မဲခေါင်၊ ဖေဖော်ဝါရီ ၉
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ထုံးဖို စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီလ နောက်ဆုံး အပတ်လောက်ကတည်းက စပြီး စောင့်ကြပ်နေတဲ့ ရဲနဲ့ စစ်ကောင်စီတပ်သားတွေဟာ လူအင်အား လျော့နည်းလာတယ်လို့ ဖြတ်သွား ဖြတ်လာ တွေ့ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့ ဆီဆိုင်မြို့တိုက်ပွဲကို လူအင်အား အလုံးအရင်းလိုက် စစ်ကူ ပို့နေရတာကြောင့် စစ်ဆေးရေးဂိတ်မှာ လျော့နည်းသွားတာလို့ တပ်တွင်း ဖရဲသီးတစ်ဦးက ပြောပါတယ်။
“ တပ်ဘက်က မလောက်လို့ ရဲတွေလည်း ပို့နေရတယ်။ စစ်ဆေးရေး ဂိတ်လည်း တိုးထားရတော့။ ဒီဘက်ကို လွှတ်လိုက်တာ။ တောင်ကြီးဘက်မှာလည်း ဘာအသံမှ မကြားတာ ကြာပြီဆိုတော့လေ။ ဆီဆိုင်ကိစ္စပြီးမှ အင်အားထပ်ဖြည့်မယ် ထင်တယ်”
အရင်က အဲဒီ စစ်ဆေးရေးဂိတ်ဟာ အငြိမ်းစား စစ်ကောင်စီတပ်သားတွေ ၁၀ ဦးခန့် စောင့်ကြပ်ပေမယ့် လတ်တလောမှာတော့ ရဲ၊ ပျူစောထီးနဲ့ အငြိမ်းစား စစ်မှုထမ်းဟောင်း အပါအဝင် ၄ ဦးလောက်နဲ့ပဲ အစားထိုးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထုံးဖိုဂိတ်အကျော် တောင်ကြီး တက်လမ်း “ ပ” ကွေ့နေရာက ဆိုင်ကယ်သီးသန့် စစ်ဆေးတဲ့ ဂိတ်ကိုလည်း ရုတ်သိမ်းလိုက်ပြီလို့ ဖြတ်သွား ဖြတ်လာတွေ့ရှိသူ တစ်ဦးက ပြောပါတယ်။
“အရင်က ထုံးဖိုအကျော်မှာ ၆ ယောက်လောက် ဆိုင်ကယ် စစ်တယ်။ အခု စစ်တဲ့နေရာမှာ ဘယ်သူမှ မရှိတော့ဘူး။ ခြံစည်းရိုးခတ်ထားတဲ့ ဂါတ်တဲမှာ တစ်ယောက်ပဲ ကျန်တယ်။ အပြင်မှာတော့ မစောင့်ရဲတော့ဘူး”
ထုံးဖိုဂိတ်မှာ လူအင်အားလျှော့ထားပေမယ့် တောင်ကြီးမြို့ထွက် ၂ မိုင် စစ်ဆေးရေးဂိတ်နဲ့ ကံကြီးရပ်ကွက် မီးရထားသံလမ်း စစ်ဆေးရေးဂိတ်တွေမှာတော့ လူအင်အား အရင်ထက် ၂ ဆတိုးချထားပြီး ဘန်ကာတွေနဲ့ ခံစစ်ပြင်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် နန်းပန် စစ်ဆေးရေးဂိတ်ကိုလည်း တိုးချဲ့ထားပြီး အခုလို လုပ်ဆောင်နေတာဟာ ဆီဆိုင်နဲ့ ပင်လောင်းဘက်က တက်လာနိုင်တဲ့ ထိုးစစ်တွေကို ပြင်ဆင်ထားတာ ဖြစ်တယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက သုံးသပ်ထားပါတယ်။
CJ-007
#MeKongNews
#စစ်ကောင်စီ
#ဆီဆိုင်
#ထုံးဖို
#အင်အား
#စစ်ကူ