~ လင်းမောင် ~
တရုတ်အစိုးရသည် မြန်မာနိုင်ငံတွင် စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်များ၊ တိုင်းရင်းသား လူနည်းစုများအပေါ် ရက်စက်စွာနှိမ်နင်း၊ အစုလိုက်သတ်ဖြတ်နေမှုများတွင် စစ်ရေးအထောက်အကူ များစွာ ပေးနေခဲ့သည်။ ပေကျင်း၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ စီးပွားရေး အကျိုးအမြတ်များ ထိခိုက်မည်ကို စိုးရိမ်သဖြင့် အာဏာသိမ်းစစ်အစိုးရအပေါ် ထောက်ခံအားပေး နေခြင်းသာဖြစ်သည်။ ထိုအချက်ကပင် တရုတ်နိုင်ငံ၏ ကွန်မြူနစ်အုပ်စိုးသူများ၏ သဘောသဘာ၀ကို ဖော်ထုတ်နိုင်သည်။ လူ့အခွင့်အရေးဆိုသည်ကို တရုတ်က အလုံးစုံ လစ်လျှူရှုထားသည်။
မြန်မာနိုင်ငံ၏ သဘာ၀ရင်းမြစ်ကြွယ်၀လွန်းမှုသည် တရုတ်အတွက် မဟာဗျူဟာကျနေသည်။ တရုတ် နှင့်မြန်မာက ကုန်းချင်းဆက်နေသည်။ မြန်မာက ဘင်္ဂလားပင်လယ်အော်ကို ပိုင်ဆိုင်ထားသောကြောင့် ပထဝီနိုင်ငံရေးအနေအထားက တရုတ်အတွက်မျက်နှာသာပေးမှုများစွာကို ဖြစ်တည်စေသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)နှင့် ဘင်္ဂလားပင်လယ်အော်သို့ ဝင်ရောက်နိုင်ရန်၊ ၎င်းမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာဒေသသို့ ရောက်ရှိနိုင်ရန်မှာ ဘေဂျင်း၏ စိတ်ကူးပုံဖော်ထားသောမျှော်လင့်ချက်ကြီး ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ကုန်းတွင်းနယ်နိမိတ်ထိစပ်နေခြင်းက တရုတ်နိုင်ငံသို့ ကုန်းလမ်းရေနံသယ်ယူ ပို့ဆောင်ရေး ကုန်ကျစရိတ်သက်သာစေရန် များစွာအထောက်အကူပြုသည်။ မြန်မာသည် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာအား စိုးမိုးထားနိုင်သည့် မဟာဗျူဟာလက်နက်ဖြစ်သော မြေရှားသတ္တု အဓိက ထွက်ရှိရာ နိုင်ငံလည်းဖြစ်ပြန်သည်။ အဆိုပါမြေရှားသတ္တုသည် အဆင့်မြင့်နောက်ဆုံးပေါ် နည်းပညာပစ္စည်းမျိုးစုံတွင် မရှိမဖြစ် လိုအပ်သည့် သတ္တုဖြစ်သည်။ CMEC စီမံကိန်းတွင် တရုတ်သည် မြန်မာနိုင်ငံအတွင်း များစွာရင်းနှီးမြှုပ်နှံထားသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုဇုန်တွင် ဒေါ်လာ ၁ . ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။ မီးလင်းချိုင် LNG သုံးလျှပ်စားဓာတ်အားပေး စက်ရုံကြီးအတွက်လည်း ဒေါ်လာ ၂ . ၅ ဘီလီယံ ရင်းနှီးထားသည်။ ရန်ကုန်မြို့သစ်စီမံကိန်းတွင်လည်း ဒေါ်လာ ၁ . ၅ ဘီလီယံ ထည့်ဝင်ထားသေးသည်။
မြန်မာတော်လှန်ရေးခေါင်းဆောင်များနှင့် သုတေသနပြုလေ့လာသူများက ပေကျင်းအစိုးရသည် ဘင်္ဂလားပင်လယ်အော်မှသည် မိုင် ၅၀၀ ရှည်လျှားသည့် ရေနံစိမ်းနှင့်သဘာ၀ဓာတ်ငွေ့ ပို့ဆောင်ရာ ပိုက်လိုင်းများ၊ ခါးပတ်လမ်းစီမံကိန်းအောက်တွင် ထပ်မံချဲ့တွင်ထားသည့် အခြေခံအဆောက်အအုံ စီမံကိန်းများအပါ ဒေါ်လာဘီလီယံပေါင်းများစွာ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံထားသည့်အတွက် ၎င်းတို့ အကျိုးစီးပွားကို အကာအကွယ်ရရှိစေရေး အထူး စိုးရိမ်ပူပန်နေသည်ဟု နယူးယောက်တိုင်းမ် သတင်း ဌာနက သုံးသပ်ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် အမျိုးမျိုးသော မတူညီသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်တပ်များ၊ ဒီမိုကရေစီလိုလားသော ပြည်သူ့ကာကွယ်ရေးတပ်များ အရှိန်အဟုန်ဖြင့် ကျယ်ပြန့်စွာ ခုခံတွန်းလှန် လာနိုင်မှုကြောင့် မြန်မာစစ်ကောင်စီ ပြိုလဲလုအနေအထားရောက်လာရသည်။
တရုတ်သည်မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံထားသော အကျိုးစီးပွားများ အကာအကွယ်ရရေး လွန်စွာ စိုးရိမ်လာသည်ကို စစ်ကောင်စီက ပါးနပ်စွာဖြင့် အခွင့်ကောင်းယူကာ အသုံးချတော့သည်။ စစ်ခေါင်းဆောင် မင်းအောင် လှိုင်က မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ အကျိုးစီးပွားများကို အကာအကွယ်ပေးနိုင်စေရန်မှာ စစ်အုပ် ချုပ်ရေးစနစ်တစ်ခုတည်းသာရှိသည်ဟု တရုတ်အစိုးရ ခေါင်းထဲရောက်စေရေး အဆက်မပြတ် သတိ ပေးသည်။ ကူညီပါက အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည်ကဲ့သို့သော ပတ်ဝန်းကျင်နှင့် ကြွေးမြီဆိုင်ရာ စိုးရိမ်မှုများ ကြောင့် ကြာမြင့်စွာ ရပ်ဆိုင်းထားသောစီမံကိန်း၊ အလားတူ ခါးပတ်လမ်း (BRI) စီမံကိန်းများကို ပြန်လည် အသက်သွင်းနိုင်မည်ဟု ကောက်ရိုးတစ်မျှင်သဘောဖြင့် တရုတ်ထံ တောင်းဆိုသည်။
ယခုလအတွင်း ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကိုပင် လက်တွေ့အကောင်အထည် ပေါ်လာစေရန် တရုတ်အစိုးရအနေဖြင့် ထောက်ပံ့မှုများပေးနိုင်မှ တရုတ်အကျိုးစီးပွားကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိလိမ့်မည်ဟု ခြိမ်းခြောက်သလိုအနေအထားဖြင့် အကူအညီရစေရန် တောင်းဆိုခဲ့ သည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် နိုင်ငံရေးပါတီပေါင်း ၄၀ ကျော်ကို ပိတ်သိမ်းခဲ့သည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူတစ်ရပ်လုံးနီးပါး ကိုယ်စားပြုခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီလည်း ပါဝင်ခဲ့သည်။ နိုင်ငံရေးသမား ၃၀၀၀၀ ကျော်ကို ထောင်သွင်းအကျဉ်းချခဲ့သည်။
၂၀၂၄ နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီပိုင် မီဒီယာက နိုင်ငံစီးပွားရေးထောက်ပံ့မှုနှင့် ပြန်လည်ထူထောင် ရေးအကူအညီဟု နာမည်တပ်ကာ တရုတ်က ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့ပေးအပ်ခဲ့သည်ဟု ထုတ် ပြန်ခဲ့သည်။ တကယ်တမ်းတွင် ထိုထောက်ပံ့မှုသည် စစ်အစိုးရအတွက် စစ်ရေးထောက်ပံ့ပို့ဆောင် ရေးကိုသာ ပိုမိုအားကောင်းလာစေခဲ့သည်ဟု ယုံကြည်ရမည်ဖြစ်သည်။ တော်လှန်တပ်ဖွဲ့ များအခြေစိုက်နေရာများတွင် တရုတ်ထုတ် ဒရုန်းများ၊ ကင်းထောက်စောင့်ကြည့်စနစ်များ ပိုမိုတိုးမြင့်အကြမ်းဖက်လာနိုင်သည်က သက်သေပင်ဖြစ်သည်။
ကုလသမဂ္ဂ ကိုယ်စားလှယ် ၃ ဦး ပူးပေါင်းထူထောင်ခဲ့သည့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ပညာ ရှင်များအဖွဲ့ဖြစ်သော မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက တရုတ်ထုတ် ဗုံးများကို စစ်ကောင်စီလေတပ်က ပြည်သူများအား လူရွေးခွဲခြားခြင်းမပြုဘဲ ကျဲချတိုက်ခိုက်မှုများ ဆက်တိုက် လုပ်လာသည်ဟု ထုတ်ဖော်တင်ပြသည်။ ၂၀၂၅ ဇူလိုင် ၁၆ ရက်ထုတ်ပြန်သည့် သတင်းတစ်ပုဒ်တွင် ခေါင်းစဉ်ကို ယခုလိုတပ်ထားသည်။ “မရဏစက်ရုံ- မြန်မာစစ်တပ်၏ လေကြောင်းဗုံးများ ထုတ်လုပ်မှုကို တရုတ်က ပံ့ပိုးသည်” ဟူ၏။ ထိုသတင်းတွင် မြန်မာနိုင်ငံအတွင်းအခြေစိုက်သည့် လက်နက်ထုတ်စက်ရုံတွင် တရုတ်အစိုးရပိုင်း လက်နက်ထုတ်အဖွဲ့အစည်းက လာရောက်ကူညီပြီး မြန်မာပြည်သူများအပေါ် ကျဲချသည့် ဗုံးများ ထုတ်လုပ်ပေးနေသည်ဟု ဖော်ပြပါရှိခဲ့သည်။ ထို လျှို့ဝှက် လက်နက်ထုတ်စက်ရုံသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရှိသည်ဟု ဆိုထားသည်။ စစ်ကောင်စီ လေတပ်မှာ မြန်မာနိုင်ငံသား အရပ်သားပြည်သူများစွာပေါ် ထိုတရုတ်ထုတ်ဗုံးများကို ကြိမ်ဖန်များစွာ ကျဲချကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် နိုင်ငံတကာရာဇဝတ်မှုများကို အဆက်မပြတ်ကျူး လွန်နေခဲ့သည်။
တိုက်ခိုက်ရာပစ်မှတ်များသည် စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ စျေးများစသည့် လူစည်ကားရာ အရပ်များသာဖြစ်သည်။ အလွန်ဆိုးရွားသည့် ဗုံကျဲမှု အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက စစ်ကိုင်းတိုင်း ပဇီးကြီးကျေးရွာတွင် ဗုံးကျဲခဲ့သည်။ ကလေးများစွာပါဝင်သော လူပေါင်း ၁၅၅ ယောက် သေဆုံးခဲ့ရသည်။ ပြီးခဲ့သည့် ဇူလိုင်လကလည်း စစ်ကိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးကျောင်းတစ်ခုပေါ် ဗုံးကျဲသည်။ ၂၃ ယောက် သေဆုံးခဲ့ရသည်။ အောက်တိုဘာလက လည်း အလားတူရက်စက်မှုမျိုးဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌ ဗုဒ္ဓဘာသာ အထွတ်အမြတ်နေ့ ပွဲတော်ပေါ်သို့ ပါရာဂလိုက်ဒါစီး စစ်ကောင်စီတပ်သားများက ဗုံး ၂ လုံးကျဲခဲ့ပြန်သဖြင့် ၂၄ ယောက် သေဆုံးခဲ့ပြန်သည်။
တရုတ်နယ်စပ်ကုန်သွယ်မှု၏ အဓိကကျရာ ကျောက်မဲမြို့ကို တော်လှန်တပ်များက သိမ်းပိုက် ထိန်းချုပ် သွားရာတွင်လည်း တရုတ်သည် စစ်ကောင်စီအား ပြည်သူများအပေါ် နေ့စဉ်ရက်ဆက် ဗုံးကျဲနိုင်စေရေး အကူအညီများစွာပေးကာ နောက်ဆုံး စစ်ကောင်စီကို ထိုမြို့ပြန်ပေးရန် တော်လှန်တပ်ဖွဲ့များအား ဖိအားပေး အကျပ်ကိုင်ခဲ့သည်။ TLNA ဦးဆောင်တော်လှန်ညွှန်ပေါင်းတပ်များကြောင့် စစ်ဌာနချုပ်ကြီး ပါ ကျဆုံးစေရန် တိုက်ခိုက်အောင်နိုင်ပြီးမှ မြို့ကို အလွယ်တကူလက်လွှတ်ပေးလိုက်ရသည် အောက်တိုဘာလအတွင်း ထိုမြို့အား စစ်တပ်မှ ပြန်မတိုက်ရပါဘဲ ၃ ပတ်အတွင်း စစ်ကောင်စီကို ပြန်ပေးရန်တရုတ်က ဖိအားပေးခိုင်းစေခဲ့ခြင်းကြောင့်ဖြစ်သည်။ နေ့ပေါင်းများစွာ ပေါင် ၅၀၀ ဗုံးများဖြင့် အဆက်မပြတ် ကျဲချနေခဲ့သဖြင့် မြို့သည်လည်း ထောင်းထောင်ကျေခဲ့ကာ တော်လှန်တပ်ဖွဲ့များ တပ်စွဲရာနေရာများစွာကိုလည်း လက်နက်ကြီးများ၊ ဒရုန်းများစွာဖြင့် စစ်ကောင်စီ တိုက်ခိုက်နိုင်စေရန် တရုတ်က များစွာ အကူအညီပေးခဲ့သည်။
အခြားသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကိုလည်း တရုတ်က စစ်ကောင်စီအား တိုက်ခိုက်မှု များရပ်တန့်စေရန် အကျပ်ကိုင် ဖိအားပေးမှုများ လုပ်ဆောင်ခဲ့သည်။ ပြီးခဲ့သည့် ဧပြီလက တရုတ် ဖိအားပေးမှုကြောင့် MNDAA အဖွဲ့သည် သိမ်းပိုက်ထားသော လားရှိုးမြို့ကို စွန့်ပစ်ပြီး ပြန်လွှဲပေးခဲ့ရ ပြန် သည်။ လားရှိုးသည် ရှမ်းမြောက်ပိုင်းတစ်ခုလုံး၏ မြို့တော်ဖြစ်သည်။ တရုတ်အလွန် ထိန်းချုပ်လိုနေ သော မြို့ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် တော်လှန်တပ်ဖွဲ့များက လားရှိုးကို သိမ်းခဲ့ပြီး နယူးယောက်ခ်တိုင်းမ် ၌ တော်လှန်တပ်ဖွဲ့ခေါင်းဆောင်များက တရုတ်၏ အတင်းအကျပ်ဖိအားပေးမှုကြောင့်သာ မြို့ကို ပြန်ပေးခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ထိုအချိန်မှစပြီး MNDAA သည် စစ်ကောင်စီနှင့် တိုက်ပွဲများ ရပ်တန့်ပေးရန် သဘောတူပေးခဲ့ရသည်။ တရုတ်တောင်းဆိုသော အကွက်အတွင်း တရုတ်ဩဇာခံ ‘၀’ တပ် (UWSA) လည်း ပိတ်ပင်ခံရမှုများ ရှိခဲ့သည်။ အခြားသော စစ်ကောင်စီအား တော်လှန်နေကြသည့် အဖွဲ့အစည်းများထံ လုံး၀ လက်နက်ခဲယမ်းများရောင်းချ ထောက်ပံ့မှုမလုပ်ဟု တရုတ်ကို ကတိပေးခဲ့ရသည်။ အဆိုပါ တရုတ်နယ်စပ်နှင့်နီးစပ်ရာ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် နယ်စပ်တစ်လျှောက် လှုပ်ရှားမှုများလည်ပတ်နိုင်ရေး တရုတ်နိုင်ငံ ပိုင်နက်များအတွင်း ပုံမှန် ဝင်ရောက်နိုင်ခွင့်ရှိရန်မှာ မဖြစ်မနေလိုအပ်သည်။ တရုတ်ဘက်က အဆိုပါ နယ်စပ်လက်နက်ကိုင် ခေါင်းဆောင် တချို့ကို ဖမ်းဆီးပြီး နယ်စပ်ဂိတ်များပိတ်ခြင်းဖြင့် ဖိအားပေးကာ စစ်ခေါင်းဆောင်ဘက်မှ အစွမ်းကုန် ကူညီနေခဲ့ခြင်းဖြစ်သည်။
ပေကျင်းအစိုးရ၏ မူဝါဒသည် မြန်မာနိုင်ငံထဲမှ ၎င်းတို့အကျိုးစီးပွားများကို ကာကွယ်ပေးရန် စစ်ကောင် စီအား ထောက်ပံ့မှုများ လုပ်ပေးရေးသာဖြစ်ကာ ထိုပြဿနာသည် တရုတ်၏ မြန်မာနှင့် စီးပွားရေး စင်္ကြန် (CMEC) ရည်မှန်းချက်များနှင့်မူ ဆန့်ကျင်ဘက်လားရာသို့သာ ရောက်ရှိစေတော့သည်။ မြန်မာ စစ်ကောင်စီက ပြည်သူများအပေါ် အစုံလိုက်အပြုံလိုက်သတ်ဖြတ်နေခြင်းလုပ်ငန်းစဉ်များ ချောမွေ့ရေး တရုတ်ကသာ အဓိက ထောက်ပံ့နေသဖြင့် မြန်မာပြည်သူလူထု စိတ်ထဲတွင် တရုတ်နိုင်ငံအပေါ် ပြင်းထန်သော ဆန့်ကျင်လိုစိတ်များ တစ်ဖွားဖွား ပေါက်ဖွား ကြီးပြင်းလာစေသည်။ တရုတ်လုပ်ရပ် သည် လူ့အခွင့်အရေးဆိုသည်ကို မျက်ကွယ်ပြု၊ ၎င်းတို့အတွက် မဟာဗျူဟာမြောက် စီးပွားရေး အကျိုးအမြတ်ရရှိရေးကိုသာ အဓိကထားနေရာ မြန်မာပြည်သူအားလုံး အမျိုးသားရေးအရ ဒေါသများ အလိပ်လိပ် ထွက်လာရပြီဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူများမှ လားရှိုးမြို့တွင် တိတ်ဆိတ်ငြိမ်သက်စွာ စီတန်းလှည့်လည်ခဲ့ကြပြီး MNDAA နှင့် စစ်အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုကို ဆန့်ကျင်ခဲ့ကြသည်။ ဆန္ဒပြသူများသည် စစ်အစိုးရအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှုကို ရပ်တန့်ရန် တောင်းဆိုသည့် ပိုစတာများဖြန့်ဝေခဲ့ကြပြီး ထိုဖြစ်စဉ်သည် မြန်မာနိုင်ငံ၌ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များတိုးပွား လာမှုကို သက်သေပြနေသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ၂၀၂၃ ခုနှစ် မေလတွင် စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်တွင် ဆန္ဒပြသူများသည် တရုတ်အလံများနှင့် ထိုစဉ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ၏ ဓာတ်ပုံများကို မီးရှို့ခဲ့ကြသည်။ မန္တလေးတွင် ဆန္ဒပြသူများက တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ အသံကို လေးစားရန် တောင်းဆိုခဲ့ကြသည်။ လူမှုကွန်ရက်များပေါ်တွင် တရုတ်နိုင်ငံအပေါ် ပစ်မှတ်ထားသည့် အမုန်းတရားဆိုင်ရာ ဟောပြောချက်များ အင်အားကောင်းစွာ ဖြင့်ပျံနှံ့ ခဲ့သည်။
၂၀၂၁ ခုနှစ်က စတင်အာဏာသိမ်းပြီးစဉ်ကပင် ဆန္ဒပြမြန်မာပြည်သူများသည် စစ်အာဏာသိမ်းရန် စစ်ကောင်စီကို ထောက်ပံ့အားပေးခဲ့သည်မှာ တရုတ်နိုင်ငံသာဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်ပြည်သို့ သွယ်တန်းထားသည့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းများအား မီးရှို့ဖျက်ဆီးကြ၊ တရုတ်စီးပွားရေးလုပ်ငန်း များ မြန်မာနိုင်ငံမှ ထွက်ကြဟု ကြွေးကျော်ဆန့်ကျင်ခဲ့ကြသေးသည်။ မြန်မာနိုင်ငံအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှု လုပ်ကွက်အများစုသည် လူနည်းစုတိုင်းရင်းသားနယ်မြေများတွင် အစောင့်အရှောက် မရှိဘဲ တည်ရှိနေသည်။ သဘာ၀ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများလည်းပါသည်။ ထို့ကြောင့် လေ့လာသူ များက မြန်မာနိုင်ငံသားပြည်သူများအပေါ် နေ့စဉ်သတ်ဖြတ်နေသည့် စစ်အာဏာရှင်အား တရုတ်တို့ ကျောထောက်နောက်ခံပြု အားပေးထောက်ပံ့နေခြင်းသည် ၎င်းတို့အပေါ်တွင် ရေရှည်ထိခိုက်စေသော ပျက်စီးရာ ပျက်စီးကြောင်းများသာ ဖြစ်တည်လာနိုင်မည်ကို စိုးရိမ်လာရပြီဖြစ်ကြောင်း ထောက်ပြ ဝေဖန်နေကြတော့သည်။
#MeKongNews








