မဲခေါင်၊ ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်နဲ့ဟိုပုံးဘက်မှာ လေယာဥ်နဲ့ဗုံးကြဲကာ တိုက်ပွဲတွေဖြစ်လာလို့ အနီးနားကရွာတွေ တောင်ကြီးမြို့နယ်၊ ဖာမွန်းဘုန်းကြီးကျောင်းကို စစ်ရှောင် ၃၀၀ နီးပါးရောက်ရှိလာတယ်လို့သိရပါတယ်။
မနေ့က ကျေက္ကခြားနဲ့နောင်စုံ ရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပချားကလိုးရွာမှာတော့ မြေပြင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ ကလေယာဥ်နဲ့ဗုံးကြဲလို့ ဒဏ်ရာရတဲ့ ကလေး ၃ ဦးနဲ့ လူကြီး ၂ ဦးတို့ ဟိုပုံးဆေးရုံမှာ ဆေးကုသနေရပါတယ်။
‘ဘယ်ရွာတွေလဲလို့မမေးရက်ဘူး၊ မေးရင် မျက်ရည်ကျလာကြလို့ မကြည့်ရက်ဘူး၊ အချို့ကတော့ နောင်အယ်နဲ့ လွယ်တော့က၊ ကက္ကူဘက်လဲရွှေ့လာကြတာရှိတယ်၊ ဒီကျောင်းက ၃၀၀ လောက်ပဲဆန့်မှာဖြစ်လို့ ဆရာတော်နဲ့ကော်မတီတွေအားလုံး တိုင်ပင်ပြီး နေရာချပေးမယ်၊ ရွာတွေက လာနေပြဆဲပဲ၊ လိုတာတော့ ရိက္ခာကအစ ကျန်းမာရေးစောင့်ရှောက်မှုအဆုံး အားလုံးလိုပါတယ်’ လို့ ဖာမွန်းစစ်ရှောင်တွေကို ကူညီစောင့်ရှောက်ပေးသူ တစ်ဦးကပြောပါတယ်။
စစ်ရှောင်တွေထဲမှာ ကလေးငယ် ၁၀၀ ခန့်ပါဝင်ပြီး ကိုယ်ဝန်ဆောင်တွေ သက်ကြီးရွယ်အိုတွေ အများအပြားပါဝင်နေတယ်လို့သိရပြီး အတိအကျသိရဖို့ စာရင်းတွေကောက်နေဆဲလို့ ဆိုပါတယ်။
ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းစတဲ့ ပအိုဝ်းဒေသမှာ တိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ဇန်နဝါရီ ၂၁ရက်ကစပြီး ယခုအထိ စစ်ဘေးရှောင်လာတဲ့ ဒေသခံပြည်သူ ၆ သောင်းကျော်ဟာ ရက်ကြာလာတာနဲ့အမျှ နေစရာနဲ့စားရေရိက္ခာကအစ ကျန်းမာရေးစောင့်ရှောက်မှုအဆုံး အားလုံးလိုအပ်နေပြီး ဝင်ငွေမရှိလို့ အကူအညီတွေ လိုအပ်နေပါတယ်။
MK-012