မဲခေါင် ဇူလိုင် ၁၅
ထိုင်းဝန်ကြီးချုပ် မဲပေးရွေးချယ်မှုမှာ မဲအများစုအနိုင်ရ MFP ပါတီခေါင်းဆောင်ဖိထာကို ဝန်ကြီးချုပ်မဖြစ်စေဖို့ စစ်တပ်ခန့်အထက်လွှတ်တော်အမတ် ၂၅၀ ထဲက ၁၃ ယောက်ကလွဲပြီး ကန့်ကွက်မဲနဲ့ မဲမပေးသူတွေအဖြစ် ဆန့်ကျင်ခဲ့ကြလို့ MFP ပါတီက ဇူလိုင် ၁၄ ရက်မှာ အောက်လွှတ်တော်နဲ့ လွှတ်တော်ဥက္ကဌထံ ဒီအမတ် ၂၅၀ မဲပေးခွင့်ကို ပယ်ဖျက်ဖို့ ဥပဒေမူကြမ်းတစ်ရပ် တင်သွင်းခဲ့ပါတယ်။
စစ်ခေါင်းဆောင် ပရာယွတ်ဦးဆောင်တဲ့ အာဏာသိမ်းလွှတ်တော်ဟာ ၂၀၁၇ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ရေးဆွဲရာမှာ စစ်တပ်ခန့်အထက်လွှတ်တော်အမတ် ၂၅၀ ကို ထားရှိဖို့ ဥပဒေ ပုဒ်မ ၂၇၂ အဖြစ် ထည့်သွင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။
ထိုင်းစစ်တပ်နဲ့ ဘုရင်အသိုင်းအဝိုင်းကြား ယှက်နွယ်မှုနဲ့ ထိုင်းနိုင်ငံကို ချယ်လှယ် အုပ်ချုပ်နေမှုအပေါ် ဒီမိုကရေစီ လိုလားတဲ့ MFP နဲ့ မဟာမိတ်ပါတီတွေက တိုက်ဖျက်ချင်နေကြမှုကို ဟန့်တား မှုအဖြစ် ဒီဥပဒေကိုပြဌာန်းထားတာဖြစ်ပြီး ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုဟာ ဒီတစ်ကြိမ်ဆို ၇ ကြိမ်မြောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ် မဲပေးရွေးချယ်မှုကို မလုပ်ခင် MFP ပါတီ အထွေထွေ အတွင်းရေးမှူး ချိုင်သာဝပ်တူလာသွန်က “အောက်လွှတ်တော် အမတ်အားလုံးရဲ့ လက်မှတ်နဲ့ အထက်လွှတ်တော်မှာ အပိုင်ခန့်ထားတဲ့ အမတ်တွေကို ဝန်ကြီးချုပ် ရွေးချယ်မှုမှာ မဲပေးခွင့်ပိတ်ဖို့ အဆိုမူကြမ်းတင်ခဲ့ပြီးဖြစ်တယ်။ ပထမတစ်ကြိမ် မဲပေးမှုမှာ ၁၅၆ ယောက်က မဲမပေးဘဲ၊ ၄၃ ယောက်က ပျက်ကွက်ခဲ့တယ်။ သူတို့အခွင့်အာဏာနဲ့ ဝန်ကြီးချုပ်မဲပေးမှုမှာ မပါဝင်ချင်တာ အသိသာကြီးပါ။ ဒါကြောင့် ပုဒ်မ ၂၇၂ ကို ဖျက်သိမ်းပြီး ဝန်ကြီးချုပ် ရွေးချယ်မှုမှာ သူတို့ထွက်လမ်းရအောင် လုပ်ပေးသင့်တယ်”လို့ ပြောသွားခဲ့ ပါတယ်။
ဆက်လက်ပြီး ဇူလိုင် ၁၉ ရက်နေ့ ဒုတိယအကြိမ် ဝန်ကြီးချုပ်မဲပေးရွေးချယ်ပွဲမှာ ဖိထာ ပြန်အရွေးခံမခံ အတည် မပြုနိုင်သေးပေမယ့် လက်မလျှော့သေးကြောင်းနဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ပြည်သူကိုပေးထားတဲ့ အဓိက ကတိတွေထဲက တစ်ခုဖြစ်တဲ့ ဘုရင်ဂုဏ်သရေ ညှိုးနွမ်းမှု ဥပဒေပုဒ်မ ၁၂၂ ဖျက်သိမ်းရေး ကတိကိုလည်း မဲရဖို့တစ်ခုတည်းအတွက် မဖျက်နိုင်ကြောင်း ချိုင်သာဝပ်က ထုတ်ပြန်သွားခဲ့ပါတယ်။
MKF-001
#MekongNews
#ဝန်ကြီးချုပ်
#လွှတ်တော်
#MPF
Ref: bangkokpost








