မဲခေါင်၊ နိုဝင်ဘာ ၂၅
ရှမ်းမြောက် လားရှိူးနားက နမ့်ပေါင်နဲ့ သံလွင် ကျေးရွာတွေကို စစ်ကောင်စီက မနေ့ညက လေယာဥ်နဲ့ ဗုံးကြဲလို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ဒီနေ့ထုတ်ပြန်ပါတယ်။
မနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်မှာ စစ်ကောင်စီက လားရှိုးမြို့ သံလွင်နဲ့ နမ့်ပေါင်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ် MNDAA ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဟာ တိုက်လေယာဉ်နဲ့ ပေါင်ချိန်များတဲ့ ဗုံး ၄ လုံးထက်မနည်း ပြင်းထန်စွာ ကြဲချခဲ့လို့အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ယင်းထုတ်ပြန်ချက်ထဲမှာပဲ သံလွင်မြို့နယ်က တရုတ်စာသင်ကျောင်းတစ်ကျောင်းနဲ့ နမ့်ပေါင်မြို့နယ်က မြန်မာအထက်တန်းကျောင်းတစ်ကျောင်း ပျက်စီးခဲ့ရပြီး အခြားလူနေအိမ် အများအပြားလည်း ပျက်စီးခဲ့ရတယ်လို့ ပါရှိပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း အဆိုပါနမ့်ပေါင်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်း ပျက်စီးကာနွားနှစ်ကောင်လည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
သုံးနှစ်ခွဲကျော် ကာလအတွင်း ရှမ်းပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် ၁၆၀၀ ကျော်ရှိခဲ့ပါတယ်။ စစ်ကောင်စီတပ် မရှုမလှရှုံးနိမ့်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ၁၄၀၀ ကျော်ရှိခဲ့ပါတယ်။
မြို့နယ်အားဖြင့် ရှမ်းပြည်မှ မြို့နယ် ၂၆ ခုထက်မနည်း လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရပြီး စစ်ကိုင်းတိုင်းပြီးလျှင် ဒုတိယအများဆုံးဖြစ်တယ်လို့ ISP-Myanmar က ပြုစုကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
MK-012
#MeKongNews
#ရှမ်းပြည်
#လေကြောင်း
#တိုက်ခိုက်
#ကိုးကန့်
#MNDAA
#လားရှိုး














