မဲခေါင်၊ ဒီဇင်ဘာ ၆
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေက မနေ့ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းက ရဲစခန်းအတွင်းထိ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရဲနဲ့စစ်တပ် အင်အား ၂၅ ယောက်ရှိတဲ့ အဲ့ဒီရဲစခန်းအတွင်းထဲထိ ဝင်ရောက်စီးနင်းကာ နယ်ထိန်းအိမ်ကို မီးရှို့နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က စစ်ကူတွေရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ အမှတ် (၁) စစ်ဒေသ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စီးနင်းတိုက်ခိုက်မှုအတွင်း စစ်သား ၅ ယောက်နဲ့ ရဲ ၂ ယောက်သေပြီး ၁၅ ယောက်ဒဏ်ရာရခဲ့ပါတယ်။ နောက်ဆက်တွဲ အခြေအနေကိုတော့ စုံစမ်းဆဲဖြစ်ပြီး PDF ပူးပေါင်းအဖွဲ့တွေ ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
ကန်ဇွန်းမ ရဲစခန်းကို ပခုက္ကူခရိုင်အမှတ် (၄၊၁၁၊၁၉) တပ်ရင်းများ၊ မင်းဘူးခရိုင်အမှတ် (၁၊၂၊၄၊၅၊၆၊၇) တပ်ရင်းများ၊ Myanmar Defence Force (MDF)၊ ချောက် PDF သခင်ဖိုးလှကြီး တပ်ခွဲ ပူးပေါင်းအင်အားများက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
မကွေးတိုင်းအတွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတွေကို PDF ပူးပေါင်းအဖွဲ့တွေက မကြာခဏတိုက်ခိုက်နေပြီး လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိတယ်လို့ အမှတ် (၁) စစ်ဒေသ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
#MeKongNews
#ကန်ဇွန်းမ
#ရဲစခန်း
#စီးနင်း
#စစ်ကောင်စီ
#ပူးပေါင်း