~ CWM ~
(၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေ ပြီးတဲ့အခါ အိမ်ရှင်အသင်းအားလုံး ပြိုင်ပွဲက ထွက်ရပါတယ်။ နောက်ဆုံးထွက်ရတဲ့အသင်းက အမေရိကန်ပေါ့။ အမေရိကန်ရဲ့ အရှုံးက နည်းနည်းတော့ သိက္ခာကျတယ်လို့ ဆိုရမယ်။ အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတဲ့ တိုက်စစ်မှုး ဖိုလာရင် ဘာလိုဂန်နဲ့ ပတ်သက်နေလို့ပါ။ ဖိုလာရင် ဘာလိုဂန်ရဲ့ ပြဿနာက ဒီနှစ်ကမ္ဘာ့ဖလားမှာ ပြောစရာဖြစ်သွားတယ်။ အမေရိကန်က အုပ်စုပွဲစဉ် နောက်ဆုံးပွဲမှာ ဘော့စနီးယား ဟာဇီဂိုဗီးနားနဲ့ ကစားတော့ တဖက်ကစားသမားကို ကြမ်းကြမ်းတမ်းတမ်းကစားခဲ့တဲ့ ဘာလိုဂန်ကို ကွင်းလယ်ဒိုင် ရာဖေးလ်ကလာ့စ်က တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ပစ်ခဲ့တယ်။ ဒီအနီကတ် ပြစ်ဏ်က အမေရိကန်ပရိသတ်ကြားမှာ ဝေဖန်စရာဖြစ်သွားတယ်။ ဒိုင်လူကြီးအနေနဲ့ အနီကတ် မပြသင့်ဘဲ ပြလိုက်တယ်ဆိုတဲ့သဘောမျိုး ပြောကြတယ်။ ဘောလုံးကွင်းထဲမှာတော့ ကွင်းလယ်ဒိုင်က တရားသူကြီးပါ။ သူ့ဆုံးဖြတ်ချက်ဟာ အတည်ပါပဲ။ ဘယ်သူမှ ပယ်ဖျက်လို့ မရပါဘူး။ နည်းနည်းပါးပါး အမှားအယွင်း ရှိကောင်း ရှိနိုင်ပေမယ့် ကွင်းလယ်ဒိုင်က ဆုံးဖြတ်ပြီးရင် ပြန်ပြင်ရိုး ထုံးစံမရှိပါဘူး။
ဒါပေမယ့် ခု အမေရိကန် ကမ္ဘာ့ဖလားမှာတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဖြေလျော့ပေးတဲ့ ဆုံးဖြတ်ချက်တခု ဖီဖာ(ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) က ချမှတ်ခဲ့တယ်။ ဒီအဖြစ်အပျက်ဟာ အငြင်းပွားစရာ ဖြစ်သလို ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာလည်း တကြိမ်တခါမှ မရှိခဲ့ဖူးဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်တိုက်စစ်မှူး ဘာလိုဂန် အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဖီဖာဥက္ကဌ အင်ဖန်တီနို ထံကို ဖုန်းဆက်ခဲ့တယ်။ ” ငါတော့ ဒီအနီကတ် နဲ့ ပတ်သက်ပြီး သံသယရှိတယ်။ အဲဒါ မင်း ဒီကိစ္စကို ပြန်သုံးသပ်ပေးပါဦးကွာ” လို့ ဆိုလိုက်တော့ အင်ဖန်တီနိုက ဒီပွဲစဉ်က အနီကတ်နဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးလိုက်ကြောင်းနဲ့ (၁၆)သင်းအဆင့် ဘယ်လ်ဂျီယံနဲ့ ကစားတဲ့အခါ တိုက်စစ်မှူး ဘာလိုဂန် ပါဝင်ခွင့်ရမယ်လို့ အကြောင်းပြန်ခဲ့တယ်။ ဒီအဖြစ်အပျက်က ဘောလုံးလောကမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စပါပဲ။ ဘောလုံးလောက အသိုင်းအဝန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတယ်။ လီဗာပူးနည်းပြဟောင်း ယာဂန်ကလော့က ” ဒါ ကျနော်တို့ရဲ့ ကစားပွဲပါ။ သူတို့နဲ့ မဆိုင်ပါဘူး” လို့ ဒေါ်နယ်ထရမ့်နဲ့ အင်ဖန်တီနိုကို ရည်ညွှန်းပြီး ဝေဖန်ခဲ့တယ်။ ဘောလုံးမှာ နိုင်ငံရေး ဝင်မစွက်ရဘူးဆိုတဲ့ စည်းမျဉ်းကို ချိုးဖောက်လိုက်တာပဲလို့ ပြောတယ်။
ဖီဖာဥက္ကဌ အင်ဖန်တီနိုကတော့ ဘာလိုဂန်ရဲ့ အနီကတ်ကို ပယ်ဖျက်တာမဟုတ်ဘဲ ပြစ်ဒဏ်ကို ဖီဖာစည်းကမ်းထိန်းသိမ်းရေးအပိုဒ်-၂၇ အရ ဆိုင်းငံ့လိုက်တာသာဖြစ်တယ်လို့ ဆိုတယ်။ ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ ဘာလိုဂန်ရဲ့ အနီကတ်အတွက် ဒေါ်လာ-၄၀၀၀၀ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်နယ်ထရမ့်နဲ့ အင်ဖန်တီနိုကြားက အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ဘောလုံးသမားတဦးကို နောက်ပွဲမှာ ထည့်သွင်းကစားခွင့်ပြုခဲ့ကိစ္စကတော့ ဘောလုံးအသိုင်းအဝန်းမှာ ပြောစမှတ် တွင်သွားခဲ့တယ်။
ဖြစ်ချင်တော့လည်း ဇူလိုင်(၇)ရက် မနက်စောစော ကစားခဲ့တဲ့ အမေရိကန်-ဘယ်လ်ဂျီယံ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ အိမ်ရှင်အမေရိကန်ဟာ ဘယ်လ်ဂျီယံကို (၄-၁)နဲ့ ဂိုးပြတ်ရှုံးပြီး ပြိုင်ပွဲက ထွက်သွားရတယ်။ ဒီပွဲမှာ ထုတ်ပယ်ခံထားရတဲ့ တိုက်စစ်မှူ ဘာလိုဂန် ပါဝင်ကစားပေမယ့် အိမ်ရှင်အသင်းဟာ ဥရောပအသင်း ဘယ်လ်ဂျီယံကို ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ဘူး။
ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ် ပြန်ရုပ်သိမ်းခဲ့တာနဲ့ ပတ်သက်လို့ ဖီဖာက ကြေညာချက်ထုတ်ပြန်ခဲ့ရသလို ထရမ့်ကလည်း ဘာလိုဂန်အပေါ် ချမှတ်ခဲ့တဲ့ ဒီပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ဖိုအင်ဖန်တီနိုကို တိုက်တွန်းခဲ့တာသာဖြစ်ပြီး ပြစ်ဒဏ်ပယ်ဖျက်ဖို့ သူ တောင်းဆိုခဲ့တာမဟုတ်ဘူးလို့ငြင်းဆိုတယ်။
အမေရိကန်တိုက်စစ်မှူး ဘာလိုဂန် ရဲ့ ပွဲပယ်ပြစ်ဒဏ် ပြန်ရုပ်သိမ်းပေးခဲ့တာနဲ့ ဆက်စပ်ပြီး ဖီဖာဥက္ကဌ အင်ဖန်တီနိုရဲ့ အဂတိမကင်းတဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်မှုတွေလည်း မြင့်တက်လာတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ကို ဖီဖာငြိမ်းချမ်းရေးဆုပေးတာ၊ ကမ္ဘာ့ဖလား ဘောလုံးပွဲလက်မှတ်တွေ ဈေးကြီးတာ၊ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲဆိုပြီး တီထွင်ကျင်းပတာ အပါအဝင် အင်ဖန်တီနိုရဲ့ လုပ်ဆောင်ချက်တွေဟာ အငြင်းပွားစရာ ဖြစ်နေတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ ဖွဲ့စည်းပုံမှာ ဘောလုံးအသင်းတွေအပေါ် အစိုးရက ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုတဲ့အချက် ပါဝင်တယ်။ ဘောလုံးအပေါ် နိုင်ငံရေးက ဝင်ရောက်လွှမ်းမိုးမှု မပြုရဆိုတဲ့ သဘောပါ။
ဒီစည်းမျဉ်းအရ အစိုးရက ဘောလုံးအဖွဲ့ချုပ်တွေအပေါ် ဝင်ရောက်စွက်ဖက်ခဲ့တဲ့ နိုင်ငံတချို့နိုင်ငံတကာပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကစားခွင့် ပိတ်ပင်ခံရတာရှိတယ်။ ပါကစ္စတန်ဆိုရင် (၈)နှစ်အတွင်း အပယ်ခံရတာ သုံးကြိမ်ရှိပြီ။
ဒါပေမယ့် အခု အင်ဖန်တီနို နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ဖီဖာက ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်ရေးဆွဲပွဲမှာ အင်ဖန်တီနိုဟာ သမ္မတ ဒေါ်နယ်ထရမ့်ကို ဖီဖာငြိမ်းချမ်းရေးဆု (Fifa Peace Prize) ဆိုပြီး ဆုတခုကို တီထွင်ပေးအပ်ခဲ့တယ်။ အိမ်ရှင် အမေရိကန်သမ္မတ နဲ့ အင်ဖန်တီနိုတို့ကြား နှစ် နှစ်ကြာ ဆက်ဆံရေးဟာ မိတ်ဆွေရင်းပမာ ဖြစ်လာပြီး ငြိမ်းချမ်းရေးဆု အင်မတန်လိုချင်နေတဲ့ ထရမ့်ကို အင်ဖန်တီနိုက မြှောက်စားပြီး ဒီဆုကို ပေးအပ်ခဲ့တယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး FairSquare လူ့အခွင့်ရေးလှုပ်ရှားမှုအဖွဲ့က ဖီဖာကျင့်ဝတ်ကော်မတီဆီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကန့်ကွက်စာတစောင်ပေးပို့ခဲ့ပြီး အင်ဖန်တီနိုဟာ ဖီဖာက ချမှတ်ထားတဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်းမရှိရဆိုတဲ့ စည်းမျဉ်းကို ချိုးဖောက်ပြီး ဆုပေးခဲ့တယ်လို့ ဖော်ပြထားတယ်။
တိုက်စစ်မှူး ဘာလိုဂန်ရဲ့ အနီကတ် ပွဲပယ်ပြစ်ဒဏ် ပယ်ဖျက်ပေးခဲ့ကိစ္စမတိုင်ခင် ဆိုမာလီဒိုင်လူကြီး အိုမာ အာတန် အမေရိကန် ပြည်ဝင်ခွင့်မရတဲ့ကိစ္စလည်း ပေါ်ပေါက်ခဲ့တယ်။ ဒီကိစ္စမှာလည်း ဖီဖာဟာ ပြည်ဝင်ခွင့် ငြင်းဆိုခဲ့တဲ့ အမေရိကန်အစိုးရအပေါ် တစုံတရာ ဩဇာလွှမ်းမိုးနိုင်ခြင်း မရှိခဲ့ဘူး။ တကယ်တော့ ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းအရဆိုရင် အမေရိကန်အစိုးရက ဖီဖာဒိုင်လူကြီး အိုမာအာတန်ရဲ့ ပြည်ဝင်ခွင့်ကို ငြင်းဆိုခွင့် မရှိဘူး။ ဖီဖာရဲ့ ဆုံးဖြတ်ချက်တွေဟာ အငြင်းပွားစရာတွေ ဖြစ်နေတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က မက္ကဆီကို နဲ့ အင်္ဂလန်ပွဲကို အချိန် နောက်ဆုတ်ကျင်းပမယ်လို့ ကြေညာခဲ့ပြီးမှ နောက်မဆုတ်ဖြစ်ဘဲ နဂိုအချိန်အတိုင်း ကစားဖြစ်ပြန်တယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဖရိက၊ ဥရောပနဲ့ တောင်အမေရိက တိုက်ကြီး သုံးတိုက်က အိမ်ရှင်အဖြစ် တပြိုင်နက်တည်း လက်ခံကျင်းပဖို့ ဆုံးဖြတ်ထားတယ်။ အဓိကပြိုင်ပွဲတွေကို မော်ရိုကို၊ စပိန် နဲ့ ပေါ်တူဂီမှာ ကစားကြမယ်။ ဒီအစီအစဉ်အတိုင်းဆိုရင် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အာရှ နဲ့ သမုဒ္ဒရာပိုင်းဇုန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပရမှာပါ။ အင်ဖန်တီနိုဟာ အာရှတိုက်က အိမ်ရှင်လက်ခံကျင်းပခွင့်နဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေကို ယှဉ်ပြိုင်ခွင့်မပေးဘဲ ဆော်ဒီအာရေဗျ ကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ပြုခဲ့တယ်။ နောက်ကြောင်းပြန်ကြည့်လိုက်တော့ ဆော်ဒီအာရေဗျ နဲ့ ဖီဖာဥက္ကဌ အင်ဖန်တီနိုအကြား အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိနေတာ တွေ့ရတယ်။
မကြာသေးမီကတော့ ဖီဖာဥက္ကဌဟောင်း ဆပ်ဘလတ္တာက လူမှုကွန်ယက် X ပေါ်မှာ ” ဘောလုံးဟာ နိုင်ငံရေးအာဏာတွေရဲ့ ကစားကွင်း ဘယ်တော့မှ မဖြစ်စေရဘူး” ဆိုပြီး ရေးသားဖော်ပြခဲ့တယ်။ သူကိုယ်တိုင်ကတော့ “အဂတိလိုက်စားမှု” နဲ့ ဖီဖာဥက္ကဌရာထူးက ၂၀၁၆ ခုနှစ်မှာ ဆင်းပေးခဲ့ရသူပါ။ သူရာထူးက ဆင်းသွားတဲ့အခါ လက်ရှိဥက္ကဌ အင်ဖန်တီနိုက ဖီဖာဥက္ကဌရာထူးကို ဆက်ခံခဲ့တာပါ။ အမေရိကန်တိုက်စစ်မှူး ဘာလိုဂန်ရဲ့ အနီကတ်ပြစ်ဒဏ် ပယ်ဖျက်ပေးမှုကို အကြောင်းပြုပြီး ဖီဖာအပေါ် ဝေဖန်မှုတွေ မြင့်တက်နေသလို ဖီဖာစည်းမျဉ်းနဲ့ မကိုက်ညီတဲ့ ဥက္ကဌ အင်ဖန်တီနိုရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ကမ္ဘာ့ဘောလုံးလောမှာ ဝေဖန်မှုတွေ မြင့်တက်နေကြောင်းပါ..။
#CWM. ref: BBCSports.








