မဲခေါင်၊ မတ် ၁၂
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ဆိုသယ် စစ်ဘေးရှောင်စခန်းမှာ ရေပြတ်လပ်နေတာ သုံးလခန့်ရှိနေပြီးတော့ စစ်ဘေးရှောင် ၉၀၀ ကျော်အတွက် လူတစ်ယောက်ကို တစ်လ ရေတစ်ပုံးသာ ပေးနိုင်တယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။
ဖရူဆိုမြို့ တောင်ဘက် လျားဒူအနီးမှာရှိတဲ့ ဆိုသယ် စစ်ရှောင်စခန်းအနီးအနား ဝန်းကျင်မှာ ရေရရှိနိုင်တဲ့ အရင်းအမြစ် ရေထွက် မရှိတာကြောင့် မိုးရာသီမှာ မိုးရေကိုစုဆောင်းသုံးစွဲရပြီး နှစ်စဥ် ရေပြတ်လပ်မှုနဲ့ ကြုံတွေ့ရတာဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေသူ မဆိုဖီယာက ပြောပါတယ်။ပြီးခဲ့တဲ့ သုံးလအတွင်းမှာဆို စစ်ရှောင်တစ်ဦးကို ရေ ၂၀ လီတာပုံး ၃ ပုံးသာ ပေးနိုင်တယ်လို့ ဆိုပါတယ်။
“ဘယ်အဖွဲ့အစည်းဘယ်သူပဲလာလာ ရေအတွက်ပဲ အလှူခံပြီး ရေဝယ်ပြီး စစ်ရှောင်တွေကို မျှဝေပေးတယ်။ ဒါပေမယ့် လုံလောက်မှုမရှိဘူး။ တစ်ယောက်ကို တစ်ခေါက်ကို လီတာ ၂၀ ပုံး တစ်ပုံး အဲဒီလိုမျိုးပဲရတာပေါ့နော်။ သုံးခေါက်ပဲရှိသေးတယ်” လို့ မဆိုဖီယာက ပြောပါတယ်။ပြီးခဲ့သည့် ဇန်နဝါရီလက လီတာ ၆၀၀၀ တင်တဲ့ ရေကားတစ်စီးအတွက်ငွေကျပ် ၂ သိန်းခွဲပေးရပေမယ့် အခု အချိန်မှာ ရာသီဥတု ပိုမိုပူပြင်းလာပြီး ရေရနိုင်တဲ့နေရာ ဝေးတာကြောင့် ရေကားတစ်စီးကို သုံးသိန်းခွဲလောက်ပေးရတယ်လို့ ဆိုပါတယ်။
“လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အခါကြတော့ ဒီဇယ်တွေ ကားခတွေ စျေးတက်တော့ ရေလည်း စျေးကြီးတယ်” လို့ မဆိုဖီယာက ပြောပါတယ်။
ဆိုသယ်စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၁၈ အိမ်ရှိပြီးတော့ လူဦးရေ ၉၄၇ ဦးရှိပါတယ်။ဒါကြောင့် လူတစ်ဦးကို ရေလီတာ ၂၀ ပုံးတစ်ပုံးရနိုင်ဖို့အတွက် အနည်းဆုံး ရေကား သုံးစီး ငွေဆယ်သိန်းကျော်ကုန်ကျမှာဖြစ်ပါတယ်။
တစ်လကို ရေတစ်ပုံးသာရတာကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် မသုံးစွဲနိုင်တဲ့အကြောင်းကို “သူတို့က သောက်ဖို့နဲ့ စားဖို့ကိုပဲ ဦးစားပေးပြီးတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို မလုပ်နိုင်တဲ့ အခြေအနေရှိတယ်ပေါ့” လို့ မဆိုဖီယာက ပြောပါတယ်။
“ မသန့်တဲ့ရေကိုသုံးရတာကြောင့် အရေပြားရောဂါတွေဖြစ်လာတယ်။ အခုကပူလာတော့ ဝမ်းပျက်ဝမ်းလျောတွေလဲ ဖြစ်နေကြတယ်။ ရေဓာတ်ခမ်းခြောက်တဲ့ ဟာလဲရှိတယ်” လို့သူက ဆိုပါတယ်။လုံခြုံရေးနဲ့ စားဝတ်နေရေးကြောင့် ရေရရှိနိုင်တဲ့နေရာကိုရွှေ့ပြောင်းဖို့လည်း ခက်ခဲတယ်လို့ဆိုပါတယ်။
ဆိုသယ်စစ်ရှောင်စခန်းဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှာကို စိုးရိမ်တဲ့ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာ ၈ ရွာဝန်းကျင်က စစ်ဘေးရှောင်နေကြသူတွေ ဖြစ်ပါတယ်။
ရေပြတ်လပ်မှုအတွက် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ကိုတင်ပြထားပေမယ့် ကူညီဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ စစ်ဘေးရှောင်တွေထံမှ သိရပါတယ်။
နွေ (Newsland Media)