မဲခေါင်၊ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာ ပစ်ချခံရတဲ့ စစ်ကောင်စီရဲ့ FTC 2000G တိုက်လေယာဉ် ပေါ်ပါ လေယာဉ်မှူး ၂ ဦး သေဆုံးသွားကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ တိုက်လေယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၄ နဲ့ K-PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ် ၁၁ နာရီ ၄၀ မိနစ်မှာ ပစ်ချလိုက်တာဖြစ်ပြီး နမ့်ဖတ်ကာ စစ်ကောင်စီ ၁၂၃ တပ်စခန်း ရဲ့ အပြင်ဘက်မှာ ပျက်ကျသွားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“နမ့်ဖတ်ကာမှာ KIA ဘက်က ပစ်ချ လိုက်တဲ့ လေယာဉ်က FTC-2000G တိုက်လေယာဉ်ဖြစ်ပြီးတော့ Pilot ဗိုလ်မှူး အေးမြင့်၊ ဗိုလ်ကြီး ကောင်းစံ သေဆုံးတယ်” လို့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီတွေ ကျန်သေးတယ်။ လေယာဉ်ပျက်ကျတဲ့နေရာကို ခြေကျင်နဲ့ စစ်ကောင်စီ ၁၀ ယောက်လာခဲ့တာ။ အဲ့မှာ KIA ဘက်က ပစ်လိုက်တာ ၄ ယောက်သေသွားတယ်။ သူတို့ အဲ့အလောင်းတွေဆွဲ ပြီး ပြန်ဆုတ်သွားတယ်” လို့ သူက ရှင်းပြပါတယ်။
စစ်ကောင်စီတပ် ဧရိယာက ဧက ၅၀ လောက်ရှိတာကြောင့် ကျယ်လွန်းပြီးတော့ စစ်ကောင်စီတွေလည်း ကျန်နေသေးဝယ်လို့ သူက ပြောပါတယ်။
အဲဒီ စစ်ကောင်စီ တိုက်လေယာဉ်ဟာ နမ့်ဖတ်ကာဘက် ဗုံးကြဲတိုက်ခိုက်ဖို့ ဇန်နဝါရီလ ၁၆ ရက်နေ့မနက် ၉ နာရီခွဲကျော်ခန့်က နမ့်စန်လေတပ်စခန်းက ထွက်ခွာလာတာဖြစ်တယ်လို့ဆိုပါတယ်။
ပစ်ချခံရတဲ့ လေယာဉ်ဟာ တရုတ်ထုတ် FTC 2000 G အမျိုးအစား ဖြစ်ပြီး ၂ ယောက် မောင်း Fighter လေယာဉ်ဖြစ်ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက တရုတ်နိုင်ငံက မှာယူထားတဲ့ FTC 2000 G တိုက်လေယာဉ် ၆ စီး ထဲက တစ်စီး ဖြစ်ကြောင်း သိရပါတယ်။
CJ-008
#MeKongNews
#နမ့်ဖတ်ကာ
#စစ်ကောင်စီ
#လေယာဉ်
#ပစ်ချ
#KIA