မဲခေါင်၊ ဖေဖော်ဝါရီ ၂၂
ကရင်နီပြည်နယ် ၊ လွိုင်ကော်မြို့ထဲရှိ ရပ်ကွက်များအတွင်း စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ မနက်ပိုင်းအချိန်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးများ၊ အဝေးပစ် မီးလောင်ဗုံးများ လိုက်လံကြဲချ ပစ်ခတ်ခဲ့လို့ နေအိမ်များ မီးလောင်ကျွမ်းခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လွိုင်ကော်မြို့တွင်းရှိ ရပ်ကွက်များအတွင်းသို့ ဒရုန်းဖြင့် မီးလောင်ဗုံး အပြင် အဝေးပစ် မီးလောင်ဗုံးများ ပစ်ခတ်ကြဲချတာကြောင့် ရွှေတောင် ၊ မင်္ဂလာ ၊ ပိုးဇာခြံ စသည့် ရပ်ကွက်များထဲရှိ နေရာ (၅) နေရာခန့်မှာ မီးလောင်ခဲ့တာလို့ ဆိုပါတယ်။
လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ စဥ်ဆက်မပြတ်ရှိနေသလို စစ်ကောင်စီမှ နေ့စဥ် လက်နက်ကြီးပစ်ခတ်ခြင်း ၊ ဒရုန်း ၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဥ်ပြုလုပ်နေလို့ ပြည်သူများ နေထိုင်သွားလာရန် မသင့်သောအခြေအနေလို့ KNDF က သတိပေးပါတယ်။
လွိုင်ကော်မှာ အချိန်မရွေးတိုက်ပွဲများ ဖြစ်နိုင်သည့်အခြေအနေများကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်းများမပြုလုပ်ကြရန် ၊ သက်ဆိုင်ရာတာဝန်ရှိသူများထံမှ မှန်ကန်သည့် သတင်း အချက်လက်များကို ရယူကြရန် ၊ပစ္စည်းပြန်သယ်ယူခြင်းများ မပြုလုပ်ကြပါရန်နဲ့ လုံခြုံရေးကို ဦးစားပေး စစ်ရေးသတိရှိကြပါရန် KNDF က မေတ္တာရပ်ခံထားပါတယ်။