~ လင်းမောင် ~
မကြာသေးမီလေးကပင် တရုတ်ထိပ်တန်းစီနီယာစစ်ခေါင်းဆောင်ကြီး ၂ ယောက်အား ရာထူးမှ ဖယ်ရှား လိုက်ခြင်းသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အတွင်း အကျင့်ပျက်ခြားစားမှု တိုက်ဖျက်ရေး ရှင်းလင်းသုတ်သင်မှုများလုပ်သည်ဆိုခြင်းထက် ပိုမိုနက်ရှိုင်းခဲ့သည်။ အမှန်စင်စစ်မှာ တရုတ်စစ်တပ်ကြီးတစ်ခုလုံး သမ္မတရှီကျင့်ဖျင်အပေါ် အလုံးစုံ သစ္စာခံရေးနှင့် တပ်မတော်တစ်ခုလုံး ရှီကျင့်ဖျင်ထိန်းချုပ်မှုအောက်အတွင်း သွပ်သွင်းသည့် နိုင်ငံရေးပြန်လည်ချိန်ညှိမှုကို ညွှန်ပြလိုက်ခြင်း သာဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ (CCP) အကြီးတန်းအရာရှိများနှင့် နီးစပ်သောသတင်းရင်းမြစ်များကို ကိုးကား၍ ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ ဗဟိုစစ်ကော်မရှင် (CMC) ဒုတိယဥက္ကဋ္ဌ Zhang Youxia နှင့် ပူးတွဲစစ်ဦးစီးဌာနအား ဦးဆောင်သော CMC အဖွဲ့ဝင် Liu Zhenli တို့ကို လျှို့ဝှက်စွာ ဖမ်းဆီးခဲ့ပြီး ပေကျင်းရှိ ချန်ပင်းခရိုင်တွင် အစောင့်အရှောက်ထူထပ်စွာဖြင့် လုံခြုံစွာ သီးခြား ဖမ်းဆီးထိန်းသိမ်းထား ခြင်းဖြစ်သည်ဟု သိရှိရသည်။ နီးစပ်သော အရင်းအမြစ်များစွာက ထိုထိန်းသိမ်းမှုသည် ကနဦးနိုင်ငံရေး အကဲဖြတ်ချက်အရ သမားရိုးကျစည်းကမ်းထိန်းသိမ်းရေးနှင့် ဥပဒေချိုးဖောက်မှုအတွက် အရေးယူခြင်း မျိုးနှင့်မသက်ဆိုင်ဟု ဆိုကြသည်။ တကယ်တမ်းမှာ အဆိုပါ စစ်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ၂ ဦးသည် ဗဟိုစစ်ကော်မရှင် (CMC) ကို နှစ်ခြမ်းကွဲရန် ကြိုးစားနေသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး ခံရခြင်းဖြစ်သည်ဟုဆိုသည်။ CMC ဥက္ကဋ္ဌ၏ အခွင့်အာဏာကိုကျော်လွန်ကာ ပါတီ၏ စစ်တပ်အပေါ် ထိန်းချုပ်မှုကို လက်မခံဘဲတိုက်ရိုက်စိန်ခေါ်လာသူများဟု စွပ်စွဲပြီး ဖမ်းဆီးခြင်းသာဖြစ်သည်။
CCP ၏ နိုင်ငံရေးအဘိဓာန်တွင် ထိုကဲ့သို့သော စွပ်စွဲချက်သည် အဆိုးရွားဆုံးပြစ်မှုဟု သတ်မှတ်သည်။ ဗဟိုစစ်ကော်မရှင်၏ လက်ရှိဥက္ကဋ္ဌမှာလည်း ရှီကျင့်ဖျင်ကိုယ်တိုင်ဖြစ်နေသည်။ ပါတီစနစ်အတွင်း ပါတီပြိုကွဲစေရန် သို့မဟုတ် ပါတီခေါင်းဆောင်များအောက်မှ ခွဲထွက်ရန်ကြိုးစားခြင်းမျိုးသည် အလွန် ဖြစ်ခဲသော အခြေအနေအဖြစ် ခွင့်မလွှတ်နိုင်စရာဖြစ်သည်။ ဗိုလ်ချုပ် ၂ ဦးကို နိုင်ငံရေးဆိုင်ရာ ခြိမ်းခြောက်မှုလုပ်ဆောင်လာသူများအဖြစ် ရှုမြင်ခဲ့သည်။ ထိုသို့သော ခေါင်းစဉ်တပ်အညွှန်းများကို အများပြည်သူထုတ်ပြန်မှုဆိုင်ရာ စာရွက်စာတမ်းများတွင် ရှားရှားပါးပါးသာ ဖော်ပြလေ့ရှိသော်လည်း ယခုဖော်ပြ ချက်များအရ ပါတီစနစ်အတွင်းတွင် ၎င်းဗိုလ်ချုပ် ၂ ဦး မှားယွင်းသောလုပ်ဆောင်ချက်များ ကျူးလွန်သည်ကို ဖော်ပြရာရောက်နေသည်။
PLA အတွင်းလူတစ်ဦးက Zhang နှင့် Liu တို့ကို ကိုင်တွယ်ပုံသည် စစ်တပ်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။ တပ်ရင်း၊ တပ်မများစွာမှ အလယ်အလတ်နှင့် အကြီးတန်းအရာရှိများအား ခွင့်ယူမှုများကို ပိတ်သိမ်းရန်၊ ခရီးသွားအစီအစဉ်များကို ရပ်ဆိုင်းရန်နှင့် အသင့်အနေအထားတွင် ရှိနေရန် အမိန့်ပေးခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်ခဲ့သည်။ တစ်ပြိုင် တည်းမှာပင် တပ်တွင်းအမိန့်ပေးမှုများ၊ ဝါဒဖြန့်မှုများကို တင်းကျပ်စွာထိန်းချုပ်လာသဖြင့် တရုတ် တပ်ဖွဲ့အသီးသီးအကြား တင်းမာမှုများလည်း မြင့်တက်လာသည်။
“ဗဟိုစစ်ကော်မရှင်၏ စိတ်ဓာတ်ဝိဉာဉ်” ဟု ဖော်ပြထားသည့်သတိပေးကြေညာချက်များကို တပ်တွင်း သတင်းသာ ဖြစ်စေရမည်ဆိုပြီး စစ်မြေပြင်ကွပ်ကဲမှုဌာနခွဲများနှင့် ဝန်ဆောင်မှုဌာနခွဲအားလုံးတွင် ဖြန့်ဝေနေသည်။ တပ်တွင်း အတွင်းလူဆိုသူက ညွှန်ကြားချက်များသည် လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းကမ်းထက် နိုင်ငံရေးဆိုင်ရာ အလိုရှိမှု၊ တစ်နည်းအားဖြင့် ရှီကျင့်ဖျင်အလိုကျ လိုက်လျောညီထွေ ဖြစ်စေမှုကို အလေးပေးဖော်ပြသည်ဟု ဆိုသည်။
ကြိုတင်သတိပေးအချက်ပြမှုတစ်ခုအဖြစ် ဝါဒဖြန့်ချိမှု
အထက်မှ ညွှန်ကြားချက်များ၏ ဘာသာစကားသည် ဇန်နဝါရီ ၂၄ ရက်နေ့က PLA နေ့စဉ်ထုတ် သတင်းစာပါ အယ်ဒီတာ့အာဘော်နှင့် အလွန်တူညီနေသည်။ စစ်တပ်အရာရှိများနှင့်စစ်သည်များ အားလုံးသည် နိုင်ငံရေးရပ်တည်ချက်နှင့်လုပ်ဆောင်ချက်နှစ်မျိုးစလုံး၌ ဗဟိုစစ်ကော်မရှင်နှင့်အတူ မြင့်မားသော ညီညွတ်မှုကို ထိန်းသိမ်းရန်ဆိုသည့် တောင်းဆိုသတိပေးချက် ပါဝင်နေသည်။ ဗိုလ်ချုပ် ၂ ဦးဖမ်းဆီးမှုတွင် အကျင့်ပျက်ခြစားခြင်းဟုတ်မဟုတ် မရှင်းလင်းသည့်အနေအထားအား ထိန်ချန်ဖော် ပြသွားသည်။
စစ်ဘက်ဆိုင်ရာ အတွင်းလူများက PLA အတွင်းအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးနှင့် ဖြုတ်ချရှင်းလင်း နေမှုများတွင် ယခင်စံနှုန်းများနှင့်အစောပိုင်း နိုင်ငံရေးဆိုင်ရာ မူဘောင်များခင်းကျင်းပြသအရေးယူမှု မျိုးအတိုင်း မဟုတ်ကြောင်းကို အယ်ဒီတာ့အာဘော်အရ မြင်နိုင်သည်ဟု မှတ်ချက်ပြုကြသည်။ စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းနှင့်အလွန်နီးစပ်သည့် တရုတ်အရေး လေ့လာသုံးသပ်သူတစ်ဦးက ယခုဖြစ်ပေါ်လာသော နိုင်ငံရေးအခင်းအကျင်းသည် စစ်ဘက်ဆိုင်ရာ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်များကို ဦးစွာဖမ်းဆီး ထိန်းသိမ်းပြီးမှ စုံစမ်းစစ်ဆေးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ထုံလုပ်နည်းများကို လည်း ပွင့်လင်းသောစုံစမ်းမှုများမလုပ်ဘဲ လက်ဦးမှုယူဖမ်းဆီးနေခြင်းသာဖြစ်သည်ဟု သုံးသပ်ပြော ဆိုခဲ့သည်။
အဆိုပါ ရှု့ထောင့်မှကြည့်လျှင် Zhang ၏အမှုသည် ဘဏ္ဍာရေးအဂတိလိုက်စားမှုနှင့်ပတ်သက် သည်ထက် စစ်ရေးအာဏာပြန်လည်စီစဉ်ခြင်းနှင့်သာပတ်သက်သည်ဟု ပိုထင်မြင်နိုင်သည်။ လေ့လာသူတစ်ဦးက PLA ၏ တရားဝင်သတင်းစာအား လျင်မြန်စွာဝင်ရောက်စွက်ဖက်မှု၊ ပြည်တွင်းအသိပေးချက်များ၏ နိုင်ငံရေးဆန်သော ဘာသာစကားနှင့် တပ်ဖွဲ့တစ်ခုလုံးတွင် လမ်းညွှန်ချက်များ လျင်မြန်စွာဖြန့်ဝေခြင်းတို့သည် “အရင်ဆုံး နိဂုံးချုပ်ပြီးမှ ဖြေရှင်းခြင်း” ဖြစ်သော ချဉ်းကပ်မှုဖြစ်သည်ဟု သုံးသပ်သွားသည်။ နိုင်ငံရေးနယ်နိမိတ်များကို လျင်မြန်စွာရေးဆွဲသတ်မှတ်ခြင်း နှင့် ပြည်တွင်းငြင်းခုံမှုများကို နှိမ်နင်းရန် ဒီဇိုင်းထုတ်ထားသည် လုပ်ရပ်သာဖြစ်သည်ဟုလည်း ဆိုသည်။
အဂတိလိုက်စားမှုမဟုတ်ဘဲ သစ္စာစောင့်သိမှုသာ အဓိက
နောက်ပိုင်း PLA နေ့စဉ် အယ်ဒီတာ့အာဘော်တွင် Zhang သည် အဂတိလိုက်စားမှုသာမက ထို့ထက်ပိုဆိုးသည်မှာ ရှီကျင့်ဖျင်အပေါ် သစ္စာမဲ့မှုဖြင့်သည်ဆိုသော စွပ်စွဲခံရမှုအကြောင်း အရိပ်အမြွက်ဖော်ပြခဲ့သည်။ Zhang ကဲ့သို့ပင် ပြုတ်ကျသွားသော ဗိုလ်ချုပ်များသည် စစ်တပ်ဥက္ကဋ္ဌ၏ အာဏာကို “နင်းချေ” ခဲ့ကြောင်း အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားပြီး စစ်တပ်ဥက္ကဌဆိုသည်မှာ ရှီကျင့်ဖျင်မှလွဲတခြားရည်ညွှန်းစရာ လူမရှိသည်ကို သွယ်ဝိုက်ဖော်ပြခြင်းမျိုးဖြစ်သည်။
အယ်ဒီတာ့အာဘော်ဖော်ပြမှုသည် “ပုံမှန်အဂတိလိုက်စားမှုအမှုတစ်ခု မဟုတ်ဘဲ တိုက်ရိုက်နိုင်ငံရေးသစ္စာဖောက်မှုစွပ်စွဲချက်နှင့် ပိုတူသည်” ဟု လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။ “အဓိကအချက်က ဗိုလ်ချုပ်များသည် ရှီ၏ကိုယ်ရေးကိုယ်တာအာဏာကို စိန်ခေါ်လာခြင်းဖြစ်သောကြောင့် စည်းကမ်းချိုးဖောက်မှုသက်သက်မျှမဟုတ်ပေ” ဆိုသော အဓိပ္ပာယ်သာဖွင့်ဆိုရမည်ဖြစ်သည်။
အားလုံးကို ခြုံငုံကြည့်လျှင် ဤဇာတ်လမ်းသည် CCP ၏ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဆိုင်ရာ ချဉ်းကပ်မှု၌ ပိုမိုကျယ်ပြန့်သော ပြောင်းလဲမှုတစ်ခုကို အလေးပေးဖော်ပြလာခြင်းဖြစ်သည်။ ရှီသည် အာဏာကို ဗဟိုချုပ်ကိုင်မှု ဆက်လက်ပြုလုပ်လာသည်နှင့်အမျှ နိုင်ငံရေးအရ ယုံကြည်စိတ်ချရမှု၊ အဖွဲ့အစည်းဆိုင်ရာ အသုံးအနှုန်းများထက် ပုဂ္ဂိုလ်ရေးဆိုင်ရာ အသုံးအနှုန်းများဖြင့် တစ်ကိုယ်တော် အာဏာချဲ့တွင်လာမှုကို ပိုမို အဓိပ္ပာယ်ဖွင့်ဆိုလာခြင်းဖြစ်သည်။ PLA အတွင်း စစ်တပ်ဂုဏ်အင်္ဂါနှင့်အညီ ပရော်ဖက်ရှင်နယ်အရည်အချင်း သို့မဟုတ် ဂိုဏ်းဂဏမကွဲဟန်ချက်ညီခြင်းတို့အား တန်ဖိုးအဖြစ်မတွက်ချက်ဘဲ ရှီတစ်ဦးတည်း ချုပ်ကိုင်ရာ အဖွဲ့ ဖြစ်လာစေရန်ကြံစည်ခြင်းအဖြစ်သာ အတိုင်းသားမြင်တွေ့ရသည်။ စစ်အရာရှိများထံ ရှီ ပေးလာသည့် သတင်းစကားက ရှင်းလင်းလွန်းပေသည်။ ဥက္ကဌ (ရှီ) အပေါ် သစ္စာစောင့်သိမှုကိုသာ မျှော်လင့်ထားကြရန်နှင့် ထိုသို့မှမဟုတ် နိုင်ငံရေးရှင်သန်နိုင်မှုများ မရှိနိုင်တော့ဟု ရာဇသံဆန်သော သတင်းစကားပါးနေခြင်း သာဖြစ်သည်။
#MeKongNews








