~ လင်းမောင် ~
တရုတ်၏ စစ်ဘက်-အရပ်ဘက်ပေါင်းစပ်မှု (MCF )အယူဝါဒကို မကြာခဏဆိုသလိုပင် ဗျူရိုကရက်တစ်ပေါင်းစပ်ခြင်းနှင့်အလားသဏ္ဍန်တူသော တက္ကနိုကရက်တစ်ဆိုသည့် အသုံးအနှုန်းမျိုး သုံးနှုန်းခေါ်ဆိုကြသည်။ ပူးပေါင်း သုတေသနစင်တာများအနေဖြင့် တရုတ်ပြည်သူ့လွှတ်မြောက်ရေး တပ်မတော်နှင့် ပူးပေါင်းလုပ်ဆောင်လာရန် မက်လုံးများပေးထားသည်။ ထိုရည်ရွယ်ချက်သည် MCF က ကမ္ဘာလုံး ဆိုင်ရာနည်းပညာ အုပ်ချုပ်သူများအပေါ် လျှော့တွက်လွန်းကာ စနစ်တကျသော အန္တရာယ်များပေးခြင်းဖြင့် ခြယ်လှယ်ကြိုးကိုင်လိုခြင်းဖြစ်သည်။ MCF သည် ပြည်တွင်းစက်မှု မူဝါဒ တစ်ခုတည်းအတွက်သာမဟုတ်ဘဲ အရပ်သားများတီထွင်ဆန်းသစ်ခြင်းနှင့် စစ်ဘက်ဆိုင်ရာမှ တီထွင်မှုများအကြား ကာထားသည့် စည်းကို လဲပြိုသွားစေရန် အစိုးရ၏ မဟာဗျူဟာတစ်ရပ်အဖြစ် အကွက်ချ ထားရှိသည့် အဖွဲ့ဖြစ်သည်။ ပို့ကုန်ထိန်းချုပ်မှုများကို ထိခိုက်စေသော၊ ထောက်ပံ့ရေးကွင်း ဆက်များကို ညစ်ညမ်းစေသော၊ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများနှင့် ကုမ္ပဏီများအား ငြင်းမရနိုင်သည့် မှောင်မိုက်သောအခြေအနေအတွင်း လုပ်ကိုင်ရန် ဖိအားပေးသည့် မော်ဒယ်တစ်ခုကို တင်ပို့ခြင်းဖြစ်သည်။
MCF ၏ ယန္တရားက ရိုးရှင်းကာ ဗြောင်ကြီးမြင်တွေ့ရသည်။ ပေကျင်း၏ အမျိုးသားအကျိုးစီးပွား ဦးစား ပေးမှုများက AI၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ဇီ၀နည်းပညာများဖြစ်သည်။ ရန်ပုံငွေများနှင့် ထိုဦးစားပေးများကို နိုင်ငံပိုင်သုတေသနဌာနများနှင့် နိုင်ငံပိုင်လုပ်ငန်းများ (SOEs) မှတစ်ဆင့် လမ်းကြောင်းများချမှတ် ခွဲဝေပေးသည်။ ထို့နောက် ဝယ်ယူရေး၊ အရည်အသွေးစံနှုန်း၊ ဝန်ထမ်း စီးဆင်းမှုများကို စီးပွားဖြစ်အသုံးချသည့်ကြားမှ နောက်ဆုံးရည်မှန်းချက်သည် စစ်ရေးအသုံးပြုနိုင်စွမ်း အတွက် သာရည်ရွယ်သည်။ ၂၀၂၄ ခုနှစ် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ချင့်တွက်သုံးသပ်မှု တွင် တရုတ်၏ စစ်ဘက်-အရပ်ဘက် ပေါင်းစည်းမှုသည် ဗဟိုချုပ်ကိုင်မှုစနစ်သာကျင့်သုံးကာ AI ဖြင့် မောင်းနှင်သည့်စစ်ရေးစွမ်းဆောင်ရည်များ၊ အစိုးရအထောက်အပံ့ရမှသာ ဝယ်ယူမှုများ၊ စီးပွားဖြစ် ဖွံ့ဖြိုးတိုးတက်စေမှုများကို နည်းပညာနယ်ပယ်တိုင်း၌ လုပ်ဆောင်ရန် အတိအကျသတ်မှတ်ထား သည်။ အရှင်းဆုံးပြောရလျှင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့် ခေတ်မီ နည်းပညာ ကိရိယာများကို သေချာအသုံးပြုနိုင်ရေးအတွက်သာ အဓိကထားသည်။
ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ရှိစေနိုင်သော စီးဆင်းမှုပုံစံ ၃ မျိုးက တရုတ်၏ MCE မူဝါဒတွင် ထည့်သွင်း ထားပြီးဖြစ်သည်။ ပထမတစ်ခုက ဒီဇိုင်ကို လျှို့ဝှက်ဖုံးကွယ်ထားခြင်းဖြစ်သည်။ တီထွင်သည့် နည်းပညာထုတ်ကုန်များကို အရပ်ဘက် မျက်နှာစာများ၌ ဖုံးကွယ်ထားပြီး နောက်ဆုံး စစ်ရေးအကျိုး ရှိသော ထုတ်ကုန်များဖြစ်ရေးသည်သာ အဓိကရည်မှန်းချက်ဖြစ်စေရမည်ဟု ပုံသွင်းထားသည်။ စီမံကိန်းရန်ပုံငွေများသည် စီးပွားရေးလမ်းကြောင်းများ၊ အမျိုးသားဓာတ်ခွဲခန်းများဆီသို့ စီးဆင်းသည် ဟု အသွင်ပြသည်။ dual-use ဆိုသော စစ်ဘပ်-အရပ်ဘက် နှစ်မျိုးသုံးနည်းပညာထုတ်ကုန်များ ထုတ်ရန် တွဲဖက်သုတေသနပြုရသော အရပ်ဘက် တီထွင်ဆန်းသစ်ထုတ်လုပ်သူများအားလုံး PLA ထောက်ခံချက်အောက်တွင်သာ အလုပ်လုပ်ခွင့်ရသည်။ Georgetown ၏ CSET နှင့် အခြားသော နောက်ကြောင်းခံလေ့လာစောင့်ကြည့်သူများက များစွာသော ထိပ်တန်း AI နှင့် စက်ရုပ်ထုတ်လုပ်ရေး စာချုပ်များသည် အရပ်ဘက်သုံးယာဉ်ကို စီးနင်းနေဟန်ပြကာ တကယ်တမ်းတွင် စစ်တပ်နှင့် ပတ်သက် သက်ဆိုင်သည့် သို့မဟုတ် SOEs တို့ဆီသာ လည်စင်းကာ တီထွင်ထုတ်လုပ်ပေးကြရသည်ကို ပြဆိုနေ ကြောင်း သုံးသပ်ထုတ်ပြန်ကြသည်။ အနောက်တိုင်းတွင်မူ ပူးတွဲအလုပ်လုပ်သူများနှင့် စားသုံးသူများ အကြား တရုတ်တွင်ကဲ့သို့ အရပ်ဘက်အတွက် ရည်ရွယ်ထုတ်လုပ်မှုနှင့် စစ်ဘက်အတွက် ရည်ရွယ် ထုတ်လုပ်မှုကို ပေါင်းစည်းခွင့်မပြု၊ မရှိကြပေ။ ထိုအခြေအနေကြောင့် စံသတ်မှတ်ထားသော သင့်လျော်မှုရှိမရှိ စစ်ဆေးခြင်းကို ထိရောက်စွာ စီမံနိုင်ခွင့်မရှိ၊ နိုင်ငံခြားကုမ္ပဏီများသည် တရုတ်မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သည့်အခါ မသိနိုင်သော အရာများကို လက်ခံရန် ဖိအားပေးခံရတော့သည်။
ဒုတိယအချက်အနေဖြင့် အရည်အချင်းနှင့် မူပိုင်ခွင့်ကို ပုံမှန်ရောနှောထားသည်။ ပါမောက္ခခန့်အပ်မှုများ၊ ဘွဲ့လွန်ပညာသင်ဆုများနှင့် စက်မှုလုပ်ငန်းဆိုင်ရာ postdocs များသည် အရပ်ဘက်ဓာတ်ခွဲခန်းများနှင့် ကာကွယ်ရေးသုတေသန နှစ်မျိုးလုံးကို ဝန်ဆောင်မှုပေးနိုင်ပြီး မကြာခဏဆိုသလိုလည်း ဝန်ဆောင်မှု ပေးရသည်။ အမေရိကန်နှင့်မဟာမိတ် ပို့ကုန်ထိန်းချုပ်ရေးစနစ်များတွင်မူ စီးပွားဖြစ် ထုတ်လုပ်မှုနှင့် လျှို့ဝှက်ဖုံးကွယ်ထားရသည့် စစ်ရေး ထုတ်လုပ်မှုနှစ်ခုအကြား သပ်သပ်စီ စည်းခြားထားသည်။ တရုတ်၏ MCF သည် အဆိုပါ ကမ္ဘာ့စံနှုန်းကို ဖောက်ဖျက်ကာ ကိုယ်ပိုင် ဒီဇိုင်းသစ်ဖြင့် ဖော်ဆောင် သည်။ အမေရိကန် မူဝါဒချမှတ်ရေးအဖွဲ့အစည်းများနှင့် ပညာရှင်အဖွဲ့များက ပေကျင်း၏ စီးပွားဖြစ် ယူနီကွန်းများနှင့်စစ်ရေးအစီအစဉ်နှစ်မျိုးစလုံး တည်ဆောက်ထူထောင်ထုတ်လုပ်မှုတွင် ပါရမီရှိသူ အရပ်ဘက် ပညာရှင်များထံမှ တီထွင်ဆန်းသစ်မှုများကို ရယူရာတွင် သုတေသနဂေဟစနစ်ကြီးတစ်ခု လုံး ပြိုလဲခြင်းမရှိပါက နောက်ဆုံး တရုတ်စစ်တပ်အတွက်သာ အဓိက အသုံးတည့်သော ထုတ်ကုန်မျိုးသာ ထွက်လာစေကြောင်း၊ တင်းကျပ်ဖိနှိပ်ချုပ်နှောင်မှုများဖြင့် အရပ်ဘက် ပညာရှင်များကို အသုံးချကြောင်း သုံးသပ်ထားကြသည်။ နည်းပညာနယ်ပယ်တွင် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းကို သွေဖယ်ကာ လွယ်လင့်တကူ ရှောင်ရှားပြီး စစ်ဘက်-အရပ်ဘက် ထုတ်လုပ်တီထွင်မှု၌ နောက်ဆုံး စစ်ဘက်ကိုသာ အကျိုးပြုစေသော ထုတ်လုပ်မှုများကိုသာ ဖြစ်တည်စေသည်ဟု ဆိုလိုရင်းဖြစ်သည်။
တတိယအချက်အနေဖြင့် ပုဂ္ဂလိကကဏ္ဍကို အသုံးချခံကိရိယာတန်ဆာပလာအဖြစ် ပြောင်းလဲထား ခြင်းဖြစ်သည်။ ဘေဂျင်းသည် MCF ကို အခွင့်အရေးမပေး၊ ကံဆိုးမိုးမှောင်ကျအောင် မထားပေ။ ထောက်ပံ့ကြေးများ၊ အခွန်လျှော့ပေါ့မှုများ၊ “အမျိုးသားစီးပွားရေးလုပ်ငန်း” သတ်မှတ်ခြင်းနှင့် ဦးစားပေးဝယ်ယူမှုများမှတစ်ဆင့် အထောက်အပံ့များစွာပေးသည်။ နိုင်ငံတော်သည် စစ်ရေးရည်မှန်းချက်များပြည့်နှက်သည့် ပူးပေါင်းဆောင်ရွက်မှုကို တရုတ်ကုမ္ပဏီကြီးများဆီသို့ အကြပ်ကိုင်နည်းဖြင့် ခွဲတမ်းပေးလမ်းကြောင်း တစ်ခုအနေဖြင့် ရောက်ရှိစေသည်။ မကြာသေးမီက အမေရိကန်ရှိ တရားရုံးတစ်ခုက DJI ဒရုန်း ထုတ်လုပ်ရေးလုပ်ငန်းသည် တရုတ်စစ်တပ်ပိုင်လုပ်ငန်း အဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်နိုင်သည်ဟု ခွင့်ပြုထုတ်ပြန်ပေးခဲ့သည်။ အစိုးရ၏ သတ်မှတ်ချက်သည် ပိုင်ဆိုင်မှုသက်သက် အတွက်သာမဟုတ်ဘဲ ဦးစားပေးဆက်ဆံမှု၊ ပြည်နယ် R&D ချိတ်ဆက်မှုနှင့် MCF တွင် တိုက်ရိုက်ပါဝင်မှုတို့၏ အထောက်အထားများ ခိုင်မာစွာ ရရှိထားသဖြင့် ထိုသို့ တရုတ်အရပ်ဘက် ကုမ္ပဏီဆိုသည်ထက် တရုတ်စစ်တပ်ပိုင် ကုမ္ပဏီအဖြစ် သတ်မှတ်ရမည်ဟု တရားရုံးက ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုးဆုံးဖြတ်ချက်သည် လက်တွေ့ကျသော လက္ခဏာရပ်တစ်ခုဖြစ်သည်။ အရပ်ဘက် တရုတ်နည်းပညာ လုပ်ငန်းကြီးများသည် MCF ၏ ဗိသုကာပုံစံကွက်အတွင်း၌သာ လည်ပတ်ရသဖြင့် ၎င်းတို့အား သီးသန့် ပုဂ္ဂလိကပိုင် တရုတ်ကုမ္ပဏီများဟု သတ်မှတ်မရနိုင်ပေ။
ကမ္ဘာ့နိုင်ငံအသီးသီးအတွက် တရုတ်လုပ်ရပ်က လက်တွေ့တွင် မည်သို့ ဆိုလိုရင်း၊ မည်သို့ ရည်ရွယ် ချက် ရှိနေခဲ့ပါသနည်း။ အဖြေက မငြိမ်မသက်မှုများကို ကျယ်ပြန့်စေရန်လုပ်ဆောင်ခြင်းဟုသာ ထွက်သည်။ တရုတ်တယ်လီကွန်းအသုံးအဆောင်ပစ္စည်းများ၊ cloud AI ဝန်ဆောင်မှုများ၊ ဓာတ်ခွဲခန်း ဓာတ်ကူပစ္စည်းများကို တင်သွင်းသည့်နိုင်ငံများအတွက် hardware နှင့် software များကိုသာ တင်သွင်း သည်ဟု ယူဆမရပေ။ တရုတ်အစိုးရ၏ အုပ်ချုပ်ရေးပုံစံများကို တင်သွင်းနေခြင်းမျိုးဖြစ်သည်။ ရောင်းချသူဆက်ဆံရေး၊ ဝယ်ယူရေးလုပ်ငန်းစဉ်များနှင့် တရုတ်အစိုးရ၏ မည်သူအကျိုးရှိမည်နည်း ဆိုသည်ကို တစ်ခါတည်းအဖြေထုတ်ပြီးသား အလွန်အကျူးထိန်းချုပ် စီမံထုတ်လုပ်သည့် နည်းပညာ ပစ္စည်းများကို တင်သွင်းခြင်းဖြစ်သည်ဆိုမှသာ အဓိပ္ပါယ် ပြည့်စုံမည်ဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် များစွာသော ဝန်ကြီးဌာနများက တရုတ်နည်းပညာ ထုတ်ကုန် တင်သွင်းသည့် နိုင်ငံများသည် ကျဉ်းမြောင်းသထက်ကျဉ်းမြောင်းသည့် ရွေးချယ်မှုနည်းပါးလွန်းသော အနေအထားများဖြစ်စေရန် တရုတ်အစိုးရ၏ စိတ်ကြိုက်လျှို့ဝှက်စွာ ခြယ်လှယ်ထားမှုအောက်မှသာ ထုတ်ကုန်များကို တင်သွင်းနိုင်မည်ဟု သတိအကြိမ်ကြိမ်ပေးခဲ့သည်။
ဝေဖန်သူများက နိုင်ငံတိုင်းတွင် မဟာဗျူဟာမြောက် ကိုယ့် စက်မှုလုပ်ငန်းများကို ကိုယ်ကာကွယ် ထားကြသည်ချည်းဖြစ်သည်ဟု မကြာခဏ အသံလွှင့်တတ်ကြသည်။ အမေရိကန်နှင့် မဟာမိတ်များကမူ တရုတ်ကြောင့် စစ်ဘက်-အရပ်ဘက်သုံး နည်းပညာ ထုတ်ကုန် dual-use လုပ်ငန်းများအား ပြန်လည်ပြီး သုတေသနလုပ်ဆောင်နေကြပြီဖြစ်သည်။ အဆိုပါ ခံစစ်တန်ပြန်မှုက မှန်သည်ဆိုသော်လည်း အဓိပ္ပါယ်လမ်းလွဲနေသည်။ တရုတ်၏ MCF ကျွမ်းကျင်မှုနှင့် စနစ်ကျမှုများက အန္တရာယ်ရှိနေသည်။ ၎င်းသည် စီးပွားဖြစ်နည်းပညာအခြေခံတစ်ခုလုံးကို ကာကွယ်ရေးစက်မှုလုပ်ငန်း ထောက်ပံ့ရေးကွင်းဆက်များနှင့် လက်တွေ့အားဖြင့် ခွဲခြား၍မရအောင် ဖန်တီးရန် ရည်ရွယ်သည်။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများတွင် စစ်ဘပ်နှင့် အရပ်ဘက်သုံးနည်းပညာ ထုတ်ကုန်များကို စနစ် ကျစွာဖြင့် ခွဲခြားထားသည်။ ဥပဒေ၊ ပွင့်လင်းမြင်သာမှုဆိုင်ရာ တာဝန်ဝတ္တရားများ၊ ကော်ပိုရိတ်အုပ် ချုပ်မှု၊ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ချက်များဖြင့် စနစ်တကျ ခွဲခြားထိန်းချုပ်ထားသည်။ MCF ကမူ အုပ်ချုပ်ရေးဆိုင်ရာအမိန့်နှင့် နိုင်ငံမူဝါဒကို ချုပ်ကိုင်သည် တရုတ်ကွန်မြူနစ်ပါတီစည်းကမ်း များဖြင့်သာ အစားထိုးထူထောင်ထားသည်။ အကျိုးဆက်မှာ အထောက်အထားစိစစ်မှု မရှင်းလင်းခြင်း၊ စံနှုန်းဆိုင်ရာကန့်သတ်ချက်များ အားနည်းခြင်း၊ ပို့ကုန်ထိန်းချုပ်မှုများ၊ ကော်ပိုရိတ်လိုက်နာမှုများ၊ ဖက်စပ်လုပ်ငန်းစည်းမျဉ်းများသည် ကမ္ဘာကကျင့်သုံးသည့် စနစ်ဖြင့် သွေဖယ်ကာ နည်းပညာထုတ်ကုန်လောက ဂေဟဗေဒစနစ်ကြီးကို ဖျက်ဆီးရာရောက်စေတော့သည်။
မူဝါဒချမှတ်သူများ မည်သို့ လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ ဝယ်ယူမှုတွင် စစ်ဆေးခြင်းပြုမှု တစ်ခုတည်းဖြင့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဟုယုံကြည်နေခြင်းများ၊ ဟန်ဆောင်နေခြင်းများကို ရပ်တန့်နိုင်ရမည်ဖြစ်သည်။ ပူပေါင်းဆောင်ရွက်သည့် ထိရောက်သောတုံ့ပြန်မှုများ၊ ဘက်ပေါင်းစုံ အစီအမံကောင်းများချမှတ်ခြင်း၊ choke-point နည်းပညာများကို ပစ်မှတ်ထားသော နည်းပညာလွှဲပြောင်းမှု အပေါ် ပိုမိုတင်းကျပ်သောထိန်းချုပ်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်သည်။ အဓိက ဂရုစိုက်စိစစ်ရမည်မှာ အဆင့်မြင့် လစ်သရိုဂရပ်ဖီ၊ အချို့သော AI မော်ဒယ်များ၊ အာရုံခံနိုင်သော ဇီဝနည်းပညာပလက်ဖောင်းများ ဖြစ်သည်။ စစ်ဘက်အစီအစဉ်များနှင့် နေရာချထားမှု ကို ဆက်စပ်ပေးသည့် နယ်စပ်ဖြတ်ကျော်ဝန်ထမ်းများကို ခိုင်မာစွာစိစစ်ခြင်း၊ သိသာထင်ရှားသော နိုင်ငံတော် R&D ရန်ပုံငွေများ ရရှိသော ကုမ္ပဏီများအတွက် မဖြစ်မနေပွင့်လင်းမြင်သာမှုလိုအပ် ချက်များနှင့် ပြည်ပတွင် လည်ပတ်နေသော တရုတ်ကုမ္ပဏီများ၏ နိုင်ငံခြားလက်အောက်ခံကုမ္ပဏီများ အတွက် ပြဋ္ဌာန်းနိုင်သော စည်းမျဉ်းများကို ရှင်းလင်းခိုင်မာစွာ ထုတ်ပြန် စိစစ်ရမည်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ဒီမိုကရေစီနိုင်ငံများသည် အခြားရွေးချယ်စရာများ၌ ရင်းနှီးမြှုပ်နှံရ မည်ဖြစ်သည်။ ပြန်လည်ကောင်းမွန်လာစေမည့် ထောက်ပံ့ရေးကွင်းဆက်များ၊ အပြန်အလှန်လည်ပတ် နိုင်သည့် စံနှုန်းများနှင် စစ်ဘက်ဆိုင်ရာမဟုတ်သော နည်းပညာထုတ်ကုန်များဖြစ်သည်ဟု အတည်ပြုချက်အပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ပေးနိုင်သော ပွင့်လင်း ဂေဟစနစ်များကို ဖန်တီးရမည်ဖြစ်သည်။ နောက်ဆုံးအနေဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပညာရပ်ဆိုင်ရာဂျာနယ်များသည် ပွင့်လင်းမြင်သာသည့် အုပ်ချုပ်မှုဆိုင်ရာ ကာကွယ်မှုများမရှိသော MCF ပုံစံအနေအထားမှာ သာမန်အနေအထားမဟုတ်သည်ကို သိရှိစေရန် ဆန့်ကျင်ဖော်ထုတ်ကြရမည် ဖြစ်သည်။
MCF သည် နူးညံ့သိမ်မွေ့သော ပါဝင်ဆောင်ရွက်မှုဖြင့် စီမံခန့်ခွဲရမည့် တရုတ်စက်မှုလုပ်ငန်းမူဝါဒတစ်ခု မျှသာ မဟုတ်ပေ။ ၎င်းသည် ဆန်းသစ်တီထွင်မှုကို မည်သို့ထုတ်လုပ်ပြီး လက်နက်အဖြစ် မည်သို့အသုံး ချသည်ဆိုသည့် စည်းမျဉ်းများကို ပြန်လည်ရေးသားရန် စနစ်တကျကြိုးပမ်းမှုတစ်ခုဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများသည် ရှင်းလင်းပြတ်သားစွာ မတုံ့ပြန်ပါက အရပ်ဘက်ဆန်းသစ်တီထွင်မှုနှင့် စစ်ရေးအတင်းအကျပ်ပြုမှုကို ခွဲခြားထားသော နိုင်ငံတကာစံနှုန်းများသည် ပထဝီနိုင်ငံရေး၊ စီးပွားရေးနှင့် ကျင့်ဝတ်ဆိုင်ရာ အကျိုးဆက်များနှင့်အတူ ယိုယွင်းပျက်စီးသွားရမည်ဖြစ်သည်။
#MeKongNews








