေအနေအရ ရှမ်းပြည်ဟာ တရုတ်ကိုလိုနီထဲ စတင်ပါဝင်သလိုဖြစ်လာတယ်။ လူမှုကွန်ရက်တွေပေါ်မှာတော့ လူတွေက စစ်ဆင်ရေး ၁၀၂၇ တို့ ၁၁၁၁ တို့ကို အထူးအာရုံစိုက်နေကြတယ်။ ဒါပေမဲ့ တကယ့်မြေပြင်အနေအထား ကတော့ ဒီလိုမဟုတ်ပါဘူး။ လူသားချင်းစာနာနားလည်မှုဆိုင်ရာအကျပ်အတည်းကြီးကနေ ဆင့်ပွားပြီး တခြား သော ပြဿနာတွေကလည်း မြင့်တက်လာတော့မှာပါ။ စစ်ကောင်စီဘက်မှာရော တော်လှန်တဲ့ EAOs တွေဘက်မှာ ပါ Plan B ဆိုတာလည်း ရှိမနေကြဘူး။
စစ်ကောင်စီက ဒီဒေသတွေကို ဖြတ်လေးဖြတ်ဆိုတဲ့ FIFR လုပ်ပြီး ရန်သူကို အားနည်းအောင် လုပ်ဖို့ပဲ ကြံစည်ထားတယ်။ ဒီအခြေအနေမှာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ တွေက ဆက်လက်တောင့်ခံတွန်းလှန်နိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီအချိန် မှာ တရုတ်ဘက်က ရည်မှန်းချက် ၂ ခု ထားရှိတယ်။ ပထမရည်မှန်းချက်က အရှေ့တိုင်းလမ်းမကြီး (Oriental Highway) တစ်လျှောက်ကုန်စည် ကူးသန်းမှုတွေ ပုံမှန်အနေအထား ပြန်လည် စီးဆင်းနိုင်ဖို့၊ နောက်တစ်ချက်က တရုတ်အစိုးရရဲ့ မဟာဗျူဟာ စီမံကိန်းကြီးဖြစ်တဲ့ CMEC စီမံကိန်းတွေ အနှောင့်အယှက်မရှိဘဲ ဆက်လက် တိုးတက်ဖြစ်ထွန်းဖို့ပါ။ မြန်မာနိုင်ငံမြောက်ပိုင်းရဲ့ စီးပွားရေးကဏ္ဍဆိုတာကလည်း တရုတ်နဲ့ကုန်သွယ်မှု ကိုပဲ မှီခိုအားထားရတာဖြစ်ပါတယ်။ ရှမ်းနဲ့ ကချင်ပြည်နယ်ရဲ့ သယံဇာတတူးဖော်ရေးလုပ်ငန်တွေအားလုံးက လည်း တရုတ်ကိုပဲ မှီခိုအားထားနေရတာဖြစ်ပါတယ်။
(ဖော်ပြပါအကြောင်းအရာများသည် ဆောင်းပါးရှင်၏အာဘော်သာဖြစ်သည်)