ဆောင်းပါး

ခြေသံလုံလုံနဲ့မြန်မာ့သယံဇာတကိုဝါးမြိုသူ တရုတ်ကျောထောက်နောက်ခံ ဘိလပ်မြေသူဌေးကြီး

မဲခေါင် 8 Oct - 2023
Alpha အမှတ်တံဆိပ်ဘိလပ်မြေထုတ်လုပ်တဲ့ တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီ Myanmar Conch Cement ကုမ္ပဏီရဲ့ ပင်မကုမ္ပဏီဟာ မြန်မာနိုင်ငံက ‘မြင့်’ကုမ္ပဏီဖြစ်ပါတယ်။

Alpha အမှတ်တံဆိပ်ဘိလပ်မြေထုတ်လုပ်တဲ့ တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီ Myanmar Conch Cement ကုမ္ပဏီရဲ့ ပင်မကုမ္ပဏီဟာ မြန်မာနိုင်ငံက ‘မြင့်’ကုမ္ပဏီဖြစ်ပါတယ်။ ကုမ္ပဏီရဲ့လိပ်စာကတော့ ရန်ကုန်၊ လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်း၊ ပါရမီအိမ်ရာ အမှတ်( ၂ )မှာဖြစ်ပါတယ်။ နာမည်အပြည့်အစုံက ‘မြင့် ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီလီမိတက်’ဖြစ်ပါတယ်။ မြန်မာကုမ္ပဏီ မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးယူထားသူ ဒါရိုက်တာအဖွဲ့ဝင် ၄ ဦးသာရှိပါတယ်။
ပုံမှန်အားဖြင့် ကုမ္ပဏီနာမည်အရ နာမည်မှာ ‘မြင့်’ ပါသူဟာ ပိုင်ရှင် (သို့မဟုတ်) ရှယ်ယာအများဆုံးပိုင်သူလို့ ထင်စရာပါ။ ဒါပေမဲ့ အဲဒီလိုမဟုတ်ပါဘူး။

ဒီဒါရိုက်တာ ၄ ဦးထဲမှာ ရှယ်ယာအများဆုံးပါဝင်သူက ဦးစိုင်းအောင်မင်းလတ်ဆိုသူပါ။ သူဟာ ကုမ္ပဏီအစုရှယ်ယာ ၃၀,ဝ၀ဝ ပိုင်ဆိုင်ထားတာပါ။ ဒါဟာ ကုမ္ပဏီအစုရှယ်ယာအားလုံးရဲ့ တစ်ဝက်ကျော်ဖြစ်တဲ့ ၅၅ ဒသမ ၅၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားတာပါ။ သူ့နောက်မှာ ဦးမောင်စိန် ဆိုသူက အစုရှယ်ယာ ၂၀,ဝ၀ဝ နဲ့ ဒုတိယလိုက်ပါတယ်။ သူကတော့ အစုရှယ်ယာအားလုံးရဲ့ ၃၇ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။ အဲဒီနောက် ‌ဦးအောင်မြင့်နဲ့ ဒေါ်နန်းလင်းလင်းထွန်းတို့က အစုရှယ်ယာ ၁,ဝ၀ဝ စီသာယူထားကြတာပါ။ ဒါဟာ ကုမ္ပဏီအစုရှယ်အားလုံးပေါင်းရဲ့ ၁ ဒသမ ၈ ရာခိုင်နှုန်းပဲရှိပါတယ်။ သူတို့နှစ်ဦးဟာ ဇနီးမောင်နှံ ဖြစ်ပါတယ်။

အခုစာရင်းဟာ ၂၀၁၇ ခုနှစ် Alpha အမှတ်တံဆိပ် ဘိလပ်မြေတွေ ပြည်တွင်းကို စတင်ရောင်းချခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက ရှယ်ယာရှင်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှာတော့ မြင့်ကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးပါဝင်သူ ဒါရိုက်တာအပြောင်းအလဲအချို့ ဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ၂၀၁၇ တုန်းက ရှယ်ယာအများဆုံးပိုင်ဆိုင်သူတွေဖြစ်တဲ့ ဦးစိုင်းအောင်မင်းလတ်နဲ့ ဦးမောင်စိန်တို့ မပါဝင်တော့ပါဘူး။ သူတို့အစား ဒေါ်ရီရီ ဆိုသူက ဝင်လာခဲ့ပြီး အစုရှယ်ယာပိုင်ဆိုင်မှုက ၃၀,ဝ၀ဝ ဖြစ်ပါတယ်။ ဒါဟာ ကုမ္ပဏီစုစုပေါင်းရှယ်ယာရဲ့ ၃၄ ဒသမ ၅ ရာခိုင်နှုန်းပါ။

ဒါထက် ထူးခြားတာက ဦးအောင်မြင့်နဲ့ ဒေါ်နန်းလင်းလင်းထွန်းတို့လင်မယားရဲ့ ရှယ်ယာပိုင်ဆိုင်မှု အချိုးအစားဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ပိုင်ဆိုင်မှုက ရာခိုင်နှုန်းအားဖြင့် ၂ ရာခိုင်နှုန်းနီးပါးသာ ရှိခဲ့ရာကနေ ဦးအောင်မြင့်က ၃၄ ရာခိုင်နှုန်းကျော်ကိုလည်းကောင်း၊ ဒေါ်နန်းလင်းလင်းထွန်းက ၂၄ ရာခိုင်နှုန်းကျော်ကိုလည်းကောင်း အသီးသီး မြင့်တက်လာကြတာဖြစ်ပါတယ်။ မသိလျှင် ကုမ္ပဏီကို အမွေရလိုက်သလိုပါပဲ။ လေးနှစ်အတွင်း မိုးကျရွှေကိုယ်များလို ရွှေပလ္လင်ပေါ်တက်ထိုင်ရသလိုပင်။

ဒါကြောင့် မြင့်ကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးပိုင်ဆိုင်သူမှာ ဦးအောင်မြင့်နဲ့ ဒေါ်ရီရီတို့က အစုရှယ်ယာ ၃၀,ဝ၀ဝ စီနဲ့ အများဆုံးဖြစ်ပြီးတော့ ဒေါ်နန်းလင်းလင်းထွန်းကတော့ အစုရှယ်ယာ ၂၁,ဝ၀ဝ နီးပါးကို ပိုင်ဆိုင်ထားပါတယ်။

ရှေ့ထွက်မင်းသမီး

ဦးအောင်မြင့်နဲ့ ဒေါ်ရီရီတို့က မြင့်ကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးဆိုပေမယ့် ရှေ့သို့သိပ်မထွက်ကြပါဘူး။ ကုမ္ပဏီရဲ့ ရှေ့ထွက်မင်းသမီးက ဒေါ်နန်းလင်းလင်းထွန်းပါ။ သူမဟာ မြင့်ကုမ္ပဏီကို ဦးစီးသလို တရုတ်-မြန်မာဖက်စပ်ကုမ္ပဏီဖြစ်တဲ့ Myanmar Conch Investment ကုမ္ပဏီကိုလည်း စီမံခန့်ခွဲသူတစ်ဦး ဖြစ်ပါတယ်။ သူမဟာ လုပ်ငန်းတစ်ခု ဦးစီးလုပ်ကိုင်ဖို့ အကောင်းဆုံးအရွယ်လို့ဆိုနိုင်တဲ့ သက်လတ်ပိုင်းအရွယ် အသက် ၅၀ ဖြစ်ပါတယ်။ သူမဟာ အခုနှစ် ဒီဇင်ဘာ ၁၅ မှသာ အသက် ၅၀ တင်းတင်းပြည့်မှာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့စွဲနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ချထားပေးရာမှာ ဒေါ်နန်းလင်းလင်းထွန်း နာမည်တပ်ပြီး ချပေးထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မြင့်ကုမ္ပဏီနဲ့ ဖက်စပ်ကုမ္ပဏီတို့တွင် ဒေါ်နန်းလင်းလင်းထွန်းက အရာရောက်ပါတယ်။ ဒေါ်ရီရီနဲ့ ဦးအောင်မြင့်ကတော့ ရှေ့မထွက်ကြပေ။

ဘုရား ဒကာနဲ့ ကျောင်းအမ

ရှေ့မထွက်တဲ့ ဦးအောင်မြင့်ဟာ မြန်မာ-တရုတ်နယ်စပ်ဒေသမှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ ခုဆို သူ့အသက်က အသက် ၅၀ စွန်းစွန်း ရှိနေပါပြီ။ သူ့ရဲ့ အရင်ပင်မစီးပွါးရေးက လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကတောင် ကမ္ဘာကျော်အစီရင်ခံစာထုတ်ပြန်ခဲ့ဖူးတဲ့ မြန်မာ့ကျောက်စိမ်းရတနာမြေ ဖားကန့်မှာပါ။ ကျောက်စိမ်းတူးဖော်မှုမှာ သူ့ရဲ့ တရုတ်နာမည် ရုတ်ဖူ နဲ့ ပိုထင်ရှားပါတယ်။ တရုတ်ပြည်ကို ကျောက်စိမ်းတရားမဝင် တင်ပို့မှု အပါအဝင် ကျောင်းစိမ်းတရားမဝင်တူးဖော်မှုကနေ ချမ်းသာကြွယ်ဝမှုက ပိုတိုးလာခဲ့သူပါ။ ၂၀၀၂-၂၀၀၃-၂၀၀၅ ကာလတွေမှာ သူဟာ ယခင်စစ်အစိုးရ စစ်ဗိုလ်ချုပ်အချို့နဲ့ ရင်းနှီးမှုကနေ ရန်ကုန် နဲ့ မန္တလေး အထိ စီးပွါးရေးခြေဆန့်လာခဲ့ပြီး နောက်ပိုင်း အိမ်ခြံမြေ၊ ဒေါ်လာ၊ စက်သုံးဆီတွေ အပါအဝင် ၂၀၁၈ ခုနှစ် ဇွန် ၆ ရက်နေ့က ဘဏ်လုပ်ငန်းလိုင်စင်ရရှိခဲ့တဲ့ ဂုဏ်ထူးဆောင်တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ် GBank ရဲ့ ရှယ်ယာအများစုကို သူက ချုပ်ကိုင်ထားတယ်လို့ ဆိုတဲ့ သတင်းစကားများလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ဘဏ်ရှယ်ယာငွေက ငွေဖြူဟုတ်မဟုတ်က အဖြေထုတ်စရာဖြစ်နေပါတယ်။ ၅၀ကျော်အရွယ် သူနဲ့ ဇနီးဖြစ်သူ ဒေါ်နန်းလင်းလင်းထွန်းတို့ဟာ ဘုရား ဒကာ၊ ကျောင်း အမတို့လို့ ခေါ်ရမလိုပင်။

ဘုရားတည်၊ ဘုန်းကြီးကျောင်း ဆောက်အပါအဝင် ဘုန်းကြီးနဲ့ပတ်သက်တဲ့ အလှူအတော်များများ ပြုလုပ်ကြပါတယ်။ သူတို့ဘိလပ်မြေစက်ရုံအခြေစိုက်တဲ့ ပုသိမ်ကြီးမြို့နယ်ထဲမှာ အလှူပိုလုပ်တာကို တွေ့ရပါတယ်။ သူတို့ဦးစီးတဲ့ကုမ္ပဏီက သဘာဝပတ်ဝန်းကျင်ညစ်ညမ်းပြီး လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေသော်ငြား အများအမြင်မှာ ဘုရားဒကာ၊ ကျောင်းဒကာများအဖြစ်ခံယူပြီး အလှူတွေလုပ်နေကြတာပါ။ ဒီလိုလှူဒါန်းမှုတွေကို ဦးအောင်မြင့်ရဲ့ Meta(ယခင် Facebook)လူမှုကွန်ရက်အကောင့်ပေါ်မှာ လှူသမျှပို့စ်တင်ထားတာကို တွေ့ရပါတယ်။
မြင့်ကုမ္ပဏီရဲ့ခေါင်းဆောင်တွေနဲ့ ဖက်စပ်ကုမ္ပဏီရဲ့နောက်မှာ အကောင်ကြီးကြီးတစ်ယောက်ရှိတယ်လို့ ၂၀၁၈၊ ၁၉ အောင်သပြေကျေးရွာလူထု အကြီးအကျယ်နှိမ်နှင်းခံရပြီးတဲ့နောက်မှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ပါသေးတယ်။ အကောင်ကြီးကြီး အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ မင်းအောင်လှိုင်မိသားစုထဲကလို့ ဆိုကြပေမယ့် ဒီအချက်ကိုတော့ ဘယ်သူမှ အတည်မပြုနိုင်ခဲ့ပါဘူး။

သို့သော်ငြားလည်း ဘုရားဒကာကြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တူတာက အလှူအတန်း အရမ်းဘမ်းပြခြင်းဖြစ်ပါတယ်။ သူတို့ဟာ နောက်ကွယ်မှာ လူအများထိခိုက်စရာတွေ လုပ်နေကြတာခြင်းတူသလို အလှူအတန်းများများလုပ်တာခြင်းလည်း တူကြပါတယ်။ နောက်ပြီး ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းတာမျိုး၊ ရွာသားတွေကို ထောင်သွင်းအကျဉ်းချတာမျိုး၊ ထောင်ထဲမှာ ရွာသားတစ်ဦးဖြစ်တဲ့ ဦးထွန်းမြင့်ဝင်းဟာ ထောင်ကျပြီး သုံးရက်အတွင်း ခန္ဓာကိုယ်မှာ ဒဏ်ရာအများအပြားနဲ့ သေဆုံးခဲ့ရတာမျိုးတွေမှာ ဘာလက်သည်မှ မပေါ်ခဲ့ဘဲ သတင်းတွေကို အုပ်နိုင်ခဲ့တာကလည်း နောက်ကွယ်က လက်မည်းကြီး ရှိ မရှိ ဆိုတာကို စဉ်းစားစရာဖြစ်ပါတယ်။

လူတွေသေ၊ ထောင်ကျ၊ အနာတရဖြစ်ပြီး မိသားစုတွေတကွဲတပြားဖြစ်စေခဲ့တဲ့ ဘိလပ်မြေစက်ရုံကြီး၊ အောင်သပြေရွာသားတွေဟာ နောင်လာနောက်သားတွေအတွက် သူတို့ရဲ့ ဘဝတွေ၊ အသက်တွေနဲ့ရင်းပြီး ကန့်ကွက်ခဲ့ကြပေမယ့်လို့ အရာမယွင်းဘဲ တည်ရှိနေဆဲပဲဖြစ်ပါတယ်။
ဇီဝိန်တွေချွေမယ့် သင်္ချိုင်းကြီးအလား။ အိမ်တွေ၊ လမ်းတွေ၊ တံတားတွေဆောက်ဖို့ ထုတ်တဲ့ ကွန်ကရိတွေဟာ အုတ်ဂူတွေဆောက်ဖို့အတွက်လည်း ဖြစ်သွားနိုင်တယ်ဆိုတာ မသိလေရော့သလား။ မသိချင်ယောင် ဆောင်ခဲ့လေသလော။ ဒီဇီဝိန်ချွေစက်ရုံကြီးရဲ့ သက်တမ်းက လူ့သက်တမ်းရဲ့ သုံးပုံ နှစ်ပုံစာဖြစ်တဲ့ နှစ် ၅၀။ ဒီစက်ရုံနဲ့ အနီးဆုံးက အောင်သပြေရွာလေးဟာ နောက်နှစ် ၃၀ ကျော်အထိ သူတို့ရဲ့အသက်တွေကို အမှည့်ချွေသလို ချွေခံရပေးဦးမယ်။

ပွင့်လင်းမြင်သာမှုမရှိဘဲ စတင်ခဲ့တဲ့ ဘိလပ်မြေစက်ရုံစီမံကိန်း

မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စီမံကိန်းများစွာထဲက ရင်းနှီးမြှုပ်နှံမှု ပမာဏများစွာနဲ့ တည်ဆောက်ခဲ့တဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ စီမံကိန်းတည်နေရာဟာ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ဆိုတဲ့ မြို့နယ်နှစ်ခုအတွင်းမှာ တည်ရှိနေတာဖြစ်ပါတယ်။ ဘိလပ်မြေစက်ရုံအတွက် ထုံးကျောက်ကုန်ကြမ်း ထုတ်လုပ်နေတဲ့နေရာဟာ မတ္တရာမြို့နယ်အတွင်းမှာ ပါဝင်နေပြီး စက်ရုံတည်ဆောက်ထားတဲ့ မြေဧရိယာက ပုသိမ်ကြီးမြို့နယ်အတွင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဒါ့အပြင့် စက်ရုံတည်ဆောက်မယ့်မြေနေရာဟာ အောင်သပြေကျေးရွာနဲ့ ခြံစည်းရိုးသာ ကွားခြားတာလည်း ဖြစ်ပါတယ်။ ထုံးကျောက်ကုန်ကြမ်းထုတ်လုပ်နေတဲ့ နေရာဟာ မတ္တရာမြို့နယ်ထဲက ဧက ၆၀၀ ကျော်ရှိတဲ့ တောင်တွေပေါ်မှာ ထုတ်လုပ်နေသလို စက်ရုံဧရိယာကတော့ ပုသိမ်ကြီးမြို့နယ်ထဲက ဧက ၂၀၀ ကျော်ပေါ်မှာ တည်ဆောက်လည်ပတ်နေတာဖြစ်ပါတယ်။ ဘိလပ်မြေစက်ရုံဟာ ကျောက်မီးသွေးစွမ်းအင်လောင်စာကို အသုံးပြုတာဖြစ်ပြီး နေ့စဉ် ဘိလပ်မြေတန်ချိန် ၅၀၀၀ ကျ ထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။ တစ်နေ့ကို တန်ချိန် ၅၀၀၀ ကျ ထုတ်လုပ်နေတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းဟာ မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်နဲ့ တရုတ်နိုင်ငံအခြေစိုက် Anhui Conch Cement တို့က အကျိုးတူပူးပေါင်းလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အဲဒီလို မြန်မာနဲ့တရုတ်တို့ ဖက်စပ်လုပ်ကိုင်နေတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကနေ Alpha အမှတ်တံဆိပ် ဘိလပ်မြေကို ထုတ်လုပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံတဝန်းလုံးမှာ ဖြန့်ချိရောင်းချနေတာလည်းဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတဝန်းကို Alpha အမှတ်တံဆိပ်နဲ့ ဘိလပ်မြေတွေ ထုတ်လုပ်ဖြန့်ချိနေတဲ့ ပုသိမ်ကြီးမြို့နယ်ထဲက ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံနဲ့ပတ်သက်ပြီး စက်ရုံစီမံကိန်းစတင်စဉ်က ပွင့်လင်းမြင်သာမှုမရှိတာ၊ ဥပဒေအရအငြင်းပွားစရာနဲ့ သက်ဆိုင်ရာ အစိုးရတွေရဲ့ ခွင့်ပြုချက်တွေနဲ့ ကိုက်ညီမှုမရှိတာ စတဲ့အချက်တွေ ဖြစ်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇွန်လမှာ ဘိလပ်မြေထုတ်လုပ်ဖို့နဲ့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာနကနေ မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီလီမိတက်ကို ဓာတ်သတ္တုအကြီးစားထုတ်လုပ်ခွင့်ကို ၂၀၄၀ ပြည့်နှစ်အထိ ၂၅ နှစ် ခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီလို ဓာတ်သတ္တုအကြီးစားထုတ်လုပ်ခွင့်ပြုရာမှာ စက်မှုကုန်ကြမ်းအတွက် ထုံးကျောက်ထုတ်လုပ်ခွင့်ကိုသာ ခွင့်ပြုပေးခဲ့တာတွေ့ရပါတယ်။


အဲဒီအချိန်က ဦးသိန်းစိန်အစိုးရနဲ့ စီမံကိန်းအကြားမှာ ထုံးကျောက်ထုတ်ယူခွင့် ကနဦး ခွင့်ပြုချက် ချထားပေးခဲ့ချိန်က သဘောတူညီချက်အချို့ကို ကြည့်ရမယ်ဆိုရင် ပုံသေမြေငှားရမ်းခ (Dead Rent) အနေနဲ့ တစ်နှစ်ကို တစ်စတုရန်း ကီလိုမီတာအတွက် ငွေကျပ် သိန်း ၂၀ ပေးဆောင်ရမှာဖြစ်ပြီး သတ္တုခွန်သုံးရာခိုင်နှုန်းကို ကုမ္ပဏီဘက်က နိုင်ငံတော်ကို ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် စီမံကိန်းအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် တာဝန်ခံရမှာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်လာလို့ တိုင်ကြားလာခဲ့ပြီဆိုပါက ကုမ္ပဏီက ဖြေရှင်းဆောင်ရွက်ပေးရမှာဖြစ်တဲ့အပြင် ဖြေရှင်းဆောင်ရွက်ပေးနိုင်မှုမရှိခဲ့ရင် လုပ်ငန်းရပ်ဆိုင်းတာ၊ ပေးသွင်းထားတဲ့ အခွန်အခတွေကို ပြန်လည်သိမ်းယူပြီး လုပ်ကွက်ပြန်လည် သိမ်းယူခံရနိုင်တယ်လို့ သဘောတူညီချက် ချုပ်ဆိုထားပါတယ်။ ဒါ့အပြင် စီမံကိန်းဟာ သတ်မှတ်ကာလဖြစ်တဲ့ ခွင့်ပြုချက် ထုတ်ပေးပြီး ခြောက်လအတွင်း လုပ်ငန်းစတင် လုပ်ဆောင်ရမှာဖြစ်ပြီး လုပ်ငန်းစတင် ဆောင်ရွက်တာ မရှိဘူးဆိုရင် အာမခံပေးသွင်းငွေကို နိုင်ငံတော်ကသိမ်းယူမှာဖြစ်ပြီး ခွင့်ပြုမိန့်ဟာ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်တဲ့အကြောင်း စီမံကိန်းနဲ့သက်ဆိုင်တဲ့ ခွင့်ပြုမိန့်မှာဖော်ပြထားပါတယ်။

ဒီနေရာမှာ စီမံကိန်းနဲ့ပတ်သက်ပြီး အဲဒီအချိန်(၂၀၁၅)က ခွင့်ပြုပေးထားတဲ့ ခွင့်ပြုမိန့်နဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာ အချက်အချို့ တွေ့ရပါတယ်။ ခွင့်ပြုမိန့်ထုတ်ပေးထားတဲ့ စည်းကမ်းချက် (၄)မှာ ဖော်ပြထားတာက “ဤခွင့်ပြုမိန့်အား ထုတ်ပေးသည့်နေ့မှစ၍ ခြောက်လအတွင်း လုပ်ငန်းများ စတင်ဆောင်ရွက်ခြင်းမပြုပါက အာမခံငွေအား နိုင်ငံတော်က သိမ်းယူမည်ဖြစ်သည့်အပြင် ဤခွင့်ပြုမိန့်သည် အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်” လို့ ဖော်ပြထားသလို စည်းကမ်းချက် (၆) မှာ “ဤ ခွင့်ပြုမိန့်၌ သတ်မှတ်စည်းကမ်းဘောင်အတွင်း မြေပိုင်ဆိုင်မှုနှင့် သက်ဆိုင်သော၊ လုပ်ငန်းလုပ်ကိုင်ခွင့်နှင့် သက်ဆိုင်သော အငြင်းပွားမှုများ၊ စောဒကတက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှုနှင့်ပတ်သက်သော တိုင်ကြားချက်များ၊ အငြင်းပွားမှုများ ဖြစ်ပွားပါက ကုမ္ပဏီမှသာ တာဝန်ခံဖြေရှင်းရန်၊ မဖြေရှင်းနိုင်ပါက လုပ်ကိုင်ခွင့်ရပ်ဆိုင်းခြင်း၊ ပေးသွင်းထားသည့် အခွန်အခနှင့် အခြားပေးသွင်းမှုများ သိမ်းယူခြင်း၊ လုပ်ကွက်ပြန်လည် သိမ်းယူခြင်း ခံရမည်ကို သဘောတူ ဝန်ခံကတိပြုရမည်” လို့ ဖော်ပြထားပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇွန်လက ထုံးကျောက်ထုတ်လုပ်ဖို့ခွင့်ပြုမိန့်ချထားပေးခဲ့တဲ့ စီမံကိန်းဟာ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်အထိ ထုံးကျောက်ထုတ်လုပ်နိုင်မှုမရှိခဲ့တာကို မြေပြင်အချက်အလက်တွေအရ သိရပါတယ်။ သဘောတူခွင့်ပြုမိန့်အရ ကြည့်ရမယ်ဆိုရင် စက်ရုံစီမံကိန်းအတွက် သတ်မှတ်ကာလအတွင်းမှာ ထုံးကျောက်ထုတ်လုပ်နိုင်မှုမရှိခဲ့သလို စီမံကိန်း စတင်နိုင်မှုလည်းမရှိခဲ့ပါဘူး။

တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုပါဝင်နေတဲ့ မန္တလေးတိုင်းထဲက ဘိလပ်မြေစက်ရုံစီမံကိန်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက ဘိလပ်မြေစက်ရုံစီမံကိန်းဟာ နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က Myint Investment Group Company Limited (မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီလီမိတက်)နဲ့ Myanmar Conch Cement (Mandalay) Company Limited (တရုတ်နိုင်ငံအခြေစိုက် Anhui Conch Cement) ကုမ္ပဏီတို့က အမေရိကန်ဒေါ်လာ ၂၁၉ သန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏအနေနဲ့ မြန်မာကုမ္ပဏီဖြစ်တဲ့ Myint Investment Group က ၄၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံအခြေစိုက် Anhui Conch Cement ကုမ္ပဏီဘက်က ၅၅ ရာခိုင်နှုန်းနဲ့ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီး တစ်နေ့ကို တန်ချိန် ၅၀၀၀ ကျ ဘိလပ်မြေထုတ်လုပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း ကျောက်ဆည်ခရိုင်ထဲမှာလည်း စက်မှုဝန်ကြီးဌာနပိုင်မြေပေါ်မှာ တစ်နေ့ကို တန်ချိန် ၄၀၀ ကျ ဘိလပ်မြေစက်ရုံကိုလည်း BOT စနစ်နဲ့ Myint Investment Group ကုမ္ပဏီနဲ့ တရုတ်နိုင်ငံအခြေစိုက် Anhui Conch Cement ကုမ္ပဏီတို့က လုပ်ကိုင်နေတာဖြစ်ပါတယ်။ အဆိုပါ ဘိလပ်မြေစက်ရုံနှစ်ခုကနေ Alpha cement အမှတ်တံဆိပ်နဲ့ ဘိလပ်မြေတွေကို ထုတ်လုပ်ဖြန့်ချိနေတာ ဖြစ်ပါတယ်။ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲမှာ အကြီးစား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတဲ့ တစ်နေ့ တန် ၅၀၀၀ ကျ ဘိလပ်မြေစီမံကိန်းဟာ ထုံးကျောက်တူးဖော်တဲ့ မြေဧရိယာ ၆၁၇ ဧကအတွက် တစ်နှစ်လျှင် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၂၂၀,၀၀၀ နှုန်းနဲ့ နှစ်(၅၀)အတွက် အမေရိကန်ဒေါ်လာ ၁၁ သန်း၊ စက်ရုံနဲ့အဆောက်အအုံမြေနေရာ ဧက ၂၁၁.၇၀ ဧက အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၁၀၀၀ နှုန်းနဲ့ နှစ်(၅၀)အတွက် အမေရိကန်ဒေါ်လာ ၂.၀၅ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃.၅ သန်း နဲ့ အစိုးရကို ပေးဆောင်ရမှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။

စီမံကိန်းပဋိပက္ခများနဲ့ ဒေသခံတို့ရဲ့ဒုက္ခ

အခုလက်ရှိ ပုသိမ်ကြီးမြို့နယ်ထဲမှာ စတင်လုပ်ငန်းလည်ပတ်နေပြီဖြစ်တဲ့ တစ်နေ့ကို တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံဟာ စီမံကိန်းကာလအတွင်းက ဒေသခံတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့သလို ဒေသခံတွေဘက်က ပုဒ်မမျိုးစုံနဲ့တရားစွဲဆိုခံခဲ့ရပြီး ထောင်ကျခဲ့ရသူတွေနဲ့ လူသေဆုံးခဲ့တဲ့အထိ ဖြစ်ပွားခဲ့တဲ့ စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။ စီမံကိန်းနဲ့ပတ်သက်တဲ့ ထင်ရှားခဲ့တဲ့ ပဋိပက္ခအချို့ကို ဖော်ပြပေးလိုပါတယ်။

အဲဒီလို ဒေသခံတွေဘက်မှ ကန့်ကွက်နေတဲ့ကြားက စက်ရုံစီမံကိန်းစတင်ခဲ့တာကြောင့် ပဋိပက္ခကို မီးစမွှေးသလို ဖြစ်စေခဲ့ပါတယ်။ စီမံကိန်းစတင်ပြီး မကြာခင်မှာပဲ ကုမ္ပဏီဘက်ကနေ ဒေသခံတွေ အသုံးပြုနေတဲ့ ကျေးရွာချင်းဆက်လမ်းကို တိုးချဲ့ပြီး လမ်းဖောက်လုပ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင်မှာ ဒေသခံတွေက စီမံကိန်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြတာကြောင့် အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးအပါအဝင် ဒေသခံ ငါးဦးထက်မနည်းကို ငြိမ်းစုစီဥပဒေ၊ လမ်းတံတားဥပဒေတွေနဲ့ အမှုဖွင့်တရားစွဲခဲ့ပါတယ်။ အဲဒီနောက် ဒေသခံ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ အဲဒီနောက် ဒေသခံတွေဟာ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းနဲ့ပတ်သက်ပြီး ဆက်တိုက်ဆိုသလို ကန့်ကွက်တာတွေလုပ်ဆောင်ခဲ့ကြပါတယ်။

ဒေသခံတွေက လွှတ်တော်ကိုယ်စားလှယ်တွေထံက တစ်ဆင့် တိုင်ကြားတာ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားတာ စတဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို ဒေသခံတွေက ကန့်ကွက်နေပေမယ့် ကုမ္ပဏီဘက်ကတော့ စီမံကိန်းလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး လမ်းဖောက်လုပ်တဲ့လုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

စီမံကိန်းကို ကန့်ကွက်မှုအမြင့်ဆုံးအချိန်ဟာ ၂၀၁၉ ခုနှစ် မေလဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မေလ ၁၅ ရက်မှာ စီမံကိန်းကို ကန့်ကွက်နေကြတဲ့ ဒေသခံတွေဟာ ကုမ္ပဏီဘက်က လမ်းဖောက်လုပ်နေတဲ့ ကျေးရွာချင်းဆက်လမ်းတွေပေါ် ကန့်ကွက်ဆန္ဒပြနေချိန်မှာ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းပြီးနောက်မှာတော့ ဒေသခံတွေဟာ တည်ဆောက်နေဆဲဖြစ်တဲ့ စက်ရုံဝန်းထဲကိုဝင်ရောက်ပြီး အဆောက်အအုံတွေကို မီးရှို့တာတွေလုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီလို စက်ရုံစီမံကိန်းမီးရှို့ခံရတာကြောင့် မီးငြိမ်းသတ်ဖို့လာတဲ့ မီးသတ်ကားတွေကို ဒေသခံတွေက လမ်းပိတ်ဆို့ထားတာကြောင့် အခြေအနေတွေတင်းမာနေခဲ့ပြီး နောက်ဆုံးညှိနှိုင်းမှုနဲ့ အဲဒီနေ့က ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

စီမံကိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က အဲဒီအချိန်က ဒေသခံ ၅၀ ထက်မနည်းကို အမှုဖွင့်တရားစွဲဆိုထားပြီး နောက်ထပ်ပဋိပက္ခထပ်မံဖြစ်ပွားလာပါက ကျည်အစစ်အသုံးပြုပြီး ဖြိုခွင်းတာတွေလုပ်ဆောင်သွးမယ်လို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောဆိုခဲ့ပါတယ်။ အဲဒီလို အမှုဖွင့်တရားစွဲဆိုခံရတာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသလို ဦးဆောင်သူအချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီလို ဖမ်းဆီးခံရသူတွေထဲက စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်တဲ့ အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်းဟာ မန္တလေး အကျဉ်းထောင်မှာ ရိုက်နှက်နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့ရပါတယ်။ ကိုထွန်းမြင့်ဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီး အကျဉ်းထောင်ဘက်က သတင်းထုတ်ပြန်ရာမှာ အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားလို့ သေဆုံးခဲ့တာလို့ ထုတ်ပြန်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အကျဉ်းထောင်ထဲမှာ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေအပါအဝင် အကျဉ်းသားအချို့က ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့တာလို့ ထုတ်ပြန်လာခဲ့ပါတယ်။ အဲဒီလို ကိုထွန်းမြင့်ဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီး အကျဉ်းသားတစ်ဦးကို လူသတ်မှုနဲ့တရားစွဲဆိုခဲ့သလို အကျဉ်းဦးစီးဌာနက ဝန်ထမ်းအချို့ကိုလည်း အရေးယူခဲ့ပါတယ်။ စီမံကိန်းပဋိပက္ခဟာ ဒေသခံတွေဘက်က နစ်နာမှုများစွာနဲ့ တစ်ခန်းရပ်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဦးအောင်မြင့် ဘာလဲ ဘယ်လဲ

အစိုးရအဆက်ဆက် မင်းသားမျက်နှာဖုံးနဲ့ ဦးအောင်မြင့်ဟာစစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှာလည်း ရှေ့ထွက်မင်းသားအဖြစ် ထွက်လာခဲ့ခြင်း မရှိပါဘူး။ တရုတ်ရင်းနှီးမြှုပ်နှံမှုကိုကိုယ်စားပြုထားတဲ့ ဦးအောင်မြင့်ရဲ့ နောက်ကွယ်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာစစ်တပ်က ခေါင်းဆောင်ပိုင်းတွေ ရပ်တည်နေတယ်ဆိုတာကတော့ တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်နိုင်ဖို့ မြင့်ကုမ္ပဏီရဲ့ အခြေစိုက်နေရာတိုင်းမှာ စစ်ကောင်စီကို တပ်စွဲခွင့်ပြုထားတာပါပဲ။

ဒါ့အပြင် ဦးအောင်မြင့် ပိုင်ဆိုင်တဲ့ ဘိလပ်မြေစက်ရုံဟာ သူ့စက်ရုံကုန်ကြမ်းထုတ်လုပ်ဖို့အတွက် နေရာရွေးချယ်ထားမှုဟာထူးခြားမှုပါပဲ။ ဖယောင်းတောင်လို့ခေါ်တဲ့ ရွှေသတ္တုတွေအများအပြားထွက်တဲ့ တောင်ကြောနဲ့ ဆက်စပ်နေရာမှာသူက စိုးမိုးထားပါတယ်။ သူ့စက်ရုံရဲ့ ကုန်ကြမ်းတူးဖော်မှုလုပ်ကွက် အနီးနားမှာတင် အစိုးရပိုင် ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်းတွေ ရှိနေပေမယ့် ဦးအောင်မြင့်ကိုတော့ သူတို့ မကျော်လွှားနိုင်ပါဘူး။

ဖယောင်းတောင် သတ္တုတွင်းဟာ ရွှေသတ္တုအများအပြားထွက်ရှိတဲ့ နေရာဖြစ်ပါတယ်၊ ဒီနေရာဟာ ဦးအောင်မြင့်ရဲ့ ထုံးကျောက်ထုတ်ကွက်နဲ့ သုံးမိုင်ခန့်သာ ကွာဝေးပါတယ်။ တောင်ကြောတစ်ခုတည်း ဆက်စပ်နေမှုလည်း ရှိနေပါတယ်။ စက်ရုံဝင်းအတွင်းမှာရှိတဲ့ ကုန်ကြမ်းသန့်စင်ရေးနေရာမှာတော့ သူတို့ ဘာတွေလုပ်ဆောင်နေကြလည်းဆိုတာ မည်သူမျှ သိခွင့်မရပါဘူး။ ဘူမိဗေဒပညာရှင်တစ်ဦးရဲ့ တွက်ချက်မှုအရ ထုံးကျောက်တင်မက ရွှေနဲ့ရှားပါးသတ္တုတွေဟာဖယောင်းတောင်နည်းတူ ထွက်ရှိမယ်လို့ဆိုပါတယ်။


၂၀၁၉ခုနှစ် အောက်တိုဘာလမှာ နီလာလင်းလက် ကုမ္ပဏီကယင်းဖယောင်းတောင်ဒေသအနီးမှာ ရွှေတူးဖော်ရန်အတွက် လုပ်ငန်းလိုင်စင်လျှောက်ထားခဲ့ဖူးပါတယ်။ လုပ်ကွက် ဧရိယာကို ဧက (၂၀)လို့ သတ်မှတ်ထားခဲ့ပြီး ခန့်မှန်း သန့်စင်ပြီး ရွှေရိုင်းတန်ချိန်ပေါင်း ၄၇၀၀၃ဒဿမ ၅၅တန်အထိ ထွက်ရှိမယ် သူတို့ရဲ့ တွက်ချက်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီစီမံကိန်းကို အစိုးရပိုင်းက ခွင့်ပြုခဲ့လားဆိုတာတော့ သီးခြား အတည်မပြုနိုင်ခဲ့ပါဘူး။ စီမံကိန်းရဲ့ အဆိုပြုလွှာအရတော့ အယ်ဖာဘိလပ်မြေစက်ရုံရဲ့ ကုန်ကြမ်းထုတ်လုပ်မှုဧရိယာဟာ ထုံးကျောက်ထွက်ရှိမှုသာ မကပဲ ရွှေသတ္တုများစွာထွက်ရှိတယ်ဆိုတာ သက်သေပါပဲ။

စစ်ကောင်စီရဲ့ ဒေါက်တိုက်လုပ်ဆောင်နေတဲ့ ခရိုနီများစွာ ရှိနေပေမယ့် တရုတ်ရဲ့ ကျောထောက်နောက်ခံ ဦးအောင်မြင့်ဟာ အခုချိန်ထိတော့ ခြေသံလုံလုံနဲ့ မြန်မာ့သယံဇာတတွေကိုဝါးမြိုနေပါတယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now