~ လင်းမောင် ~
ကင်မန်ကျွန်းများဆိုသည့် ကျွန်းလေးသည် ထိုင်ဝမ်ပိုင်နက်ဖြစ်သည်။ ၁၉၅၀ ပြည့်လွန်နှစ်များက လက်နက်ကြီးများဖြင့် စစ်တလင်းခင်းရာနေရာဖြစ်ကာ ယနေ့အထိ ဘန်ကာများ၊ အမြောက်များ၊ စစ်ရေးအတာအဆီးအစီအမံများကို သက်ရှိထင်ရှား မြင်တွေ့နေရဆဲဖြစ်သည်။ ယနေ့တွင်မူ လက်နက် ကြီးများ ကျရောက်ပေါက်ကွဲခြင်းမရှိတော့ဘဲ ရေပိုက်လိုင်းများ၊ ကုတို့ဆိပ်များနှင့် ပြည်ပခရီးသွားများ စွာ လာရောက်လည်ပတ်သည့် စည်ကားသော ကျွန်းတစ်ခုအဖြစ် ရှိနေသည်။ ဤချိတ်ဆက်မှုများသည် ကောင်းမွန်သောပုံသဏ္ဍန်ပေါ်သော်လည်း ပိုမိုနက်ရှိုင်းသော မဟာဗျူဟာတစ်ခုကို ဖုံးကွယ်ထားသည်။ ပေကျင်းအစိုးရသည် ကင်မန်ကို ၎င်းတို့၏ပိုင်နက်ပတ်လမ်းထဲသို့ ပေါင်းစည်းရန် ရည်ရွယ်ထားသည့် စီးပွားရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ နှောင်ကြိုးများဖြင့် တင်းကျပ်စွာ ချိတ်ဆက်ထားသည်။ တရုတ်ကွန်မြူနစ်ပါတီ CCP ၏ ချဉ်းကပ်မှုသည် ကုန်သွယ်ရေးသက်သက်မျှသာ မဟုတ်။ ၎င်း၏ နိုင်ငံရေးစီမံကိန်းအပေါ် ခုခံမှုကိုပြန်လည်ပုံဖော်ခြင်းနှင့် ဆန့်ကျင်မှုများ လျော့ပါးစေရန် တိုးတိတ်လျှို့ ဝှက်စွာဖြင့် သိမ်းသွင်းနေခြင်းဖြစ်သည်။
လေ့လာသူများက ကမ်းခြေစောင့်တပ်များ ကင်မန်ကျွန်းအနီး ကင်းလှည့်မှုများသည် ပုံမှန်ရေကြောင်း လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံအဆင့် ပရိရာယ်ကြွယ်၀ သော အစီအမံများဖြင့် တရုတ်ပိုင်ကျွန်းဖြစ်စေရန်သာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သုံးသပ်ကြ သည်။ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာနမှ အဲရစ်ဂရင်းက ကင်မန်ကျွန်းသည် တရုတ်၏ မီးခိုးရောင်ဇုန်နည်းဗျူဟာစစ်ဆင်ရေးဗဟိုချက်ဖြစ်ကာ ငြိမ်းချမ်းခြင်းနှင့် ပဋိပက္ခအကြား အမြင် ရှုပ်ထွေး ဝေဝါးစေရန် လှည့်ကွက်သုံးထားသော နယ်မြေဟု သုံးသပ်ခဲ့သည်။ ထိုကဲ့သို့ စစ်ရေးလှုပ်ရှား မှုများသည် တိုက်ရိုက်စစ်ပွဲအသွင်းမဆောင်သော်လည်း ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို တဖြည်းဖြည်း ထိခိုက်စေသည်။ အငြင်းပွားနေသော ရေပိုင်နက်များတွင် တရုတ်၏ တည်ရှိနေခြင်က ပုံမှန်ဖြစ်အနေအထားမျိုးသာဖြစ်စေရန် ဒီဇိုင်းထုတ်ထားပြီး ခုခံမှုကို အချည်းနှီးဖြစ်စေကာ ပေါင်းစည်းမှုကို မလွဲမသွေဖြစ်စေရန် စီမံခြယ်လှယ်ထားခြင်းဖြစ်သည်။
ထိုင်ဝမ်နှင့်ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ စစ်ရေးအရ ရဲတင်းစွာခြိမ်းခြောက်နေမှုများသည် ယခုနှစ်ပိုင်းများအတွင်း အရှိန်မြင့်တက်လာသည်။ ၂၀၂၄ ခုနှစ်တစ်နှစ်တည်းတွင် တရုတ်စစ်လေယာဉ် များသည် ထိုင်ဝမ်းလေကြောင်းရန်ကာကွယ်ရေးပိုင်နက်အတွင်း အကြိမ် ၃၀၀၀ ကျော် ကျူးကျော် ဝင်ရောက်ခဲ့သည်။ ရှေ့တစ်နှစ်ကထက် ၈၁ ရာခိုင်နှုန်း ကျူးကျော်ခြိမ်းခြောက်မှု တိုးမြင့်လာခြင်းဖြစ် သည်။ ထိုလေကြောင်းခြိမ်းခြောက်မှုထဲ အင်အားကြီးများစွာဖြင့် စစ်ဆင်ရေးခြိမ်းခြောက်မှုပုံစံ အသွင် ဆောင်သော စစ်ရေးပြခြိမ်းခြောက်မှု ၂ ခု ပါဝင်သည်။ Joint Sword-2024A နှင့််Joint Sword-2024B တို့ဖြစ်သည်။ ထိုစစ်ရေးပြမှုကြီးများသည် ထိုင်ဝမ်နိုင်ငံ သမိုင်းတွင် အရွေ့ကာလများနှင့်တိုက်ဆိုင်စွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်သမ္မတ ဝီလျံလိုင် ကျမ်းသစ္စာကျိန်ဆိုပွဲအချိန်နှင့်တိုက်ကာ လုပ်ခဲ့ သည်။ ထိုင်ဝမ်အပေါ် ပေးချင်သည့် သတင်းစကားသည် မှားယွင်စရာအကြောင်းမရှိ။ ထိုင်ဝမ်၏ ဒီမို ကရေစီရွေးချယ်မှုများအပေါ် တရုတ်ဘက်က စစ်ရေးခြိမ်းခြောက်မှုများဖြင့်သာ ရင်ဆိုင်တုံ့ပြန်ခြင်း ခံရမည်ကို ပြသခဲ့ခြင်းဖြစ်သည်။
ဝေဟင်တွင်သာမက ရေပြင်တွင်ပါ တရုတ်တပ်များသည် ထိုင်ဝမ်ရေလက်ကြား ပိုင်နက်ခွဲခြား သတ်မှတ်သည့် median lineကို ကျော်ကာ စစ်ရေးခြိမ်းခြောက်လှုပ်ရှားမှုများ ဆက်တိုက် လုပ်ဆောင် ခဲ့သည်။ တစ်ချိန်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သော နယ်နိမိတ်သည် တရုတ်၏ ရေတပ်စစ်ရေး လေ့ကျင့်မှုများ၊ ကမ်းရိုးတန်းအစောင့်တပ်များကင်းလှည့်မှုများဖြင့် ဥပဒေစိုးမိုးရေးဆိုသည့် အကြောင်း ပြချက်ဖြင့် ထိုင်ဝမ်ပတ်ခြာလည်၌ အမြဲမပြတ် ပုံမှန်အတိုင်း ရှိနေသည်ဆိုခြင်းကို မထူးဆန်းတော့သည့် အကြောင်းတရားတစ်ခုအဖြစ် ခင်းကျင်းလာခြင်းသာဖြစ်သည်။ ခံစစ်အတွက် ကာကွယ်ရေးပြင်ဆင်မှု ဟု တရုတ်တို့ ပြောနေသော်လည်း တကယ်တမ်းမှာ စုပေါင်းအကျိုးသက်ရောက်မှုသည် ထိုင်ဝမ်၏ ရေကြောင်းတရားစီရင်ပိုင်ခွင့်ကို ပြန်လည်သတ်မှတ်ရန်နှင့် လွတ်လပ်စွာအုပ်ချုပ်နိုင်စွမ်းကို လျှော့ချရန် ကြိုးပမ်းမှု၊ စော်ကားမှုတစ်ခုသာဖြစ်သည်။
ပေကျင်းအစိုးရထံမှ ထွက်လာသည့် ဟောပြောမှုများက ထိုလမ်းကြောင်းကို လယ်ပြင်တွင် ဆင်သွား သလို အထင်းသားမြင်ရနိုင်သည်။ တရုတ်သမ္မတရှီကျင့်ဖျင်၏ မိန့်ခွန်းများတွင် ထိုင်ဝမ်၏ တရုတ်နှင့်ပေါင်းစည်းရေးသည် သမိုင်းဝင် မလွဲမသွေဖြစ်လာမည့်အရာအဖြစ် အဆက်မပြတ် သရုပ်ဖော်ထားပြီး၊ သွေးသားတော်စပ်မှုနှင့် ကံကြမ္မာဆိုင်ရာ မိသားစုဆိုင်ရာ ဥပစာစကားများဖြင့် ပုံဖော်ထားသည်။ ဆွေတော်မျိုးတော်များဟု တရုတ်သုံးနေကြ စကားလုံးများနောက်ကွယ်တွင် တကယ်တမ်းရှိနေသည့် အစွယ်ဖွေးဖွေးများမှာမူ အတင်းအကျပ် ကြံစည်မှုသာ ဖြစ်သည်။ ထိုင်ဝမ်မီဒီယာကို ပစ်မှတ်ထားသည့် သူလျှိုလုပ်ငန်းများ၊ ကျွန်း၏ “ဆီလီကွန်ဒိုင်း” ကို ထိခိုက်စေရန် ရည်ရွယ်သည့် ဉာဏပစ္စည်းခိုးယူမှုနှင့် လူထုထင်မြင်ချက်ကို လွှမ်းမိုးရန် စည်းလုံးညီညွတ်သော တပ်ဦးလှုပ်ရှားမှုများသည် အပြည့်အဝဗျူဟာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ CCP ၏ရည်မှန်းချက်က နယ်မြေပိုင်ဆိုင်ရေးသက်သက်မဟုတ်၊ ထိုင်ဝမ်၏ဒီမိုကရေစီ ခံနိုင်ရည်ကို ဖျက်ဆီးရန်ပါ စနစ်တကျ ကြိုးပမ်းနေခြင်းဖြစ်သည်။
ကင်မန်ကျွန်းကိုယ်၌သည်ကား ခံစားမှုများ ရောပြွမ်းနေသည်။ ဒေသခံတစ်ချိုက စစ်ပွဲများအပေါ် စိတ်ပျက်ငြိးငွေ့သဖြင့် တရုတ်နှင့်ပိုမိုနီးကပ်စွာ ဆက်ဆံရခြင်း၊ တရုတ်ဩဇာခံရခြင်းကို ပိုကြိုက်နှစ် သက်ကြသည်။ ရေပြင်တစ်ဖက်ကမ်း တရုတ်၏ ရှန်မိန်မြို့နှင့် တောက်ပနေသော မိုးကုပ်စက်ဝိုင်းကို နေ့စဉ်မြင်ရခြင်းသည် တရုတ်နှင့်ပိုမိုနီးကပ်မှုကို သတိပေးသကဲ့သို့ တရုတ်ဘက်မှ ပိုမိုတောက်ပ ကြွယ်ဝချမ်းသာသည်ဆိုသော အမြင်ဖြင့် ဆွဲဆောင်မှုလည်း ဖြစ်စေသည်။ တရုတ်ပြည်မကြီးမှ ကင်မန် ကျွန်းသို့ လာရောက်လည်ပတ်သူများကလည်း တရုတ်နိုင်ငံအတွင်းမှ ထိုင်ဝမ်ကျွန်းဆိုသည့် စကားများ ဖြင့် ယုံကြည်ချက်အပြည့်ဖြင့် တင်စီးပြောဆိုကြပြီး ကင်မန်သို့ လာလည်ပတ်ခြင်းသည် ကိုယ့်အိမ်ကိုယ်ပြန်လာနေသည့်အလားဖြစ်သည်ဟု အသံလွှင့်ကြသည်။ အဆိုပါ ဖလှယ်မှုများသည် တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်လမ်းသွားချဉ်းကပ်မှုကို သရုပ်ဖော်ခြင်းဖြစ်သည်။ စစ်ရေးတည်ရှိမှုမှ တစ်ဆင့် စစ်ရေးခြိမ်းခြောက်မှုမှတစ်ဆင့် ၎င်းတို့ရပ်တည်ချက် ပိုခိုင်မာစေခြင်းနှင့် စီးပွားရေး ဆွဲဆောင်မှုမှတစ်ဆင့် ထိုင်ဝမ်၏ ခုခံမှုအား ပျော့ပျောင်းလာစေရန် နှစ်လမ်းသွား ချဉ်းကပ်မှုများပင် ဖြစ်သည်။
ထိုကျွန်းပေါ်တွင် ထိုင်ဝမ်ကမ်းခြေစောင့်တပ် အရာရှိများ တပ်စွဲထားကြခြင်းက မတူကွဲပြား သည့် ဘာသာပြန်ဆိုမှုကို ဖြစ်စေသည်။ ကင်းလှည့်ခြင်းများသည် သူတို့အတွက် သင်္ကေတအမူအရာ များမဟုတ်ဘဲ အမျိုးသားရေးတာဝန်များ ဖြစ်သည်။ တရုတ်သင်္ဘောများ ပိုမိုများလာနေသော ရေပိုင်နက်များတွင် ၎င်းတို့ရှိနေခြင်းသည် အချုပ်အခြာအာဏာကို ခိုင်မာစေသည်။ အရာရှိတစ်ဦးက ပြောကြားခဲ့သည့်အတိုင်း ဤရေပြင်များကို စောင့်ကြပ်သည့် လုပ်ရပ်သည် အခွင့်အာဏာနှင့် အုပ်ချုပ်နိုင်စွမ်း နှစ်မျိုးလုံးကို ပြသနေသည်ဟုဆိုသည်။
ဤသဘောအရ ကင်မင်သည် ပေကျင်း၏ မဟာဗျူဟာတွင် နယ်ရုပ်တစ်ခုထက်ပို၍ ဖြစ်လာပြီး ထိုင်ဝမ်က ၎င်း၏လက္ခဏာနှင့် တရားစီရင်ပိုင်ခွင့် ကို အတည်ပြုသည့် ဇာတ်ခုံတစ်ခုလည်း ဖြစ်နေပြန်သည်။ CCP ၏ လုပ်ဆောင်ချက်များသည် ၎င်း၏ ပြင်ပသတင်းစကားနှင့် အတွင်းပိုင်းအပြုအမူတို့ကြား ဆန့်ကျင်ဘက်ဖြစ်နေသည်က ဝေဖန်စရာ ဖြစ်သည်။ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကဲ့သို့သော နိုင်ငံတကာဖိုရမ်များတွင် ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံမှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကမ္ဘာဦးဆောင်နိုင်ငံအဖြစ် လုပ်ဆောင်ကာ တာဝန်ယူမှုရှိသော ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် သရုပ်ဖော်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ထိုင်ဝမ်အရေးသည် ရှီ၏ အပြောနှင့် လက်တွေ့က ဆန့်ကျင် ဘက်ဖြစ်နေသည်။ ခြိမ်းခြောက်မှု၊ အတင်းအကျပ်ပြုမှုနှင့် စစ်ရေးတင်းမာမှုများ အရှိန်မြှင့်ခြင်းဖြင့် ထိုင်ဝမ်ကို ချုပ်ကိုင်ရေး လှုပ်ရှားမှုများ မရပ်မနားလုပ်ဆောင်နေခဲ့သည်။ နိုင်ငံတကာတွင် အလွန် ကြင်နာသနားတတ်သူအဖြစ် ပေါ်လွင်ထင်ရှားလိုနေသော်လည်း တကယ်တမ်း ပြည်တွင်းတွင် သိုးရေ ခြုံသော ဝံပုလွေအဖြစ်သာ ရက်စက်ကောက်ကျစ်နေသည်။
သက်ရောက်မှုများက ကင်မန်ကျွန်းကိုပင် ကျော်လွန်ကျယ်ပြန့်သည်။ တရုတ်၏ ခိုင်မာသော ရပ်တည် ချက်သည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုအပေါ် စိန်ခေါ်နေကာ အိမ်နီချင်းနိုင်ငံများနှင့် ကမ္ဘာ့အင်အား ကြီးနိုင်ငံများအကြား စိုးရိမ်မှုများလည်း မြင့်တက်လာရသည်။ ထိုင်ဝမ် ရေလက်ကြားတွင် စစ်ရေးအင်အားတိုးချဲ့ခြင်းသည် မှားယွင်းတွက်ချက်မိနိုင်ခြေရှိပြီး ပုံမှန်ကင်းလှည့်မှုများ သို့မဟုတ် လေ့ကျင့်ခန်းများသည် ထိပ်တိုက်ရင်ဆိုင်မှုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ထို့အပြင် တရုတ်သည် စစ်ရေးအင်အားနှင့်အတူ စီးပွားရေးဩဇာကို အသုံးပြုခြယ်လှယ်ရေး CCP သွားလို့သည့် လမ်းကြောင်း က တောင်တရုတ်ပင်လယ်တစ်ကြော၊ အာရှနိုင်ငံများဆိုင်ရာ ပိုင်နက် နယ်နိမိတ် ခွဲဝေထားမှုကိုပါ ဖောက်ဖျက်ပြီး အခြားနိုင်ငံပိုင်နက်များကိုပါ အကျပ်ကိုင် ခြိမ်းခြောက်သည့်လုပ်ရပ်များ ဖုံးမရဖိမရ ပေါ်လွင်လာနေသည်။
အယ်ဒီတာ့အာဘော် ဆင်ခြင်သုံးသပ်မှုတွင် ကင်မန်ကျွန်းသည် CCP အနုစိတ်ပုံဖော်ထားသော မဟာဗျူဟာရပ်ဝန်းအဖြစ် မြင်နိုင်သည်။ အခြေခံအဆောက်အအုံများမှတစ်ဆင့် ပေါင်းစည်းမှု၊ စစ်ရေးတည်ရှိမှုမှတစ်ဆင့် ခြိမ်းခြောက်မှုနှင့် စည်းရုံးပြောပြချက်မှတစ်ဆင့် ဆွဲဆောင်ခြင်းများ ဖြစ်သည်။ ဌာနေကျွန်းသားများ စိတ်နှစ်ခွဖြစ်ရပြီး ငြိမ်းချမ်းလိုခြင်းဆန္ဒ၊ အတင်းအကျပ်ပြုခံရခြင်း များနှင့် လက်တွေ့ဘ၀တို့ကြား လှောင်ပိတ်မိနေသည်။ ပထဝီနိုင်ငံရေးဆိုင်ရာ အကျပ်အတည်း အတွင်းမှ လူသားဆန်သော ရှုထောင့်များ ကွဲပြားလာမှုကို ထင်ဟပ်စေသည်။ ထိုင်ဝမ်အတွက် စိန်ခေါ်မှုမှာ တင်းမာမှုများကို ရှောင်ရှားရင်း အချုပ်အခြာအာဏာကို အခိုင်အမာပြောဆိုခြင်းနှင့် သံတမန်ရေးကို ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်ရေးတို့ ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းများ က တရုတ်၏ ထိုင်ဝမ်အပေါ် ဆွေမျိုးများတော်စပ်သည့် ကြင်နာဟန်ပြနေခြင်းနောက်ကွယ်၌ ဘီလူး ဆိုင်းတီးနေခြင်းကို သိရှိရန် လိုအပ်ပေမည်။ တရုတ်သည် ညင်သာဟန်ပြကာ လွှမ်းမိုးနိုင်ရေးအတွက် စနစ်တကျ တွက်ချက်ကြီး အကြံအစည်းကို အကောင်အထည်ဖော်နေခြင်းသာဖြစ်သည်။
ကင်မန်းကျွန်း စစ်အေးတိုက်ပွဲဗုံးကျဲတိုက်ခိုက်မှုများက သမိုင်းတစ်ခု ဖြစ်ကောင်းဖြစ်ပေမည်။ သို့သော် ထိုကျွန်းလေးသည် လက်ရှိတွင် ပေါက်ကွဲလုနီးပါး အခြေအနေတွင် ပိတ်မိနေသည်။ အမြောက်တပ် ခံတပ်ကြီးများနေရာတွင် ကမ်းခြေစောင့်တပ်များ ကင်းလှည့်ခြင်းဖြင့် အစားထိုးလိုက်သည်။ ထိုင်ဝမ်၏ သီးခြားခွဲထွက်ရပ်တည်လိုမှုကို တရုတ်မှ ပေးသည့် ရေပိုက်လိုင်းများ၊ ကုတို့သင်္ဘောများစွာဖြင့် ဥဒဟို သွားလာနေမှုများဖြင့် လွှမ်းခြုံလိုက်သည်။ သို့သော် CCP ၏ ရဲတင်းလွန်းသော လုပ်ရပ်များနှင့် ထိုင်ဝမ်၏ ခုခံတွန်းလှန်ရန် စိတ်ပိုင်းဖြတ်မှုတို့က အခြေခံပြိုင်ဆိုင်မှုအဖြစ် ဆက်လက်တည်ရှိနေပါ သည်။ ကင်မန်ကျွန်း၏ အနာဂတ်နှင့် တရုတ်ဩဇာချဲ့တွင်ခံရခြင်းကို တွန်လှန်ရန်မှာ ထိုင်ဝမ်၏ စစ်ရေး အင်အားတွင်သာမက အာဏာရှင်ဆန်သော တရုတ်ရည်မှန်းချက်များအပေါ် မည်သည့် အခါမျှ လက်မခံဘဲ ဆန့်ကျင်သည့် ဒီမိုကရေစီခံနိုင်ရည်ရှိမှုအပေါ်တွင် မူတည်လိမ့်မည်ဖြစ်သည်။
#MeKongNews








