ဆောင်းပါး

ပကတိပြဿနာတွေကို မီးမောင်းထိုးပြနေတဲ့ ကွတ်ခိုင်ဇာတ်လမ်း

မဲခေါင် 3 Apr - 2026
~ စိုင်းခွန်၊ သူရ ~ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းပြည်ငြိမ်းချမ်းမှုတွေ ပျက်သုဉ်းကုန်လို့ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ကြား တိုက်ပွဲလည်း အပြင်းထန်ဆုံးအခြေအနေကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီပြင်းထန်တဲ့ တိုက်ပွဲတွေ ပေါင်းများစွာထဲကနေ စစ်ကောင်စီကို အထိအနာဆုံး ထိုးနှက်နိုင်ခဲ့တဲ့ တိုက်ပွဲကို ပြပါဆိုရင် ညီနောင်မဟာမိတ် ၃ ဖွဲ့ပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေကို ညွှန်ပြရင် မှားမှာမဟုတ်ပါဘူး။ ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ AA၊ MNDAA ၊ TNLA တို့ဟာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီကို တိုက်ခိုက်ပြီး မြို့ပေါင်း ၃၀ကျော်ကို သိမ်းပိုက်ရရှိခဲ့တာပါ။ အဲ့ဒီသိမ်းပိုက်မှုတွေထဲမှာ AA က သိမ်းပိုက်ခဲ့တဲ့ ရခိုင်ပြည်အတွင်းက မြို့တွေမှာ ပြဿနာမရှိပေမယ့်

~ စိုင်းခွန်၊ သူရ ~

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းပြည်ငြိမ်းချမ်းမှုတွေ ပျက်သုဉ်းကုန်လို့ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ကြား တိုက်ပွဲလည်း အပြင်းထန်ဆုံးအခြေအနေကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီပြင်းထန်တဲ့ တိုက်ပွဲတွေ ပေါင်းများစွာထဲကနေ စစ်ကောင်စီကို အထိအနာဆုံး ထိုးနှက်နိုင်ခဲ့တဲ့ တိုက်ပွဲကို ပြပါဆိုရင် ညီနောင်မဟာမိတ် ၃ ဖွဲ့ပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေကို ညွှန်ပြရင် မှားမှာမဟုတ်ပါဘူး။

ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ AA၊ MNDAA ၊ TNLA တို့ဟာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီကို တိုက်ခိုက်ပြီး မြို့ပေါင်း ၃၀ကျော်ကို သိမ်းပိုက်ရရှိခဲ့တာပါ။ အဲ့ဒီသိမ်းပိုက်မှုတွေထဲမှာ AA က သိမ်းပိုက်ခဲ့တဲ့ ရခိုင်ပြည်အတွင်းက မြို့တွေမှာ ပြဿနာမရှိပေမယ့် နယ်မြေခွဲဝေ ပိုင်းခြားသတ်မှတ်မှု ရှုပ်ထွေးနေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာတော့ အငြင်းပွားမှုတွေက ရှိနေခဲ့ပါတယ်။

စစ်ကောင်စီကို တိုက်ထုတ်ပြီးတဲ့နောက်မှာ ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ TNLA နဲ့ MNDAA ကြားမှာရော ညီနောင်မဟာမိတ်အဖွဲ့ဝင် မဟုတ်တဲ့ KIA ၊ SSPP စတဲ့ တပ်တွေကြားမှာရော နယ်မြေစိုးမိုးမှုဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားမှာ ပဋိပက္ခတွေ ဖြစ်ခဲ့ကြရပါတယ်။

ဥပမာပြရမယ်ဆိုရင် ကွတ်ခိုင်မြို့ကို တအာင်းတပ်ဖွဲ့က စစ်ကောင်စီဆီကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမယ့် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ရော တအာင်းတပ်ဖွဲ့ရောက သူတို့ရဲ့ ခရိုင်တခုအဖြစ် သတ်မှတ်ထားသလို KIA တပ်ဖွဲ့ကလည်း ကချင်စပ်စတိတ်ဖြစ် သတ်မှတ်ထားတဲ့ နယ်မြေဖြစ်တာကြောင့် တဖွဲ့နဲ့တဖွဲ့ကြား နယ်မြေအငြင်းပွားမှု နယ်မြေချင်းထပ်မှုတွေက ရှိနေခဲ့ပါတယ်။

နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြဿနာတွေ မကြာခဏဖြစ်ခဲ့ကြ ထိုးကြိတ်ရိုက်နှက်ခဲ့ကြပေမယ့် မဟာမိတ်ဆိုတဲ့ စည်းနှောင်အားရှိတဲ့အတွက် ကနဦးမှာ အတတ်နိုင်ဆုံး လက်နက်နဲ့ပစ်ခတ်ရှင်းလင်းမှုကို မပြုလုပ်ခဲ့ကြ‌ပါဘူး။ ဒါပေမယ့် ဒီအရာတွေဟာ နိုင်ငံရေးသဘောတူညီချက်နဲ့ဖြေရှင်းနိုင်တာမျိုး မဟုတ်လို့ ပြာဖုံးတဲ့ မီးကျီခဲလို လေပေါင်ပြည့်တဲ့ ပူဖောင်းလိုပဲ အချိန်မရွေး ထတောက်နိုင် ပေါက်ကွဲနိုင်တဲ့ အရာဖြစ်ပါတယ်။

အဲ့ဒီပြာဖုံးမီးကျီခဲတွေ လေပေါင်လွန် ပူဖောင်းတွေဟာ မတ်လ ၁၄ ရက်မှာတော့ ကိုးကန့်တပ်ဖွဲ့က တအာင်းတပ်ဖွဲ့ကို နေရာအစုံကနေ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းနဲ့အတူ ပေါက်ကွဲသွားပါတော့တယ်။

ညီနောင်မဟာမိတ်တွေဖြစ်တဲ့ တအာင်းတပ်ဖွဲ့- TNLA ကို ကိုးကန့်တပ်ဖွဲ့- MNDAA က အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းဟာ တရုတ်ဘက်က မီးစိမ်းပြမှုနဲ့အတူ တအာင်းတပ်ဖွဲ့ဘက်က သစ္စာဖောက်ခြင်း ခံရတာဖြစ်တယ်လို့ တချို့သတင်းရင်းမြစ်တွေက ဆိုပါတယ်။

TNLA အပေါ် MNDAA ဘက်က အင်အားထောင်ချီသုံးပြီး ကွတ်ခိုင်မှာ အလစ်ငိုက်တိုက်ခိုက်မှုကို ကြည့်ရင် စတင်ဖြစ်ပွားတဲ့ CCTV ပြဿနာထက် တအာင်းတပ်ဖွဲ့ကို တိုက်ခိုက်ဖို့ လနှင့်ချီကြာ ကြိုတင်ပြင်ဆင်ထားတဲ့ တိုက်ပွဲသာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

“သုံးသွားတဲ့အင်အား တိုက်ခိုက်တဲ့ ပုံစံကို ကြည့်လိုက်တာနဲ့ သာမန်လူတောင်မှ ဒါဟာ မဟာမိတ် ပြဿနာမဟုတ်ပဲ ကြိုတင် ပြင်ဆင်ထားတဲ့ စစ်ပွဲတပွဲကို တိုက်နေတယ်ဆိုတာ အလွယ်တကူသိပါတယ်”လို့ ကွတ်ခိုင်မြို့က သတင်းရင်းမြစ်ကပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ဟာ ကွတ်ခိုင်မြို့ကို ရရှိဖို့ တအာင်းတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့အခါ အင်အားထောင်ချီ အသုံးပြုခဲ့သလို ဒရုန်းတွေကိုလည်း အဆက်မပြတ် တနေကုန် တနေခန်းအသုံးပြုတိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။

တအာင်းတပ်ဖွဲ့-TNLAထိန်းချုပ်ခဲ့တဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့- MNDAA က တိုက်ခိုက်သိမ်းယူပြီးတဲ့နောက် ကိုးကန့်တပ်ဖွဲ့ အလံကို လွင့်ထူပြီး အောင်ပွဲခံကာ တအာင်းတပ်ဖွဲ့က အရင်ရန်စလို့ တိုက်ခိုက်ရတာဖြစ်ကြောင်း မြေပြင်မှာ လူထုတွေကို စည်းရုံးရေးတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို အတူဖော်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၂ ဖွဲ့ဟာ ထိန်းချုပ်နယ်မြေတွေ ရပြီးနောက် နှစ်ဖက်အကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့ရာကနေ နှစ်ဖက်ဆက်ဆံရေးတွေ တင်းမာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလထဲမှာ ကွတ်ခိုင်မြို့ပေါ် ငလျင်ဘေးအတွက် အလှူခံနေတဲ့ ကိုးကန့်တပ်ဖွဲ့နဲ့ တအာင်းတပ်ဖွဲ့ အကြား ပြဿနာဖြစ်ပွားခဲ့ပြီး ကိုးကန့်ဘက်က တအာင်းအရာရှိတွေကို ရိုက်နှက်ခဲ့ပေမယ့် ပစ်ခတ်မှု မဖြစ်အောင် ဖြေရှင်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာလည်း တအာင်းတပ်ဖွဲ့-TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်နေရာအနှံ့မှာ ကိုးကန့်တပ်ဖွဲ့- MNDAAက CCTV တွေကို လိုက်တပ်ထားလို့ TNLAဖက်က ပြန်လည် လိုက်ဖြုတ်ရာကနေ နှစ်ဖက်တပ်ဖွဲ့ တင်းမာမှု ဖြစ်ပွားခဲ့ပြီး MNDAA တပ်ဖွဲ့ဝင်တွေကို မြို့ပေါ်ကနေ အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။

TNLA ဘက်က MNDAA တပ်ကို ကွတ်ခိုင်မြို့ပေါ်ကနေ ဖယ်ရှားချိန် MNDAA ရဲ့ ခေါင်းဆောင်ပိုင်းတချို့ကို ရိုက်နှက်တာတွေ ရှိခဲ့တာကြောင့် ကိုးကန့်တပ်ဖွဲ့ဘက်က အငြိုးထားပုံရတယ်လို့ ရှမ်းမြောက်အရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။

“ကွတ်ခိုင်မှာ ကိုးကန့်တွေကို ဖယ်ရှားတုန်းက သူတို့အရာရှိ တစ်ယောက်ကို တအားရိုက်တယ်လို့ ပြောတယ်။ အရာရှိဆိုတော့ ပါဝါလည်းရှိတယ်လေ။ ဒါပေမယ့် အဲဒီအငြိုးကြောင့်ဆိုရင် သူတို့ ကွတ်ခိုင်ရရင် ကျေနပ်ရမယ်လေ။ အခုက တခြားနေရာပါ တိုက်ခိုက်တာ ဖမ်းဆီးတာတွေပါ လုပ်တဲ့အခါကျတော့ မဟာမိတ်စိတ်ဓာတ်မရှိလို့ပေါ့” လို့ သူကပြောပါတယ်။

မြေပြင်တင်းမာမှုတွေကို နှစ်ဖက်တပ်ခေါင်းဆောင်တွေ ၁ လနီးပါးကြာတဲ့အထိ တွေ့ဆုံမှုတွေ မလုပ်နိုင်ပဲ မတ်လ ၁၄ ရက်မှာ ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖတ်ကာ၊ မူဆယ် (၁၀၅) မိုင်ရှိ TNLA တပ်စခန်းတွေကို MNDAA က တစ်ပြိုက်နက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဟာ ၂ ရက်ကြာ ဖြစ်ပွားခဲ့ပြီး MNDAA က ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ ၁၀၅ မိုင်မှာရှိတဲ့ TNLA တပ်စခန်းတွေကို တိုက်ခိုက်ဖယ်ရှားခဲ့ကာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ နမ္မတူမြို့အထိပါ စစ်ရေးဦးတည်လာပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

TNLA ဘက်က ခုခံစစ်ကလွှဲပြီး MNDAA ကို တိုက်ခိုက်ခြင်း မပြုဘဲ နှစ်ဖက်မဟာမိတ်တပ်ဖွဲ့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ အဲ့ဒီအချိန်က ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။ ထို့အတူ ကိုးကန့်တပ်ဖွဲ့ကလည်း ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်မှာတော့ ဖြစ်ခဲ့တာတွေအားလုံး တအာင်းအဖွဲ့အစည်းTNLAက တာဝန်ယူရမယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်တဲ့ နှစ်ဖက်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ဖတ်ရှုရာမှာ တအာင်းတပ်ဖွဲ့-TNLAဟာ ကိုးကန့်တပ်ဖွဲ့-MNDAAကို မဟာမိတ်လို့ ရည်ညွှန်းပြီး သုံးစွဲနေဆဲဖြစ်ပေမယ့် MNDAA ရဲ့ ထုတ်ပြန်ချက်မှာတော့ TNLA ကို မဟာမိတ်လို့ သုံးနှုန်းခြင်းမရှိတော့တဲ့အပြင် တအာင်းအဖွဲ့အစည်းလို့သာ သုံးနှုန်းခဲ့ပါတယ်။

“နှစ်ဖက်တပ်ဖွဲ့ကြားကတော့ ဘယ်လိုပဲ ကုစားမှုတွေ လုပ်လုပ် အရုပ်ဆိုး အကျည်းတန်တဲ့ အမဲစက်တွေကတော့ အမြဲတမ်း ကျန်ရှိသွားပြီ။ မဟာမိတ်အဖြစ် ဆက်ရှိလည်း အရင်လိုတော့ ဖြစ်ဖို့ မလွယ်တော့ပါဘူး”လို့ ရှမ်းမြောက်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

နယ်မြေ အငြင်းပွားမှု နယ်မြေချင်း ထိထပ်မှုတွေ များပြားနေတဲ့ ရှမ်းမြောက်မှာ တအာင်းတပ်ဖွဲ့ဟာ ထိန်းချုပ်နယ်မြေတွေရပြီးနောက် တခြားလူမျိုးစုတွေအပေါ် စည်းရုံးနိုင်စွမ်း အားနည်းခဲ့တာ တွေ့ရပါတယ်။ နမ့်ခမ်းမြို့ကနေ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP တပ်ဖွဲ့တွေကို ကားပေါ် အတင်းခေါ်ပြီး မောင်းထုတ်တာ၊ ကွတ်ခိုင်မြို့ပေါ်ရှိ KIA တပ်ဖွဲ့ဝင်တွေကို အင်အားသုံးပြီး မြို့ပြင်ကို ဖယ်ရှားခဲ့တာဟာ ရှမ်းနဲ့ ကချင် လူမျိုးစုတွေကို တအာင်းတပ်အပေါ် ထောက်ခံမှု လျော့နည်းစေခဲ့ပါတယ်။

ထို့အတူ ကိုးကန့်တပ်ဖွဲ့ကလည်း ရှမ်းမြောက်မှာရှိတဲ့ ကချင်လူထု ရှမ်းလူထုတွေရဲ့ မြေယာတွေကို အတင်းအဓမ္မသိမ်းဆည်းပြီး ရွှေစတဲ့ သတ္တုအမျိုးမျိုးတွေကို တူးဖော်မှု ပြုလုပ်ရာမှာ ကန့်ကွက်တဲ့ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ်တာတွေလည်း ကျူးလွန်ခဲ့ပါတယ်။

တအာင်းတပ်က စစ်ကောင်စီကို တိုက်ခိုက်နေချိန်သာမက KIAနဲ့စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကိုလည်း တရုတ်ဟာ သူတို့ရဲ့ နယ်စပ်မှာ ဖြစ်တဲ့တိုက်ပွဲအဖြစ် ရှုမြင်ပြီး တိုက်ပွဲမဖော်ဆောင်ဖို့ မကြာခဏ ဖိအားပေးနေပေမယ့် MNDAA နဲ့ TNLA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကိုတော့ တရုတ်ဘက်က တစ်စုံတစ်ရာဝင်ရောက်ဟန့်တားတာမျိုး မရှိခဲ့ပါဘူး။ ဒါ့အပြင်”ဝ”တပ်ဖွဲ့-UWSAက ဥက္ကဌအဖြစ် ဦးဆောင်နေတဲ့ မြောက်ပိုင်းအဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့ FPNCCကိုလည်း အခုပြဿနာမှာ ဝင်မပါဖို့ တရုတ်က တားမြစ်ခဲ့ပါတယ်။

PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က တအာင်းတပ်ဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို တရုတ်ဘက်က လိုလားမှာ မဟုတ်ကြောင်း မီဒီယာတွေကို ဖြေကြားထားပေမယ့် ဒီလို ပြောဆိုမှုဟာ တရုတ်အလိုကျ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

MNDAA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို TNLA ဘက်က စစ်ရေးနည်းနဲ့ မတုန့်ပြန်တာကို ကြည့်ရင် နောက်ကွယ်မှာ တရုတ်ပါထားတယ်ဆိုတာ ကြိုတင်တွက်ဆထားပုံရပါတယ်။ ဒါ့အပြင် တရုတ်က တအာင်းတပ်ဖွဲ့ကို အနောက်နိုင်ငံယိမ်းတဲ့ အဖွဲ့အဖြစ် ရှုမြင်ပြီး ကြားကာလအစိုးရအဖြစ် TNLA နဲ့ တအာင်းအရပ်ဖက် အဖွဲ့အစည်းတွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ တအာင်းပြည်ကောင်စီ- TLC ကို တရုတ်ဘက်က လိုလားပုံမရကြောင်း ရှမ်းမြောက်အရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

“TNLA က NUG၊ တော်လှန်ရေးအဖွဲ့တွေကို နောက်ကွယ်ကနေ ကူညီပံ့ပိုးနေတယ်လို့ တရုတ်မြင်နေတာ။ TLC ဖွဲ့တာကအစ၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တာကို တရုတ် ကွန်မြူနစ်တွေက မကြိုက်ဘူး” လို့ TNLA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် ကွတ်ခိုင်အပါအဝင် လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် တအာင်းတပ်ဖွဲ့စခန်းတွေကို ဖယ်ရှားလိုက်ခြင်းဟာ တရုတ်ဘက်က ၃ နှစ်နီးပါး ရပ်တန့်လုနီးပါး ဖြစ်နေတဲ့ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ပြန်စလိုတဲ့ သဘောလို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

MNDAA နဲ့ TNLA နှစ်ဖက်တပ်ဖွဲ့ကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးဖို့ ပြည်သူနဲ့တော်လှန်ရေးအဖွဲ့အစည်းများစွာက တိုက်တွန်းခဲ့ကြလို့ မတ်လ ၁၇ ရက်နေ့ကစပြီး ၂၀ ရက်နေ့အထိ နှစ်ဖက်ခေါင်းဆောင်တွေဟာ ကိုးကန့်တပ်ဖွဲ့ဌာနချုပ် လောက်ကိုင်မြို့မှာ တွေ့ဆုံခဲ့ပြီးနောက် အပစ်ရပ်ဖို့ သဘောတူခဲ့ကြပါတယ်။

အဲ့ဒီတွေ့ဆုံမှုအရ ကွတ်ခိုင်မြို့ကို MNDAA က အုပ်ချုပ်သွားမှာဖြစ်ပြီး နှစ်ဖက်တပ်က ဖမ်းဆီးထားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

“နှစ်ဖက်တပ်တွေ အပစ်ရပ်ဖို့ သဘောတူနိုင်ခဲ့တာရှိတယ်။နောက်တခုကတော့ နှစ်ဖက်တပ်က မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်ဖို့ သဘောတူတာ ရှိတယ်။ နောက်တခုကတော့ နယ်မြေတွေ သတ်မှတ်နိုင်ခဲ့တာရှိတယ်။ တပ်နေရာချထားရေးတွေ ပါပါတယ်။

နောက်တခုကတော့ ဒီနှစ်ဖက်တပ်မှာ ထိန်းသိမ်းထားတဲ့ တပ်သားတွေ လက်နက်ခဲယမ်းတွေ ပြန်လည်အပ်နှံဖို့ နှစ်ဖက်သဘောတူတာတွေ ရှိပါတယ်။ လောလောဆယ်ကတော့ ကွတ်ခိုင်မြို့ကို MNDAAက ဆက်လက်ထိန်းချုပ်ဆောင်ရွက်မှာဖြစ်တယ်”လို့ တအာင်းတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကပြောပါတယ်။

သဘောတူညီချက်မှာ MNDAA နဲ့ TNLA အကြား မဟာမိတ် ဆက်ဆံရေး ဆက်ရှိမယ်လို့ တအာင်းတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောဆိုထားပေမယ် မူလ ညီနောင်မဟာမိတ်လို ယုံကြည်မှုတော့ ပြန်ရဖို့ မလွယ်ကူတော့ပါဘူး။

“ကွဲသွားတဲ့ ကြွေပန်းကန်ကို ကော်ရည်နဲ့ ပြန်ဆက်သလိုမျိုးပဲ မူလလိုမျိုး ပြန်မကောင်းနိုင်တော့ဘူး။ အရင်လို ညီနောင်မဟာမိတ်မျိုးတော့ ဒီမျိုးဆက်မှာ ပြန်ကုစားဖို့ ခဲယဉ်းသွားပြီ” လို့ ကွတ်ခိုင်မြို့က တအာင်းလူမျိုးတဦးကပြောပါတယ်။

နှစ်ဖက် အပစ်ခတ်ရပ်ပြီးတဲ့နောင် စစ်ကောင်စီဆီကနေ အတူတူတိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်မှာ တအာင်းအလံကို ကိုးကန့်တပ်ဖွဲ့က ပြန်တပ်ပေးပေမယ့် တအာင်းတပ်ဖွဲ့ကို ၁၀၅မိုင်မှာ တပ်စွဲခွင့် ပူးတွဲအုပ်ချုပ်ခွင့်တွေကိုတော့ ကိုးကန့်တပ်ဖွဲ့ဖက်က ပိတ်ပင်လိုက်ပါတယ်။

နှစ်ဖက်တပ်ဖွဲ့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း ကိုးကန့်တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကတော့ မီဒီယာတွေပေါ်မှာ စကားထွက်ပြောတာ မတွေ့ရသလို ဆက်သွယ်မေးမြန်းမှုတွေကိုလည်း ပြန်လည်ဖြေဆိုခြင်းမပြုခဲ့ပါဘူး။

တအာင်းတပ်ဖွဲ့ဆီကနေ သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာတော့ ကျေးရွာတွေဘက်မှာပါ ကိုးကန့်တပ်ဖွဲ့ဟာ လူထုနဲ့တွေ့ဆုံပွဲတွေ ပြုလုပ်ပြီး စည်းရုံးရေးဆင်းနေကြတာကို သူတို့ရဲ့ ပြန်ကြားရေး လူမှုကွန်ယက်စာမျက်နှာ တွေ့နေရပါတယ်။

“တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးကို အလေးထားပြီး မည်သည့်ခွဲခြားဆက်ဆံမှုကိုမျှ ပြုလုပ်မည်မဟုတ်ကြောင်း အာမခံပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့၏ ရိုးရာပွဲလမ်းသဘင်များကို လွတ်လပ်စွာ ကျင်းပနိုင်ကြောင်းနှင့် ပညာရေးတွင်လည်း မိမိတို့ဆန္ဒအလျောက် မြန်မာ၊ တရုတ်၊ အင်္ဂလိပ်နှင့် အခြားတိုင်းရင်းသား ဘာသာစကားများကို သင်ယူနိုင်ကြောင်း ရှင်းလင်းခဲ့သည်” လို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ဟာ အဲ့ဒီလို အွန်လိုင်းပေါ်မှာ သတင်းထုတ်ပြန်ခဲ့ပေမယ့် မြေပြင်မှာတော့ တအာင်းစာနဲ့ ရေးသားထားတဲ့ ရွာဆိုင်းဘုတ်တွေ၊ တအာင်းအလံအရောင်ခြယ်ထားတဲ့ ဆိုင်းဘုတ်တွေ၊ စာသင်ကျောင်းမှာ လွင့်ထူထားတဲ့ တအာင်းအလံတွေကို ဖြုတ်ချခိုင်းတာ ဖျက်ဆီးခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်များကပြောပါတယ်။

“ထုတ်ပြန်တာက တမျိုး ၊ လုပ်ရပ်က တမျိုးဖြစ်နေတာပေါ့ဗျာ၊ ထုတ်ပြန်ချက်မှာက ဘာမှ မခွဲခြားဘူးလို့ပြောပြီး မြေပြင်မှာက တအာင်းစာ တအာင်းအလံ တအာင်းဆိုင်းဘုတ်ကို အကုန်ဖျက်ခိုင်း တရုတ်စာနဲ့ ပြင်ခိုင်းရေးခိုင်းတယ်။ ဒါတွေက အပြောကတမျိုးဖြစ်ပြီး အလုပ်ကျတော့ တအာင်းအမှတ်အသားကို ဝါးမြိုဖျက်ဆီးနေတဲ့သဘော ဖြစ်နေပါတယ်လို့ ပြောချင်ပါတယ်” လို့ ကွတ်ခိုင်သတင်းရင်းမြစ်တဦးကပြောပါတယ်။

မဟာမိတ်အချင်းချင်း တစ်ဖွဲ့ရဲ့ နယ်မြေကို တစ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်တာဟာ စစ်ဘုရင်တွေက ပြုလုပ်လေ့ရှိတဲ့ အမူအကျင့်တွေသာဖြစ်ပြီး ပြည်သူကို ဦးထိပန်ဆင်ရကာ အာဏာရှင်စနစ်ကို ဖြုတ်ဖျဖို့ ကြိုးစားနေတဲ စနစ်ပြောင်းတော်လှန်ရေး လုပ်ငန်းစဉ်နဲ့ အလှမ်းဝေးတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။

စစ်ကောင်စီကို လနှင့်ချီကြာ တိုက်ထုတ်ပြီး ကွတ်ခိုင်မြို့ကို အုပ်ချုပ်ခဲ့တဲ့ တအာင်းတပ်ဖွဲ့ဟာ မဟာမိတ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အုပ်ချုပ်သူ အိမ်ရှင်အဖြစ်ကနေ ဖြတ်သန်းသွားလာခွင့်သာ ရရှိတော့မယ့် အဖြစ်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

အဲ့ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကွတ်ခိုင်မြို့ခံ အမျိုးသားတဦးက အောက်ပါအတိုင်း မှတ်ချက်ပြုပြောဆိုပါတယ်။

“အိမ်ရှင်ကနေ ဧည့်သည် ရုတ်တရက် ဖြစ်သွားတာပေါ့” ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now