မဲခေါင်၊ အောက်တိုဘာ ၃၀
အောက်တိုဘာ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ပြုလုပ်တဲ့ ၁၀ ကြိမ်မြောက် Beijing Xiangshan ဖိုရမ်ကို မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း တက်ရောက်ခဲ့ပြီး တရုတ်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားချင်ကြောင်း ဖွင့်ဟခဲ့တယ်လို့ တရုတ် ချိုင်းနားဒေးလီးသတင်းစာက ဖော်ပြခဲ့ပါတယ်။
ဒီဖိုရမ်ကို ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းအပြင် လာအို၊ အရှေ့တီမော၊ မွန်ဂိုးလီးယားနဲ့ ဘီလာရုစ်က စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပြီး တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌ ဗိုလ်ချုပ် ဇန်ယူရှား (Zhang Youxia) ဟာ အောက်တိုဘာ ၂၉ ရက်နေ့မှာပဲ တင်အောင်ဆန်း၊ အရှေ့တီမော စစ်ဘက်အရာရှိနဲ့ ဘီလာရုစ် စစ်ဘက် ကိုယ်စားတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဇန်ယူရှားဟာ တက်ရောက်လာတဲ့ ပြည်ပနိုင်ငံ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကို တရုတ်စစ်တပ်ဟာ ဒီမဟာမိတ်ပြည်ပနိုင်ငံတွေထဲမှာ လက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်းနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုပြီးမြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါတယ်။
ပြည်ပ ကိုယ်စားလှယ်များဘက်ကလည်း တရုတ်စစ်တပ်နဲ့ စစ်တပ်ချင်း ပိုမိုပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်လိုတယ်လို့ ပြန်လည် ပြောကြားခဲ့ကြောင်း ပါရှိခဲ့ပါတယ်။
မြန်မာ ကာကွယ်ရေးဝန်ကြီး တရုတ်ကို ရောက်ရှိချိန်မှာ မြန်မာနိုင်ငံ ရှမ်းမြောက်မှာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်တွေကို စစ်ကောင်စီတပ်တွေ အလူးအလဲ ခံနေရချိန်နဲ့ တိုက်ဆိုင်နေပြီး တရုတ် – မြန်မာ နယ်စပ်စည်းပေါ်မှာရှိနေတဲ့ ချင်းရွှေဟော်မြို့ကို ညီနောင် ၃ ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။
ဒီထိုးစစ်စတင်ချိန်ကတည်းက တရုတ်ဟာ နှစ်ဖက်စလုံး အပစ်အခတ်ရပ်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။
Ref: chinadaily
MKF-001
#MeKongNews
#စစ်ကောင်စီ
#တရုတ်
#ရှမ်းမြောက်
#ထိုးစစ်
#မဟာမိတ်