~ လင်းမောင် ~
တရုတ်နိုင်ငံ၏နိုင်ငံခြားငွေအရန်ငွေသည် ဇူလိုင်လကုန်တွင် အမေရိကန်ဒေါ်လာ ၃ . ၂၉၂၂ ထရီလီယံသာရှိ တော့ပြီး ယခင်လကထက် ဒေါ်လာ ၂၅ . ၂ ဘီလီယံ ကျဆင်းသွားခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၀ .၇၆ ရာခိုင်နှုန်းကျဆင်းသွားခြင်းဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေသယောင် ရှိသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေသည် ပိုမိုနက်ရှိုင်းသော ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များကို အချက်ပြနေသည်။ အဆိုပါ ယုတ်လျော့ကျဆင်းခြင်းသည် စာရင်းအချက်အလက်ဆိုင်ရာ အတက်အကျကိုပြသခြင်းသက်သက်သာ မဟုတ်၊ နိုင်ငံတကာဝယ်လိုအားကျဆင်းခြင်း၊ ပြည်တွင်းစီးပွားရေးနှေးကွေးခြင်းနှင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) စီးပွားရေးမူဝါဒရွေးချယ်မှုများ၏ မလိုလားအပ်သော အကျိုးဆက်များကို ထင်ဟပ်စေသည်။
နိုင်ငံခြားငွေလဲလှယ်ရေး စီမံခန့်ခွဲမှု အစိုးရအဖွဲ့က ဇူလိုင်လအတွင်း နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း ကျဆင်းသွားခြင်းနှင့်ပိုင်ဆိုင်မှုတန်ကြေးများကျသွားခြင်းကို သတိပြုကြသော်လည်း အဆိုပါနောက် ဆက်တွဲ ဆိုးကျိုးများအဖြစ် မက်ခရိုစီးပွားရေးအချက်အလက်များပြောင်းလဲခြင်း၊ ငွေကြေးမူဝါဒဆိုင် ရာ မျှော်မှန်းချက်များအကြား ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက်ကိုပါ မငြိမ်မသက်ဖြစ်စေသည်။ အမေရိကန် ဒေါ်လာစျေးနှုန်း အညွှန်းကိန်းအားကောင်းလာခြင်းက တရုတ်အရန် ရန်ပုံငွေတန်ဖိုးကို ပိုမိုကျဆင်း ထိခိုက်စေသည်။ ဒေါ်လာလက်ဝယ်ကိုင်ထားသူများအတွက် တန်ဖိုးတက်လာချိန်တွင် ဒေါ်လာမကိုင် ဆောင်ထားသူများအတွက် တန်ဖိုးကျဆင်းမှုများက ပိုမိုဆိုးရွားစေသည်။
ထိုနည်းပညာဆိုင်ရာ ရှင်းလင်းချက်များသည် ပိုမိုခက်ခဲသော အမှန်တရားကို ဖုံးကွယ်ထားသည်။ တရုတ်ကွန်မြူနစ်ပါတီ CCP ၏ မူဝါဒဆိုင်ရာပိုင်းက တုံးတိပုံစံဖြစ်နေသည်။ တရုတ်စီးပွားရေး မောင်းနှင်အားသည်လည်း ပွက်လောရိုက်နေရပြီဖြစ်သည်။
တရုတ်နိုင်ငံ၏ ပို့ကုန်ဖြင့်မောင်းနှင်သော စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးစံနှုန်းသည် နိုင်ငံတကာ၏ ဝယ်လိုအားကို အရမ်းကာရော မှီခိုထားသည်။ သို့သော်မကြာသေးမီကာလများအတွင်း ကမ္ဘာလုံးဆိုင်ရာတရုတ်ကုန်ပစ္စည်းများ သုံးစွဲမှု ဝယ်လိုအားသည် ကျဆင်းနေခဲ့သည်။ ကိုဗစ် ကပ်ဘေးအပြီး အနောက်နိုင်ငံများ၏ စီးပွားရေးသည် ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းမြင့်တက်မှုများ ဖြင့် နပန်းလုံးနေရသောကြောင်လည်း တရုတ်မှသွင်းကုန်များကို သိသိသာသာ လျှော့ချလိုက်ရခြင်းမှ ဆိုးကျိုးများပင်ဖြစ်သည်။ ထိုကြားထဲ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့နှင့်တရုတ်၏ ပထဝီနိုင်ငံရေး တင်းမာမှုများမှ စေ့ဆော်မှုများက တရုတ်၏ ပို့ကုန်ကွင်းဆက်များနှင့် ဝေးရာဆီ ပြေးထွက်ကုန်ကြသည်။
အဆိုပါ ပြည်ပမှ ဝယ်လိုအားကျဆင်းသွားခြင်းကြောင့် တရုတ်နိုင်ငံ၏ ထုတ်ကုန်ကဏ္ဍပိုင်း အကျပ်ရိုက်ရသည်။ စက်ရုံထုတ်ကုန်များ နှေးကွေးသွားသည်။ ပို့ဆောင်ရေးကွန်ရက်များ ပိန်လှီအား ပျော့သွားသည်။ ပို့ကုန်ဝင်ငွေအချိုးသည်လည်း ကျဆင်းသွားရသည်။ အဆိုပါ ရလဒ်များက တရုတ် အစိုးရ၏ ပြည်ပငွေလဲလှယ်မှုနှုန်းကို တိုက်ရိုက်ထိခိုက်စေခဲ့ခြင်းဖြစ်သည်။ ကုန်သွယ်မှုများ ကျဆင်းခြင်းအား တောင့်ခံနိုင်စေရန် ကြိုးစားရင်းမှာပင် ပို့ကုန်ကဏ္ဍနှေးကွေးလာခြင်းက နိုင်ငံတကာ ငွေလဲမှုအရန်ငွေ ပြန်ပြည့်လာစေရေး လုပ်ရကိုင်ရ ပိုခက်ခဲလာခဲ့သည်။
တရုတ်ပြည်တွင်း၌ စီးပွားရေးစိန်ခေါ်မှုများသည် နေရာစုံတွင် အပြိုင်ဖြစ်နေသည်။ အိမ်ခြံမြေစျေးကွက်ထိုးကျခြင်း၊ စားသုံးသူများ သုံးစွဲနိုင်မှုနှုန်း ကျဆင်းခြင်း၊ လူငယ်များအလုပ်လက်မဲ့ နှုန်း မြင့်တက်ခြင်းအတူ ပြည်သူ့ယုံကြည်မှုသည်လည်း ကဏ္ဍတိုင်း၌ ကျဆင်းသွားရသည်။ အဆိုပါအခြေအနေဆိုးများအပေါ် တရုတ်ကွန်မြူနစ်ပါတီ CCP ၏ တုံ့ပြန်မှုမှာ ကွဲရှလွယ်သော အပေါ်ယံမျှသာ ရှိသည်။ တရုတ်ပြည်သူ့ဘဏ် (PBoC) ကလည်း မဖြစ်စလောက်သော ထိန်းညှိပြောင်း လဲမှုများသာ လုပ်ဆောင်ပေးသည်။ ၉ လဆက်တိုက် ရွှေအပေါင်ထားရှိမှုကို မြှင့်တင်ခြင်းမှာ စနစ်တကျရှိခြင်းမဟုတ်ဘဲ ဟန်ပြသဘောသာ ဖြစ်စေသည်။
ပိုမိုနက်ရှိုင်းသော ပြဿနာမှာ တရုတ်ကွန်မြူနစ်ပါတီ CCP က ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုများ ကို လက်ခံရန် တုံ့ဆိုင်းနေခြင်းဖြစ်သည်။ ပြည်တွင်းစားသုံးမှုနှုန်း ပြန်မြင့်တက်စေရေး သို့မဟုတ် ပုဂ္ဂလိကလုပ်ငန်းများအပေါ် တင်းကြပ်ထားမှုများအား ဖြေလျှော့ပေးရေးတို့ကို လက်သင့်မခံခြင်းက ပြဿနာကို ပိုနက်ရှိုင်းစေသည်။ CCP သည် နိုင်ငံတော်ဦးဆောင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စည်းမျဉ်း စည်းကမ်းသတ်မှတ်မှုများအပေါ် ၂ ဆတိုးကာပင် ဖြိုခွင်းနေခဲ့သည်။ အထူးသဖြင့် နည်းပညာ လုပ်ငန်း များ၊ ပညာရေးထောက်ပံ့ကွင်းဆက်များ၊ အိမ်ခြံမြေဖော်ဆောင်လုပ်ငန်းများအားလုံးတွင် စည်းမျဉ်းများ ကို ပိုမိုတင်းကြပ်စွာ ချမှတ်ဖိနှိပ်လာသည်။ အဆိုပါ ထိန်းချုပ်မှုများကြောင့် ဆန်းသစ်တီထွင်မှုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပျက်ပြားစေတော့သည်။ ပြည်တွင်း စီးပွားရေး ယိုယွင်လာခြင်းနှင့် ဖိအားများ ထပ်တိုးပေးခြင်းများ ပေါင်းစပ်သွားသည့်အခါတွင် ပြည်တွင်းမောင်းနှင်မှုအား ပိုနည်းပါး အားလျောခြင်းနှင့် ပြည်ပ ဝယ်လိုအားများပါ ကျဆင်းရစမြဲဖြစ်သည်။ တရုတ်၏ စီးပွားရေးအခြေအနေသည် ပျက်စီးခြင်းကို ဖြစ်နေစေသည်။ ပြည်ပအရန်ငွေကျဆင်းခြင်းသည် သင်္ကေတတစ်ခုမျှသာဖြစ်ပြီး မူဝါဒပြတ်တောက်မှုက ရောဂါရင်းမြစ်ဖြစ်နေသည်။
PBoC သည် ဗျူဟာမြောက် မဏ္ဍိုင်တစ်ခုအဖြစ် ၉ လဆက်တိုက် ရွှေကိုသာ တိုးမြှင့်စုဆောင်း ခဲ့သည်။ ဘဏ်က ရွှေပိုစုဆောင်းခြင်းသည် ငွေကြေးမတည်ငြိမ်မှု၊ ပထဝိနိုင်ငံရေးဆိုင်ရာ အန္တရာယ်ကြုံတွေနေရ မှုများတွင် အကာအကွယ်ရနိုင်စေရန် စုဆောင်းခြင်းဟု အစဉ်အလာအရ ပြောနိုင်သည်။ ရွှေများကိုသာ တရုတ်က ပိုမိုစုဆောင်းနေရခြင်းက တည်ငြိမ်မှုပိုင်း၌ စိတ်ပူစရာအခြေအနေရောက်နေရသလို ဒေါ်လာဖြင့် အဓိက စျေးသတ်မှတ်သည့် ပိုင်ဆိုင်မှု ကဏ္ဍများနှင့် ကမ္ဘာ့ ဘဏ္ဍာရေးစနစ်အပေါ် လိုက်လျောညီတွေ မရှိနိုင်မှုကို သက်သေပြသခြင်းဖြစ်သည်။
အဆိုပါ အရွေ့သည် ယွမ်ငွေအပေါ် ယုံကြည်မှုကျဆင်းခြင်းဖြစ်အင်ကိုလည်း ရောင်ပြန်ဟပ်စေခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာကတည်းက ယွမ်ငွေကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာသုံးငွေကြေးဖြစ်စေ မည်ဟု ကြွေးကြော်နေခဲ့သော်လည်း ယွမ်သည် ယခုအထိ ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍ၌ အရာမရောက်နိုင်သေးပေ။ တရုတ်ကွန်မြူနစ်ပါတီ CCP ၏ အရင်းအနှီးထိန်းချုပ်မှုများနှင့် ပွင့်လင်း မြင်သာမရှိသော မူဝါဒများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှုပိုင်း တွင် အယုံအကြည်နည်းပါးက ရင်းနှီးမှုပိုင်းများ၌ အကန့်အသတ်ထားရှိကြကုန်သည်။သို့နှင့်ပင် ရွှေသည်သာ ပိုမိုဘေးကင်းသော လောင်းကြေးအသွင်ဆောင်လာပြီး စိတ်ချရသော စီးပွားရေးတိုးတက် မှုများကို အစားထိုးနိုင်ခြင်း မရှိတော့ပေ။
တရုတ် နိုင်ငံခြားအရန်ငွေ ကျုံသွားခြင်းမှာ တရုတ်နိုင်ငံနယ်မြေကိုပင် ကျော်လွန်သက်ရောက်စေတော့ သည်။ နှစ်ပေါင်းများစွာကတည်းက တရုတ်သည် ၎င်း၏ နိုင်ငံခြားအရန်ငွေများကို အသုံးချပြီး ပထဝီ နိုင်ငံရေး ဩဇာလွှမ်းမိုးမှုကို တည်ဆောက်ရန် ကြိုးစားနေခဲ့သည်။
မဟာမိတ်နိုင်ငံများ စီးပွားရေးတည် ငြိမ်ရေးကို ဖြစ်စေမည်ဆိုသော BRI ခါးပတ်လမ်းစီမံကိန်းကြီးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် ပုံအောသုံးစွဲပြီး ငွေဖြင့် ဩဇာအာဏာ ထူထောင်သည်။ ယခု နိုင်ငံခြားအရန်ငွေ ဆက်တိုက်ဆိုသလို နည်းပါးလာခြင်းသည် အဆိုပါ ရည်မှန်းချက်စီမံကိန်းကြီးများကိုလည်း ထိခိုက်စေ မည်ဖြစ်သည်။ အဆိုပါ စီမံကိန်းကြီးများမှ ပြန်လည်ဆုတ်ခွာရန်နှင့် ၎င်းတို့ချမှတ်ထားသော ကမ္ဘာ့ဗျူဟာကြီးတစ်ရပ်လုံးကိုပါ ပြန်လည် ပြင်ဆန်သတ်မှတ်ရရန် ဖိအားကြီးမားလာစေသည်။
ထို့ထက်ပိုဆိုးသည်က တရုတ်၏ နိုင်ငံခြားအရန်ငွေကျုံ့သွားခြင်းသည် နိုင်ငံတကာစျေးကွက်ကိုပါ ထိခိုက်သက်ရောက်စေသည်။ တရုတ်နိုင်ငံ၏ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသော စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှုမရှိခြင်းများအပေါ် ရင်းနှီးမြှုပ်နှံသူများက ဘဝင်မကျခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ရာ ပိုမိုနက်ရှိုင်းသော မတည်ငြိမ်မှုများကို ဆက်လက်ဖြစ်ပေါ်စေ ခြင်းဖြစ်သည်။
CCP သည် လမ်းဆုံးတွင် ရပ်နေဆဲဖြစ်သည်။ အမျိုးသားရေးဝါဒီစကားလုံးများ၊ အကျိုးမဲ့သော အပေါ်ယံမူဝါဒများဖြင့် စီးပွားရေးကျဆင်းနေမှုကို ဖုံးကွယ်ထားသည်။ ပိုမိုနက်နဲသော ဖွဲ့စည်းပုံဆိုင်ရာ ချို့ယွင်းချက်များကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဆိုးရွားစွာ ထိခိုက်စေပြီဖြစ်သည်။ ပြည်တွင်းစားသုံးမှုကဏ္ဍ ပြန်လည် သက်ဝင်လာရန်၊ စည်းမျဉ်းကန့်သတ်ချက်များအား ဖြေလျှော့ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို အားပေးအားမြှောက်ပြုရန်၊ အနောက်နိုင်ငံ စျေးကွက်များအပေါ်သာ မှီခိုအားထားနေမှုများအား လျှော့ချနိုင်ရေး ကုန်သွယ်မိတ်ဖက်များအပေါ် ကွဲပြားစွာဆက်ဆံမှုများ မလုပ်တော့ဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်၊ ယွမ်ငွေစျေးနှုန်း တည်ငြိမ်စေရန် အဓိပ္ပါယ်ပြည့်၀ကောင်းမွန်သော ပြုပြင်ပြောင်းလဲမှုများ ချမှတ်လုပ်ဆောင်မှ ဖြစ်တော့မည်ဖြစ်သည်။
သို့ရာတွင် CCP သည် နိုင်ငံရေးရဲရင်မှု၊ အတွေးအခေါ်ဆိုင်ရာလိုက်လျောညီထွေရှိမှုများနှင့်ပြောင်းလဲ ရမည့် ခြေလှမ်းများကို တားဆီးငြင်ဆန်နေခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။ ဒီလူများဖြင့်သာ အစိုးရအုပ်ချုပ်မှုစနစ် သံသရာစက်ဝန်းလည်နေခြင်း၊ စီးပွားရေးလက်တွေ့ကျမှုအပေါ် ကိုင်တွယ်ရာ တွင်လည်း တင်းကျပ်သော ထိန်းချုပ်မှုများဖြင့်သာ ကျင့်သုံးနေခြင်းများကြားတွင် တရုတ်နိုင်ငံကြီး ပိတ်မိနေခြင်းဖြစ်သည်။
နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၂၅ . ၂ ဘီလီယံ ယုတ်လျောကျဆင်းသွားခြင်းသည် အန္တရာယ်အချက်ပေးသံ မြည်ဟီးစေသော သီးခြားဖြစ်စဉ် တစ်ခုသက်သက်မဟုတ်သေးပေ။ မူဝါဒဆိုင်ရာချိုးယွင်းချက်များ တည်ရှိနေခြင်း၊ ကမ္ဘာလုံးဆိုင်ရာနှင့် ပြည်တွင်းရေးဆိုင်ရာ တုံ့ဆိုင်းမှုများကိုပါ ဖြစ်တည်စေသည်။ CCP သည် ပြန်လည် စဉ်းစားချင့်ချိန်နိုင်စွမ်းမရှိပါက တရုတ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေယုတ်လျော့ခြင်းသည် ယာယီမဖြစ်နိုင်တော့ဘဲ စီးပွားရေးတောင့်ခံနိုင်စွမ်း၊ ကမ္ဘာ့စီးပွားရေးမဟာအင်အားကြီးနိုင်ငံဖြစ်နိုင်စွမ်း များ ရေရှည်ထိခိုက်တိုက်စားခံရမည့် ခြိမ်းခြောက်မှုများကို ဖြစ်တည်စေမည်ဖြစ်သည်။
#MeKongNews








