မဲခေါင်၊ မတ် ၁၈
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နဲ့ ဖယ်ခုံမြို့ကြားရှိ နေရာတခုမှာ မတ်လ ၁၇ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သတင်းရင်းမြစ်တခုက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ကရင်နီကို ထိုးဖောက်ချင်တဲ့အတွက် အင်အား ၂၀၀ ကျော်နဲ့ ပင်လောင်းကနေ ဖယ်ခုံကို စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်တာလို့ သိရပါတယ်။
“ ပေါင် ၅၀၀ တွေတောက်လျှောက်ချတယ်။ မြေပြင်ထိုးစစ်ဆင်တယ်။ စစ်ရေးဆိုတော့ အတိအကျတော့ ပြောလို့မရသေးပါဘူး။ သူတို့ထပ်ပြီးစစ်ကြောင်းထိုးအုံးမှာ” လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီတပ်က မြေပြင်ကနေ စစ်ကြောင်းထိုးတာတွေပြုလုပ်နေပြီး လေကြောင်းကနေလည်း ပေါင် ၅၀၀ ဗုံးတွေကြဲချနေတာကြောင့် ပြည်သူတွေအနေနဲ့ နောင်ဝိုး၊ ဗန်းမောက်၊ နန်းဖာမူ၊ ဆောင်းပြောင်း ပီကင်းလမ်းတွေကို အသုံးပြုသွားလာခြင်းမပြုလုပ်ဖို့ကိုလည်း ကာကွယ်ရေး တပ်တွေက တောင်းဆိုထားပါတယ်။
ဒါ့အပြင် ကုန်းလမ်းတင်မကဘဲ ရေလမ်းတွေကို အသုံးပြုသွားလာခြင်းတွေလည်း မပြုလုပ်ဘဲ ဘေးလွတ်ရာကို အမြန်ဆုံး တိမ်းရှောင်ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
CJ-004