လင်းမောင်
လုပ်ဆောင်နေခဲ့တာကြာပြီဖြစ်တဲ့ စီမံကိန်းဟာ ၂၀၂၁ ခုနှစ်မှပဲ ချင်းရွှေဝါနဲ့ လင်ကန်းလမ်းနှစ်သွယ်ကို ဆက်သွယ် တဲ့ မီးရထားလမ်းသစ်အဖြစ် ဖွစ်လှစ်နိုင်ခဲ့ပါတယ်။ မြန်မာဟာ ဆက်တိုက်ဆိုသလိုသော ထောက်ပံ့မှုတွေကို အိမ်နီးချင်းတရုတ်နိုင်ငံကနေ ရယူ နေခဲ့ရကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြလိုက်မှုလည်းဖြစ်တယ်။ တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန် ပြည်နယ်ဆိုတာ ကျေးလက်ဆန်တုန်း၊ တစ်သီးတစ်ခြား နိုင်တုန်းဒေသ၊ တချို့သော နယ်မြေတွေမှာဆိုရင် တော်တော်ဆင်းရဲကြတုန်း။ ဒါပေမဲ့ တောင်တန်းတွေကိုကျော်ပြီး ဆက်သွယ်ဖောက်လုပ်လိုက်တဲ့ ဒီရထားလမ်းကြောင့် ပြည်ပခရီးသွားတွေလည်ပတ်မှုများရာ ဒါလီကနေ လင်ကန်းဒေသ ကျေးလက်တောရွာတွေအထိ လူတန်းစေ့နေနိုင်လောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အချိန်တိုအတွင်း ဖြစ်တည်လာခဲ့တယ်။
မြန်မာနယ်စပ် ဒါလီ-ရွှေလီမီးရထားလမ်းတိုးချဲ့စီမံကိန်းနေရာနဲ့လည်း ကားမောင်းသွားရင် လမ်းခရီးတိုတိုလေး သွားရမယ်။ ဒီမီးရထားလမ်းပိုင်းက တရုတ်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ခေတ်မီ၊ သန့်ရှင်း၊ အချိန်ဇယားအတိုင်း အမြဲ မပြတ်တမ်း ခရီးစဉ်တွေသွားလာနိုင်မယ့် ကျည်ဆံရထားလမ်းပိုင်းဖြစ်လာတာပါ။ အရင်က ကားလမ်းတွေ ကနေခရီးသွားတွေ အပြန်အလှန်ဆက်သွယ်ရတဲ့ ဒေသမှာ မီးရထားလမ်းသစ်ကြီးကြောင့် တရုတ်နယ်စပ်နေ ပြည်သူတွေရဲ့ ဘ၀တွေ ထူးခြားတိုးတက်သွားခဲ့တယ်။ လင်ကန်းမှာ ကရိန်းတွေ၊ ဝန်ချီစက်တွေများစွာပါတဲ့ ဥမင် ကြီးတွေလည်း အများအပြားတည်ဆောက်ထားပြီး အဲဒီကနေ တရုတ်ကုန်စည်တွေဟာ မြန်မာ နိုင်ငံကို ဖြတ်ထွက်ဖို့ အစပျိုးရာဗဟိုချက်ဖြစ်လာတယ်။
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတော့ တရုတ်အစိုးရဟာ ဒေသတွင်း နိုင်ငံအများစုလိုပဲ မှတ်ချက်တစ်စုံတစ်ရာပေးဖို့ နှုတ်ဆိတ် နေခဲ့တယ်။ အာဏာသိမ်းမှုကို အတိုက်အခံလုပ်ကြတဲ့ အဖွဲ့အစည်းတွေ နဲ့လည်း ဆက်သွယ်ပြီး ၂ နှစ်အတွင်း ဘာတွေဖြစ်နိုင်မလဲဆိုတာကို စေ့ငုစောင့်ကြည့်တယ်။ ဒီ ၂ နှစ်တာ ကာလ အတွင်း တရုတ်နိုင်ငံရေး ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အာဏာသိမ်းမြန်မာစစ်ကောင်စီခေါင်းဆောင်တွေနဲ့ မတွေ့ဘဲနေခဲ့ပေမယ့် ၂၀၂၃ မေလထဲမှာ အဲဒီအချိန်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်းကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာကို ရုပ်သံဖန်သားပြင်တွေပေါ်မှာ ကမ္ဘာက မြင်တွေခဲ့ကြရတယ်။ ဒါဟာ တရားမဝင် အာဏာသိမ်းထားတဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ မဖြစ်မနေ တစ်သက်တာ လက်တွဲ သွားဖို့ နောက်ကွယ်က ကြံစည်နေတာကို မဖုံးကွယ်နိုင်လောက်အောင် ဗျောင်ကျကျ လှစ်ဟပြလိုက်မှုလည်းဖြစ်တယ်။ တရုတ်ဟာ မြန်မာနိုင်ငံက ထုတ်တဲ့ သံမဏိ ၂၇ ရာခိုင်နှုန်းအထိကို ဝယ်ယူနေတဲ့နိုင်ငံဖြစ်တယ်။ တန်ဖိုး ကြီးကျောက်မျက်ရတနာတွေ၊ မြေရှားသတ္တုတွေကိုလည်း မြန်မာဆီကပဲ ရယူနေတော့ မြန်မာဟာ သူတို့စွန့်ပစ်လို့မရတဲ့ စီးပွားဘက်နိုင်ငံဖြစ်နေတာကို လူသိခံလိုက်တဲ့သဘောပဲ။
မြန်မာ့စီးပွားရေးရဲ့ အဓိကအရေးအပါဆုံး စွမ်းအင် ကဏ္ဍကလည်း တရုတ်အတွက် အရမ်းအရေးပါတယ်။ ၂၀၂၂ မှာ မြန်မာဆီက သဘာ၀ဓာတ်ငွေ့ ၃၈ ရာခိုင်နှုန်းကို တရုတ်က တင်သွင်းခဲ့တယ်။ မကြာသေးခင်က ကုလသမဂ္ဂ အစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ တရုတ်ဆီက ပေါင်သန်း ၂၀၀ ဖိုးရှိတဲ့ စစ်လက်နက် အသုံးအဆောင်ပစ္စည်း တွေကို ပြန်ဝယ်ခဲ့ကြောင်းနဲ့ ရောင်းချတဲ့ ကုမ္ပဏီတွေထဲမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီအများအပြားပါနေတာကို ကြည့်ရင် တရုတ်ဘက်က မြန်မာဆီက ဘာကိုပြန်တောင်းဆိုမလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရနိုင်ပါပြီ။ ဒါဟာ လင်ကန်းကုန်သွယ်လမ်းကြောင်းပဲပေါ့။ မြန်မာနိုင်ငံထဲကိုပဲ ကုန်သွယ်ဖို့ ဒီရထားလမ်းစီမံကိန်းတွေကို ချခဲ့ တာမဟုတ်ဘဲ မြန်မာဖြတ်ကျော်အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်အထိ တရုတ်ပို့ကုန်တွေကို ပို့ဆောင်လိုခြင်းက တရုတ်ရဲ့ မဟာဗျူဟာပဲ။ ဒါကြောင့် စစ်ကောင်စီထံက ဒီအခွင့်အရေးကိုတောင်းပြီး ပြည်သူတွေကို ပြန်သတ်ဖြတ် နေတဲ့ လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို တစ်ဖက်က ပြန်ပေးတယ်။ မြန်မာဖြတ်ကျော် အိန္ဒိယ သမုဒ္ဒရာထွက်လမ်းမရှိရင် တရုတ်ဟာ ခရီးရှည်လျှားသလို အန္တရာယ်များတဲ့ မာလက္ကာရေလက်ကြားကနေပဲ ကုန်သွယ်ရေးကြောင်းခရီးစဉ်တွေကို သယ်ယူပို့ဆောင်ခများများပေးပြီး တင်ပို့ရတယ်။ ဒါကြောင့် တရုတ်က ဒီစီမံကိန်းအတွက် မြန်မာစစ်ကောင်စီနဲ့ အပေးအယူလုပ်ဖို့ ဆုံးဖြတ်လိုက်တာမျိုးပဲ။
အာဏာသိမ်းစကနေ ၂ နှစ်ကျော်အနေအထားအကဲခတ်စောင့်ကြည့်နေရင်းက တရုတ်ဟာ အဆုံးမှာတော့ မြန်မာ နိုင်ငံအပေါ် ဩဇာလွှမ်းမိုးနိုင်မှု၊ ဩဇာသက်ရောက်နိုင်မှုတွေရှိစေဖို့ စစ်ကောင်စီထံ ပေးသင့်သလောက် ပေးပြီး ငွေ၊ လက်နက်တွေနဲ့ဝယ်ယူလိုက်တယ်။ မြန်မာနိုင်ငံက ရင်းမြစ်ကြွယ်၀လှတဲ့ သယံဇာတတွေဆီကလည်း အကျိုးအမြတ်အများကြီး ရဦးမယ်။ အရှေ့တောင်အာရှနိုင်ငံတွေကိုလည်း မြန်မာပြည်ရေပိုင်နက်က ဖြတ်ထွက်ပြီး ပိုမို ဩဇာလွှမ်းမိုးနိုင်မယ်။ အနောက်နဲ့ အမေရိကန်တို့ အရှေ့တောင်အာရှနိုင်ငံတွေအပေါ် ဩဇာလွှမ်းမိုးခြင်းအပေါ် ကာကွယ်ဖို့လည်း တစ်ဆက်တည်း ဖြစ်တည်လာမယ်။
မြန်မာပြည်တွင်း ပဋိပက္ခတွေဟာ တရုတ်ရဲ့ ရည်မှန်းချက်တွေကို ထိခိုက် စေတဲ့ အဟန့်အတားတွေဖြစ်ခဲ့တာကို သူတို့ မငြင်းဆိုနိုင်ဘူး။ ရွှေလီဟာ နယ်စပ်ဖြတ်ကျော် နိုင်ငံခြားခရီးသွားပိုမိုစည်ကားတဲ့ နေရာတော့ ဖြစ်လာတယ်။ ခုထိ ဒီစီမံကိန်းမပြီးသေးလို့ ကုန်စည်ကူးသန်းမှုမှာတော့ သိသာတဲ့တိုးတက်မှုတွေမရှိသေးဘူး။ ဒီတော့ တရုတ်ဟာ မြန်မာစစ်ကောင်စီနဲ့ အပေးအယူလုပ်ရင်း သူတို့မဟာဗျူဟာအကောင်အထည်ပေါ်ဖို့ ဆက်လက် လက်တွဲသွားကြဦးမှာပါပဲ။
#MeKongNews
#မီးရထားလမ်း
#တရုတ်
#ဒါလီ-ရွှေလီ








