မဲခေါင်၊ ဧပြီ ၅
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်ကို စစ်မှုထမ်းအလှည့် ယာယီဆိုင်းငံ့ဖို့ စစ်ကောင်စီတပ်က တစ်နှစ်စာ သိန်း ၂၁၀ ကောက်ခံထားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
ဧပြီလအစတည်းက အုပ်ချုပ်ရေးမှူးနဲ့ လက်အောက်ခံ ရာအိမ်မှူးတွေ ကောက်ခံနေတာဖြစ်ပြီး လကုန်လောက်မှာ အပြီးသတ်ပြင်ဆင်ထားကြဖို့ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ကိုယ်တိုင်ကြုံတွေ့ရသူ ရပ်ကွက်နေ ပြည်သူတစ်ဦးက ” တစ်ယောက်ကို သိန်း ၇၀၊ ရပ်ကွက်အနေနဲ့ ၃ ယောက်ဆိုတော့၊ တစ်နှစ်စာအတွက် သိန်း ၂၁၀ ပေါ့၊ အဲ့ဒါကို မထည့်ရင် မဲနှိုက်မယ်၊ ထည့်ရင်တော့ သူတို့လူစားထိုးပေးမယ်ပေါ့၊ ကောက်တာလဲ သူတို့မဟုတ်ဘူးပေါ့၊ အထက်က ကောက်တယ် ပြောတာပဲ ” လို့ ပြောပါတယ်။
အဲဒီ သိန်း ၂၁၀ အတွက် အနိမ့်ဆုံး ၁ သိန်း ထည့်ဝင်ရမှာ ဖြစ်ပြီး ငွေကြေးတောင့်တင်းတဲ့ အိမ်ထောင်စုတွေက ၅ သိန်းအထိ ထည့်ဝင်ရမယ်လို့ အုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူတစ်ဦးဆီက သိရပါတယ်။
“ အခုမထည့်လည်း ရတယ်၊ ဒါပေမယ့် ကိုယ်ထည့်မယ့် ပမာဏကို စာရင်း ကြိုပေးရမှာ၊ အဲအတိုင်း လမကုန်ခင် ထည့်ရမှာ၊ အခုက စာရင်း ကြိုကောက်ထားတာပေါ့” လို့ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆက်ပြောပြပါတယ်။
မြို့မရပ်ကွက်နေ ပြည်သူ တချို့အနေနဲ့ စစ်မှုထမ်းစရိတ် ငွေကျပ် သိန်းဂဏန်းပေးဆောင်ဖို့အတွက် စိုးရိမ်ပူပန်နေရပြီး မဖြစ်မနေ သတ်မှတ်ထားတာကြောင့် ငွေတိုးယူပြီး ထည့်ဝင်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
တောင်ကြီးမြို့မှာ စစ်မှုထမ်းယာယီဆိုင်းငံ့ဖို့ ကောက်ခံနေတာအပြင် သင်္ကြန်ပွဲအတွက်လည်း ရဲတွေက အရပ်ဝတ်နဲ့ တစ်အိမ်တက်ဆင်း အလှူငွေ လာကောက်နေကြပြီး Non-CDM ဝန်ထမ်းတွေကို မဖြစ်မနေ ပါဝင်ခိုင်းထားတယ်လို့ မြို့ခံတွေဆီက စုံစမ်းသိရပါတယ်။
MK-015