မဲခေါင်၊ နိုဝင်ဘာ ၁၆
လမ်းပန်းဆက်သွယ်ရေးအခက်ခဲတွေကြောင့် ကော်ဖီစိုက်ပျိုးရာဒေသတွေကို ကုန်ကြမ်းသွားရောက်ဝယ်ယူရန်အခက်ခဲဖြစ်နေပြီး ပြည်တွင်းစားသုံးရန်အတွက်ပါ ဝယ်ယူမရဘူးလို့ ကော်ဖီလုပ်ငန်းရှင်များထံက သိရပါတယ်။
ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးတဲ့ ကော်ဖီကို တိုက်ပွဲအခြေနေတွေကြောင့် နယ်စပ်ကုန်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန် ရပ်တန့်ထားရပြီး ကုန်လက်ကျန်များ ဈေးတက်နေပြီး လက်ရှိမှာ ကော်ဖီစတင်ထွက်ချိန်မှာ ကော်ဖီစိုက်ဒေသတွေကို သွားရောက်ဝယ်ယူဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
“ပြည်တွင်းစားသုံးဖို့အတွက်တောင် ဝယ်ယူဖို့အဆင်မပြေဘူး၊ လက်ကျန်တွေထုတ်ရောင်းနေရတာ၊ တောင်သူတွေကလည်း ရောင်းချင်တယ်။ ပြည်ပဝယ်လိုအားရှိတော့ ဈေးကကောင်းမယ့်အနေအထားရှိတယ်၊ လမ်းပန်းဆက်သွယ်ရေးက အကုန်လုံးပိတ်နေတာ၊ ထွက်ရှိရာဒေသရဲ့လုံခြုံရေးအခြေနေက လုံးဝစိတ်မချရတော့၊ ကုန်သည်တွေကမသွားဘူး” လို့ ကော်ဖီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကော်ဖီကို ပြည်ပတင်ပို့မှုရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ တင်ပို့ခဲ့ပြီး ထိုင်းနဲ့တရုတ်ကို အဓိကတင်ပို့ကာ ဥရောပနိုင်ငံတွေကိုလည်း တင်ပို့နေပါတယ်။
ကော်ဖီကို ဈေးကွက်သစ်များ ရှာဖွေထားတာကြောင့် ပြည်ပဝယ်လိုအားမြင့်တက်ပြီး ကော်ဖီထွက်ရာသီမှာ အခုလို လမ်းပန်းဆက်သွယ်ရေး လုံခြုံရေးအခက်ခဲတွေကြောင့် ကော်ဖီစိုက်တောင်သူတွေ ထိခိုက်နိုင်တယ်လို့ ကုန်သည်များကဆိုပါတယ်။
ပြည်တွင်းမှာ နှစ်စဉ် ကော်ဖီတန်ချိန် ရှစ်ထောင်ကနေ တစ်သောင်းအကြား ထွက်ရှိပြီး အခုနှစ်ကော်ဖီဈေးနှုန်းက ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၅,၅၀၀ ကနေ ၈,၃၀၀ လောက်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
ကော်ဖီ ကိုရှမ်းပြည်နယ်တွင် ၉၀ ရာခိုင်းနှုန်းနီးပါး စိုက်ပျိုးကြပြီးတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စိုက်ဧက ငါးသောင်းကျော်ရှိကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရဲ့ စာရင်းအင်းတွေအရ သိရပါတယ်။
MK-006
#MeKongNews
#ကော်ဖီ
#စိုက်ပျိုး
#လမ်းပန်း
#ခက်ခဲ