ဖရူဆိုအနောက်ခြမ်း စစ်ရှောင်စခန်း၌ ကူးစက်ရောဂါများထဲမှ တီဘီဖြစ်ပွါးသူ တိုးပွါးလာ
ကလေး ၁၁ ဦးအပါအဝင် ၁၉ ဦး တီဘီ ဖြစ်ပွါးနေ
မဲခေါင်၊ ဖေဖေါ်ဝါရီ ၆
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်း၌ ကူးစက်ရောဂါများထဲမှ တီဘီရောဖြစ်ပွါးသူ တိုးပွါးလာကာ လက်ရှိတွင် ကလေး ၁၁ ဦးအပါအဝင် ၁၉ ဦး တီဘီရောဂါ ဖြစ်ပွါးနေသည်။
တီဘီရောဂါဖြစ်ပွါးနေသူများကို နွေဦးကျန်းမာဆေးရုံမှ ဆေးဝါးကုသမှုပေးနေသည်ဟု ကုသပေးနေသည့် ဒေါက်တာနှင်းက ဖေဖော်ဝါရီလ ၅ ရက်ကပြောသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လတွင် တီဘီရောဂါအတွက် ဆေးခန်းဖွင့်လှစ်ကာ စတင်ကုသစဉ်က တီဘီရောဂါ ဖြစ်ပွားသူ တစ်ဦးသာရှိခဲ့ရာမှ ယခု ၁၉ ဦးအထိတိုးပွါးလာသည်ဟု ဒေါက်တာနှင်းကပြောသည်။
လက်ရှိတွင် တီဘီသောက်ဆေးပေးထားရသူ ၁၉ ဦးအပြင် တီဘီရောဂါသံသယရှိသူ ၂၀ ကျော်ရှိကာ ထို ပမာဏထဲတွင် ကလေးငယ် ကလေးကိုးဦး ပါဝင်သည်ဟု သိရသည်။
တီဘီရောဂါလက္ခဏာအနေဖြင့် နှစ်ပတ်ကျော်ကြာ ချောင်းဆိုးခြင်း၊ ချောင်းဆိုးရာတွင် သွေးပါခြင်း၊ နှစ်ပတ်ကျော်ကြာဖျားနာခြင်း၊ ညနေခင်း အဖျားတက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျလာခြင်းတို့ ဖြစ်ပေါ်တတ်သည်။
“ ကြုံတွေ့ရတဲ့အခက်အခဲအနေနဲ့ ဆေးလုံလောက်စွာ အချိန်မီရရှိဖို့၊ ဘာသာစကားအခက်အခဲကြောင့် ရောဂါအတိမ်အနက်၊ ဆေးကုသဖို့ကာလ၊ ဆေးသောက်ဖို့လိုအပ်ကြောင်းသိနားလည်ဖို့၊ ဆေးခြောက်လပြည့်အောင်သောက်ဖို့၊ ဆေးလုံးရေ မှန်ကန်စွာသောက်ဖို့ ပြောပြရတဲ့ အခက်အခဲရှိပါတယ်”ဟု ဒေါက်တာနှင်းကပြောသည်။
ရောဂါလက္ခဏာခံစားနေရသူများကို တီဘီဆေး ခြောက်လပြည့်အောင် သောက်ခိုင်းခြင်း၊ တီဘီဆေးသောက်ပြီး တီဘီပြန်ဖြစ်သူများအတွက် သက်ဆိုင်ရာကုထုံးများဖြင့် ကုသပေးနေပြီး လိုအပ်ပါက ဆေးကုသမှုကာလကို ခြောက်လကျော်ကြာ ဆေးကုသပေးတာမျိုးလည်းရှိသည်။
တီဘီရောဂါသည် အများအားဖြင့် လေမှတဆင့် ကူးစက်သောရောဂါဖြစ်သည်။ ရောဂါဖြစ်ပွါးသူ အကာအကွယ်မပါပဲ ချောင်းဆိုးသည့်အခါ လေနှင့်အတူ ရောဂါပိုးပါဝင်လာပြီး ခြောက်ပေဝန်းကျင်၌ ရှိနေသူကို ကူးစက်နိုင်သည်။
တီဘီရောဂါပိုးသည် တစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်သောရောဂါပိုးဖြစ်ပြီး ဆေးခြောက်လသောက်ရသော ရိုးရိုးတီဘီအဆင့်တွင် ဆေးပုံမှန်မသောက်ခြင်း၊ မိမိသဘောနှင့်မိမိ ဆေးသောက်ရပ်ဆိုင်းခြင်းပြုလုပ်ပါက ဆေးယဉ်ပါးတီဘီ(MDR)အဆင့်သို့ရောက်ရှိနိုင်သည်၊ MDR ဖြစ်ပါက ပြင်းထန်သောဝေဒနာခံစားရသည့်အပြင် ပြင်းထန်သည့် သောက်ဆေး ထိုးဆေးများဖြင့် ၂ နှစ်ဝန်းကျင်အထိဆေးကုသမှုခံယူရသည်။ MDR ကုသနေစဉ် လူနာဘက်က ပေါလျော့ပျက်ကွက်ပါက ပြင်းထန်ဆေးယဉ်ပါးတီဘီ(XDR)အဆင့်သို့ရောက်ရှိနိုင်သည်။ XDR အဆင့်ရောက်ရှိပါက MDR အဆင့်ထက် ပိုမိုဆိုးရွားသည်ဝေဒနာခံစားရသည့်အပြင် ကုသဆေးများသည်လည်း ပြင်းထန်သည်။
မြူနှင်း
#MeKongNews









