~ လင်းမောင် ~
တရုတ်သမိုင်းနှင့်နိုင်ငံရေးသုတေသီ ဂါအိုရှန် (Gao Xiang) ကို ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် သမ္မတ ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူး၊ တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီ (CASS) ဥက္ကဌအဖြစ် ခန့်အပ်လိုက်ကာ ၎င်းသည် တစ်သားတည်းရှိသော တရုတ် သမိုင်းရေးရာ အကယ်ဒမီ ဥက္ကဌအဖြစ်ပါ တာဝန်ယူခွင့်ရသွားသည်။ ဂါအိုရှန်သည် တရုတ်ချင်မင်းဆက် (Qing dynasty) ကြီးစိုး နိုင်ခဲ့မှုအကြောင်း အထူးပြုလေ့လာတတ်မြောက်ထားသည့် သမိုင်းပညာရှင်ဖြစ်နေသည်ကို ယခုလို နေရာပေးခြင်းသည် ရှီကျင့်ဖျင်အနေဖြင့် တစ်ချိန်က ဘုန်းမီးနေလ အထွန်းတောက်ဆုံးဖြစ်ခဲ့သည့် မင်းဆက်များထဲမှ တစ်ခုဖြစ်သောချင်မင်းဆက်ကဲ့သို့ နိုင်ငံတော်အား ကမ္ဘာလွှမ်းခြုံဩဇာလွှမ်းနိုင်ရေး မျှော်လင့်ချက်ကြီး မည်မျှ ကြီးမားစွာ ထားရှိသည် ဆိုခြင်းကို ထင်ရှားပေါ်လွင်စေသည်။
CASS သည် တရုတ်ခေါင်းဆောင်အဆက်ဆက် မူဝါဒများချမှတ်မှုများအပေါ် ဩဇာလွှမ်းမိုးကာ အတွေး အခေါ်နှင့် အကြံပေးမှုများအား အဓိက ဖော်ဆောင်ပေးနေသည့် နိုင်ငံ ထိပ်တန်းသုတေသနအဖွဲ့အစည်း ဖြစ်သည်။ လန်ဒန်အခြေစိုက် ဂါးဒီးယန်းသတင်းဌာနက ချင်မင်းဆက်ဘုန်းမီးနေလတောက်ခဲ့သည့် ခေတ်ကို ပြန်လည် မီးမောင်းထိုးပြီး ဂုဏ်ဆာနေသူ သမိုင်းပညာရှင်အား ရှီကျင့်ဖျင် ယခုလို ရာထူးကြီး များပေးအပ်ခြင်းသည် ယနေ့ခေတ်တွင်ပါ ကမ္ဘာလုံးဆိုင်ရာကို ဩဇာလွှမ်းမိုးလိုနေသော ရည်မှန်းချက် ကြီးအား မဖုံးနိုင်မကွယ်နိုင် မြင်တွေ့ရခြင်းဟု ညွှန်းဆိုထောက်ပြခဲ့သည်။
ချင်မင်းဆက်အာဏာစက် အမြင့်ဆုံးအချိန်တွင် တရုတ်အင်ပါယာကြီးသည် ကမ္ဘာတွင် အကြီးဆုံး သော စွမ်းအားရှိခဲ့သည်။ ဗဟိုအာရှ၊ မွန်ဂိုးလီယားနှင့်တိဗက်ယဉ်ကျေးမှုအားလုံးကို လွှမ်းခြုံအုပ်မိုး နိုင်စွမ်းလည်းရှိခဲ့သည်။ ထိုဩဇာအာဏာစက်ဖြင့်ပင် အားကျဖွယ်ရာ စီးပွားရေးကြွယ်၀မှုနှင့် စစ်ရေး အင်အားစုကြီးကို ထူထောင်ပိုင်ဆိုင်နိုင်ခဲ့သည်။
ရှီကျင့်ဖျင်သည် မျက်မှောက်ခေတ် တရုတ်နိုင်ငံကြီးကို ချင်မင်းဆက်လက်ထက်ကထက်ပင် ခြေလှမ်း တစ်ဆင့်ပိုသာသည့် အမြင့်ဆုံးအဆင့်သို့ ရောက်ချင်နေသူဖြစ်သည်။ တစ်ချိန်က ချင်မင်းဆက် အင်ပါ ယာအတွင်း တရုတ်သည့် နယ်မြေပိုင်နက် တစ်စိတ်တစ်ဒေသအဖြစ်သာ ပါဝင်ခဲ့သည်။ ရှီကျင့်ဖျင် သည် လက်ရှိတရုတ်နိုင်ငံ အချုပ်အခြာအာဏာပိုင်နယ်မြေအားလုံးအပေါ် အောင်နိုင်ခြင်းသာမက ချင်မင်းဆက်လက်ထက် ရှုံးနိမ့်သွားသော ဒေသများအားလုံးအပေါ်တွင်ပါ တရုတ်နိုင်ငံ၏ ဝိသေသလက္ခဏာအားလုံးကို သွပ်သွင်းရန်လည်း အထူး အာရုံပြုထားသည်။ သို့ကြောင့်ပင် ၂၀၁၉ ခုနှစ်က တရုတ်သမိုင်းအကယ်ဒမီ စတင်ထူထောင်စဉ် သမိုင်းဆိုင်ရာ ဘာသာပြန်ဆိုမှု၌ တရုတ်နိုင်ငံတော် စည်းမျဉ်းဥပဒေနှင့်အကျိုးမဝင်သော ဩဇာလွှမ်းမိုးနိုင်သမျှ နယ်မြေဒေသတိုင်း၌ နေထိုင်သည့် မည်သည့်လူမျိုးများအပေါ်တွင်မဆို တရုတ် ဝိသေသလက္ခဏာများ တွန်းအားပေး သွပ်သွင်းမှုလုပ်ရန် အမိန့်ပေးစေခိုင်းခဲ့သည်။ ထိုဒေသများတွင် တရုတ်ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဘ၀နေထိုင်ရှင်သန်ရေးလမ်းစဉ်များအားလုံးကို ဟန်လူမျိုးတို့၏ အမှတ်လက္ခဏာများအတိုင်းသာ နေထိုင်သွားစေရန် ရှီကျင့်ဖျင်က ပုံသွင်းပြဌာန်းလိုခဲ့သည်။
ချင်မင်းဆက်နှင့်ဒလိုင်းလားမား ဩဇာတည်သည့် တီဗက်လူ့အဖွဲ့အစည်းအကြား ပြဿနာမရှိခဲ့သည့် အတွက် မော်ဒန်ခေတ် တရုတ်ခေါင်းဆောင် ရှီသည် ဒလိုင်းလားမားအဖွဲ့အစည်း အရှိန်အား ငြိမ်းသတ် ပြီး ရုပ်သေးရုပ်အဖြစ် အုပ်စိုးနိုင်ရေး ၁၄ ဆက်မြောက် ဒလိုင်းလားမားခေတ်မှာပင် မိမိအလိုကျ ကြိုးဆွဲရုပ် Lhasa ဘာသာရေးခေါင်းဆောင်အား အစားထိုးကာ ယခင်ဒလိုင်းလားမားခေတ် ချုပ်ငြိမ်း စေရန် အကွက်ချ စီမံနေခဲ့ပြီဖြစ်သည်။ လက်ရှိ ဒလိုင်းလားမား (၁၄) သည် အသက် ၉၀ ရှိနေပြီဖြစ်ရာ နောက်ထပ် အစဉ်အလာဒလိုင်းလားမားထပ်မရှိတော့စေလိုပေ။ ဒလိုင်းလားမားဆက်ရှိနေသရွေ့ တိဗက်ပြည်သူများကို မဟာယနဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်ခြင်းမှ ဖြတ်တောက်ရန် ခက်ခဲဦးမည် ကို ရှီ သိနေသည်။ တိဗက်လူမျိုးများသည် ထူးခြားသော ဝိသေသလက္ခဏာများရှိသည့် ဘာသာရေးအဖွဲ့ အစည်းတစ်ခုဖြစ်သောကြောင့်ပင်ဖြစ်သည်။
၁၆၄၄ ခုနှစ်မှ ၁၉၁၂ ခုနှစ်အထိရှိသော ချင်မင်းဆက် (မန်ချူးမင်းဆက်ဟုလည်း ခေါ်ဆို) လက်ထက် တွင် အင်ပါယာသည် ယခင် မင် မင်းဆက်လက်ထက်ကထက် ၃ ဆ ပိုကြီးများကျယ်ပြန့်ခဲ့သည်။ Melvyn C.Goldstein ရေးသားခဲ့သည့် ကြီးကျယ်ခမ်းနားသော လက်ရာ A History of Modern Tibet စာအုပ်တွင် “ တရုတ်ပြည်ကို မန်ချူးအုပ်ချုပ်တဲ့ ကာလတွေမှာ တိဗက်ဟာ မန်ချူးအုပ်ချုပ်ခံ အဖြစ် ရှိနေခဲ့တာ မေးခွန်းထုတ်ဖို့တောင်မလိုပါဘူး။ ဒါပေမဲ့ မန်ချူးကော်မရှင်နာတွေကနေတစ်ဆင့် Lhasa အစိုးရအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုက အနည်းငယ်ပဲရှိနိုင်တယ်။ ၁၇၉၃ ခုနှစ်က မန်ချူးအင်ပါယာ ခေတ် ဒလိုင်းလားမား (၁၃) ရွေးချယ်မှုမှာ တိဗက်ဓလေ့ဟောင်း မဲနှိုက်မှုရင်းမြစ် မပါဝင်ခဲ့ပါဘူး။ (ရှေ့ ဒလိုင်းလားမား အရိုးပြာအိုးကနေတစ်ဆင့် နောက်ဒလိုင်းလားမားရွေးချယ်မှု မူဟောင်းကို ဆိုလို) “ ဟု ဆိုခဲ့သည်။ ထို့ကြောင့်ပင် ယခုလို သမိုင်းဝင် ဓလေ့ထိန်းသိမ်းမှုစနစ်ပျက်သုဉ်းသွားခြင်းအား တရုတ်သည် အချုပ်အခြာအာဏာ ပျက်သုဉ်းခြင်းဟု တထစ်ချ လိုရာတွေးကာ တိဗက်အပေါ် တရုတ်အုပ်ချုပ်စိုးမိုးခွင့်ရရေး အပေါ် ကျေနပ်ဝမ်းမြောက်မှုကြီးတစ်ခုအဖြစ် ရှုမြင်အသုံးချတော့သည်။
၁၈ ရာစုအစောပိုင်းကာလများမှသည် မန်ချူးခေတ်ပြီးဆုံးခဲ့သော ၁၉၁၂ ခုနှစ်အထိ တိဗက် ကုန်ပြင်မြင်တွင် တရုတ်များစုစည်းနေထိုင်မှုများ ရှိခဲ့သည်။ မန်ချူးခေတ်ကုန်ဆုံးပြီးနောက် တိဗက်တွင် ဒလိုင်းလားမားအဆက်ပေါင်းက ၆ ဆက်သာရှိသည်။ ဒလိုင်းလားမား (၇) မှသည် (၁၂) အထိတွင် ရှေ့ ဒလိုင်းလားမားများ ချမှတ်ခဲ့သည့် ဒလိုင်းလားမားသစ်ရွေးချယ်ရေး စည်းမျဉ်းများနှင့်သာ ဆက်သွားခဲ့ သည်။ ကိုယ့်မြေပေါ်တွင် ကိုယ့် ခေါင်းဆောင်အား လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ကြသည်။ ထိုကာလများအတွင်း တိဗက်အပေါ် တရုတ်၏ ထိန်းချုပ်မှုဖြစ်စဉ်များသည် ၎င်းတို့ ပြောဆိုနေခြင်း လောက် အတိုင်းအတာမသွားဘဲ နိမိတ်ပုံသင်္ကေတများအသွင်လောက်သာ တာသွားသည်။ ၁၇၅၁ ခုနှစ် တွင် ဒလိုင်းလားမား (၇) သည် ယခင် တိုင်းပြည်စီမံအုပ်ချုပ်မှုစနစ်ကို ဒလိုင်းလားမားတစ်ဦးတည်းက သာ အခရာအကျဆုံးသော တစ်ကိုယ်တော် အာဏာရှိမှုစနစ် (Desi) မှသည် တိဗက်အစိုးရအဖွဲ့သစ် အား အသွင်ပြောင်းဖွဲ့စည်းစေကာ ဝန်ကြီးများနှင့်ကောင်စီစနစ်ဖြင့် မျှဝေအုပ်ချုပ်မှုစနစ် (Kashag) သို့ ပြောင်းလဲဖွဲ့စည်းပေးခဲ့သည်။ ၁၈၄၁ ခုနှစ်က တိဗက်သားများအချင်းချင်းကြားဖြစ်ပွားသည့် Dogra War စစ်ပွဲ၊ ၁၈၅၇ တွင် ဖြစ်ပွားသည့် နီပေါ စစ်ပွဲ၊ ၁၉၀၃-၀၄ အတွင်း ဗြတိသျှကျူးကျော်ဝင်ရောက်မှု ဖြစ်စဉ်များ ရှိခဲ့သည်။ ထိုကာလများတွင် တရုတ်၏ အထောက်အပံ့လုံး၀ မရှိ၊ မရယူခဲ့ပေ။ ၁၉၃၃ ခုနှစ် တွင် ပျံလွန်သည့် ဒလိုင်းလားမား (၁၃) လက်ထက်အထိ တိဗက်သည် ကိုယ်ပိုင် အချုပ်အခြာအာဏာ ပိုင် နိုင်ငံအဖြစ် လွတ်လပ်စွာရပ်တည်နိုင်ခဲ့သည်။ သို့သော် ၁၉၅၀ ပြည့်နှစ်တွင် တရုတ်ကွန်မြူနစ်များ ၏ ကျူးကျော်မှုကို စတင်ခံရပြီးနောက် အချုပ်အခြာအာဏာပိုင်သည့်အနေအထားကို လက်လွှတ် လိုက်ရသည်။ ဒလိုင်းလားမား အဖွဲ့အစည်း အပေါ် ၁၉၅၀ ပြည့်နှစ် စစ်ရေးအရ တရုတ်ကျူးကျော်မှု မလုပ်ခင်အထိ တိဗက်ဒေသအတွင်း တရုတ်၏ စွက်ဖက်မှုသည် အနည်းငယ်မျှသာ ရှိခဲ့သည်ဟို ဆိုရမည်ဖြစ်သည်။
၁၉၅၉ ခုနှစ်တွင် ဒလိုင်းလားမား (၁၄) ကို တရုတ်တို့ ဖမ်းဆီးရန် ကြိုးစားခဲ့ရာ အိန္ဒိယ သို့ ထွက်ပြေးခဲ့ရသည်။ ပြည်ပြေးဘ၀ရောက်သော်လည်း ဒလိုင်းလားမား (၁၄) သည်သာလျှင် တိဗက် ဘာသာရေးထုံတမ်းအစဉ်အလာနှင့် အုပ်ချုပ်မှုအာဏာအား ဆက်လက်လမ်းညွှန်နေခဲ့သည်။ ဒလိုင်းလားမား ထုံတမ်းအစဉ်အလာတွင် ဒုတိယဩဇာအကြီးမားဆုံးနှင့် အရေးအပါဆုံး Panchen Lama (၁၁) ကို တရုတ်အာဏာပိုင်များက မျိုးဆက်ပျက်သွားစေရန် ခိုးယူသွားခဲ့သည်။ ဒလိုင်းလားမား ပြန်ဝင်စားသူအဖြစ် Panchen Lama များကို အစဉ်အလာအရ လျာထားမှုသည် တိဗက်နိုင်ငံ၏ ရိုးရာ၊ ဓလေ့၊ ယုံကြည်မှု၊အုပ်ချုပ်မှုနှင့် ဘာသာရေးအစဉ်အလာကြီးဖြစ်သည်။ ထို့နောက် ၎င်းတို့ဘာသာ မွေးထားသည့် ဒလိုင်းလားမားနေရာဆက်ခံလိုသော Panchen Lama ကြိုးဆွဲရုပ်ကို တရုတ်တို့ အစားထိုးနိုင်ရန် အတင်းအကျပ် စီစဉ်နေခဲ့သည်။ သို့သော် တိဗက်တွင် ဒလိုင်းလားမား၏ လွှမ်းမိုးမှုနှင့် ဗုဒ္ဓအယူဝါဒအား ဖျက်ဆီးနိုင်ရန် တရုတ်၏ ကြိုးပမ်းမှုများသည် မအောင်မြင်နိုင်ခဲ့ပေ။
အာဏာရှင်အုပ်စိုးသူများအားလုံးမူအတိုင်းပင်။ တရုတ်ကွန်မြူနစ်ပါတီအတွက် ၎င်းတို့ဦးစားပေးသည့် ဟန်ယဉ်ကျေးမှုအစဉ်အလာသုံး မန်ဒရင်းဘာသာစကားသည်သာ အားလုံးအတွက် အဓိက ဘာသာဖြစ် စေရမည်ဟု အယူသီးကြသည်။ ၎င်းတို့နှင့်မသက်ဆိုင်သည့် မတူညီသည့် မည်သည့်ယဉ်ကျေးမှုကိုမဆို ခြိမ်းခြောက်မှုအဖြစ် ခံယူသည်။ ထို့ကြောင့် တိဗက်ကလေးငယ်များအား စာသင်ကျောင်းများတွင် ဟန်မျိုးနွယ်များ ဘ၀နေထိုင်ရှင်သန် ကျင့်ကြံမှုနည်းလမ်းများအတိုင်းစေရန် တိဗက်ဘာသာစကား များကို မျက်ကွယ်ပြုပြီး မန်ဒရင်းဘာသာစကားကြာခံသင်ကြားခြင်းဖြစ် ဇာစ်မြစ်များကို ဖျောက်ဖျက် နေသည်။
တိဗက်ပြည်သူများအား ဖိနှိပ်ချုပ်ခြယ်မှုပြီးမြောက်စေရေးအတွက် သမ္မတရှီကျင့်ဖျင်သည် ဘာသာရေး အယူဝါဒများဆိုသည်မှာ တရုတ်၏ ဝိသေသလက္ခာများသာလျှင် ဖြစ်လာစေရမည်ဟူသော အယူအဆ များကို အတင်းသွပ်သွင်းနေခြင်းဖြစ်သည်။ ယဉ်ကျေးသော စကားလုံးအဖြစ် ဘာသာသည် တရုတ်လူမျိုးသာ ဖြစ်သည်ဟု ရှီကျင့်ဖျင်က သုံးနှုန်းသည်။ သို့သော် နောက်ကွယ်မှ အဓိပ္ပါယ်မှာ မည်သည့်အရာဖြစ်မည်နည်း။
စက်တင်ဘာလတွင် တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို၏ အဖွဲ့လိုက်လေ့လာမှုအစည်းအဝေးကို သမ္မတရှီကိုယ်တိုင် ကြီးမှူးကျင်းပစဉ်က သူ၏ အတွေးအခေါ်ကို အောက်ပါအတိုင်း အကျယ်တဝင့် ပြောကြားခဲ့သည်။ ဘာသာရေးကိစ္စရပ်များကို ထိန်းချုပ်ရန်နှင့် ပိုမိုတင်းကျပ်သော ပြဋ္ဌာန်းချက်များကို ပြဋ္ဌာန်းရန် ဥပဒေများနှင့် စည်းမျဉ်းများထပ်မံထုတ်ပြန်ရန်၊ ဘာသာရေးနယ်ပယ်ရှိ ပဋိပက္ခများနှင့် ပြဿနာအမျိုးမျိုးကို စနစ်တကျကိုင်တွယ်ဖြေရှင်းရေး အခြေခံနည်းလမ်းမှာ ဥပဒေနှင့်အညီ ဘာသာရေးကိစ္စရပ်များကို စီမံခန့်ခွဲခြင်းဖြင့်သာ ထိန်းချုပ်ရမည်ဟု ပြောဆိုခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအား ကိုးကားပြီး တောင်တရုတ်မနက်ခင်းသတင်းစဉ်က ကောက်နုတ်ဖော်ပြခဲ့သည်။
တိဗက်နှင့်ပတ်သက်သည့် ရှီကျင့်ဖျင်၏ ပြဌာန်းမှုမှာ တရုတ်နိုင်ငံအတွင်း ကျင့်သုံးသည့် ဘာသာတရား တစ်ခုတည်းကသာ တိဗက်တွင်ပါ အမြစ်တွယ်မှ တရုတ်ယဉ်ကျေးမှုသည် ကျန်းမာသောနည်းလမ်းဖြင့် လက်ဆင့်ကမ်းခိုင်မြဲစေမည်ဟု လမ်းညွှန်ချက်ပေးနေခြင်းဖြစ်သည်။ တိဘက်ဘာသာသည် အိန္ဒိယတွင် မူလအစတည်သော နာလန္ဒဗုဒ္ဓဘာသာ အစဉ်အလာတွင် ခိုင်မာစွာ အမြစ်တွယ်နေသည်မှာ တရုတ်နိုင်ငံအတွက် စိတ်ပျက်စရာဖြစ်စေသည်။ တိဗက်လူမျိုးများအားလုံး လုံး၀တရုတ်လက်အောက် ခံများဖြစ်လာရေးအတွက် ရှီကျင့်ဖျင်သည် တိဗက်လူမျိုးအားလုံး၏ ဘ၀များကိုပါ အလုံးစုံ ထိန်းချုပ် လိုနေခြင်းဖြစ်သည်။ ချမှတ်ထားသော ဥပဒေများက ဒလိုင်းလားမားကို မိမိတို့တရုတ်အစိုးရက ကိုယ်တိုင်ရွေးချယ်ခြင်းဖြင့် တိဗက်လူမျိုးများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်အား ချိုးနှိမ်နိုင်ရေး အထူးပြုချမှတ်ထားခြင်းဖြစ်သည်။ ဒလိုင်းလားမား ပြန်လည်ဝင်စားခြင်းဆိုင်ရာ စည်းမျဉ်းများဟု ဆိုပြီးပင် ၂၀၀၇ ခုနှစ်က တရုတ်ဘာသာရေးဌာနက ပြဌာန်းထုတ်ပြန်မိတ်ဆက်ခဲ့သည်။ တရုတ်နိုင်ငံရှိ ဘာသာရေးဆိုင်ရာကိစ္စရပ်များအားလုံးသည် တရုတ်ဥပဒေများနှင့် ကိုက်ညီရမည်ဟု သမ္မတရှီက အလေးပေးပြောဆိုနေခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။
#MeKongNews








