~ လင်းမောင် ~
ပေကျင်းမြို့ကြီးတွင် လစ်သီယံညစ်ညမ်းမှုဆိုးရွားစွာ တိုးမြင့်လာခြင်းအပေါ် ကျန်းမာရေးကျွမ်းကျင်သူ များနှင့်သဘာ၀ပတ်ဝန်းကျင်လေ့လာသုံးသပ်သူများအကြား စိုးရိမ်မှုလည်း အထူးမြင့်တက်လာသည်။ စနစ်တကျ ခိုင်လုံစွာ လေ့လာမှုတစ်ရပ်အရ ကိုယ်ဝန်ဆောင်အမျိုး သမီးများနှင့် မွေးကင်းစကလေးငယ်များသွေးအတွင်း လစ်သီယံအိုင်ယွန်းဓာတ်များပါဝင်မှု ပမာဏသည် တရုတ်ပြည်၏ အဓိက စီးပွားရေးဖြစ်လာသော လစ်သီယံအဆောက်အအုံအဝန်းအဝိုင်းအပေါ် မေးခွန်းထုတ်စရာများလည်း ဖြစ်လာသည်။ သွေးအတွင်းအဆိုပါ လစ်သီယံအိုင်းယွန်းဓာတ်ပါဝင်မှု ယခုလောက်များပြားနေခြင်းသည် အာရုံကြောပိုင်းဆိုင်ရာ အဆိပ်သင့်နိုင်မှုအတွက် စိုးရိမ်ရည်အမှတ်ရောက်သလို သိုင်းရွိုက်ဖွဲ့စည်းပုံ မူမမှန်ခြင်း၊ သန္ဓေသားဖွံ့ဖြိုးမှုကို ပျက်ယွင်းစေခြင်း အခြေအနေများမှာ ၁၇၀ ရာခိုင်နှုန်းအထိ သေချာစေနိုင်သည့် အဆင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ ဆင်ဆာစနစ်ကြောင့် တိကျသည့် လစ်သီယံဆိုးကျိုးကို အတိအကျ ဖော်ပြခွင့်မရကြသော်လည်း နိုင်ငံစီးပွားရေးလောဘကြောင့် လစ်သီယံဘက်ထရီများ အလွန်အကျူးထုတ်လုပ်ခြင်းမှ ဘေးထွက် စွန့်ပစ်ညစ်ညမ်းမှုများ၊ စက်ရုံများ၏ ပြန်လည်အသုံးချခြင်းနည်းပညာဘေးမကင်းမှုများကြောင့် ပေကျင်းတစ်မြို့လုံးတွင် လစ်သီယံ အဆိပ်သင့်မှုကို အများအပြား ခံစားနေရပြီဟု သတင်းများ ခိုင်ခိုင်မာမာ ထွက်ပေါ်နေပြီဖြစ်သည်။ တရုတ် အစိုးရကမူ ထိုကြီးမားလှသည့် အန္တရာယ်ကြီးအပေါ် သတင်းမှောင်ချ၊ ဖိနှိပ်ဖုံးကွယ်ခြင်းများသာ လုပ်ဆောင်နေရာ ကျွမ်းကျင်သူများက လစ်သီယံအန္တရာယ်သည် မကြာမီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျံ့နှံ့ ကပ်ဆိုက်လာမည်ကို အထူး စိုးရိမ်နေကြပြီဖြစ်သည်။ ပြည်သူတစ်ရပ်လုံးကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတော့မည်ဖြစ်သလို တရုတ်အစိုးရ ရည်မှန်းထားသော စွမ်းအင်ကင်းစင် အနာဂတ် စီမံကိန်းကိုလည်း ထိခိုက်ပျက်ပြားစေရန် တာစူနေပြီဖြစ်သည်။
တရုတ်သုတေသနပညာရှင်များစွာ စုဖွဲ့ကာ စစ်ဆေးလေ့လာမှုအရ ပေကျင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မွေးကင်းစကလေးငယ်များ သွေးအတွင်း လစ်သီယံ အိုင်းယွန်းဓာတ်များပါဝင်မှုသည် အန္တရာယ်အချက်ပေးခေါင်းလောင်းသံမည်သည့် အဆင့်ကို ကျော် လွန်ရောက်ရှိနေကြောင်း အဖြေထွက်ပေါ်ခဲ့သည်။ ပြည်သူ့ကျန်းမာရေးနှင့်သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှုအနေအထားမှာ စိုးရိမ်ရည်အဆင့် ရောက်နေပြီဖြစ်သည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အမေရိကန်ဓာတုဗေဒအသင်းမှ ထုတ်ပြန်သော ဂေဟဗေဒပညာနှင့် သဘာ၀ပတ်ဝန်းကျင် ဘေးကင်းရေး စစ်တမ်း၌ ပေကျင်းတွင် တွေ့ရှိရသော လစ်သီယံပါဝင်မှုအဆင့်သည် တခြားသော တရုတ်စက်မှုမြို့တော်များထက် အဆ ၂၀ ကျော်လွန်နေ ကြောင်း၊ ချန်းရှာမြို့တွင် အဆ ၄၀ ကျော်အထိ များပြားနေကြောင်း၊ လူသားဘေးကင်းလုံခြုံမှု အဆင့်ထက် သွေးတွင်း တစ်လီတာ ၁၀ မိုက်ခရိုဂရမ် (၁၇၀ ရာခိုင်နှုန်း) အထိ ပိုများနေပြီး ကျန်းမာရေး ကို ဆိုးရွားစွာအဆိပ်သင့်စေကာ အန္တရာယ်များသောအဆင့်ရောက်နေကြောင်း၊ ထိုအကျိုးသက်ရောက်မှုများက လူသား အာရုံကြောစနစ်ကို ပျက်စီးခြင်း၊ သိုင်းရွိုက် မူမမှန်လုပ်ဆောင်ခြင်းနှင့်သန္ဓေသားဖွံ့ဖြိုးမှုကို ချို့ယွင်းစေခြင်းများ ဖြစ်ပွားစေသည်ဟု ကောက်ချက်ချခဲ့သည်။
Chinese Academy of Sciences မှ ပရော်ဖက်ဆာ Hu Long ဦးဆောင်သည့် ယခုသုတေသန လုပ်ငန်းကို ၂၀၁၉ နှင့် ၂၀၂၃ ခုနှစ်ကြားတွင် စစ်တမ်းကောက်ခံလေ့လာခြင်းဖြစ်ပြီး ပေကျင်းမှ ပင်ကိုယ် ကျန်းမာကြံ့ခိုင်သော ကိုယ်ဝန်ဆောင် ၉၆ ဦး၊ ချန်းရှာမှ ၂၉၇ ဦးကို စေ့စပ်စွာလေ့လာမှတ်တမ်းယူခဲ့ခြင်း ဖြစ်သည်။ လေ့လာသူများက မိခင်လောင်းများထံမှ သွေးပြန်ကြော သွေးနမူနာများနှင့် မွေးကင်းစ ကလေးဆီမှ သွေးများကို နမူနာယူခြင်းများ ပြုလုပ်ခဲ့သည်။၂၀၂၃ ခုနှစ် စစ်ဆေးမှုတွင် ပေကျင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၌ လစ်သီယံသွေးတွင်းပါဝင်မှုသည် ပျမ်းမျှ တစ်လီတာလျှင် ၂၇ . ၃၁ မိုက်ခရိုဂရမ်ပါဝင်နေကြောင်း တွေ့ရသည်။ ၂၀၁၉ ခုနှစ်က စစ်တမ်း ၁၃ . ၀၅ မက်ခရိုဂရမ်နှုန်းမှ ၂ ဆ ကျော်ပိုများနေသည်ကို တွေ့ရသည်။ ၂၀၂၁ စစ်တမ်းတွင်မူ တစ်လီတာ ၁၁ . ၂၃ မက်ခရိုဂရမ်နှုန်းသာ ရှိခဲ့ရာမှ လွန်စွာ လစ်သီယံဓာတ် တိုးပွားလာခြင်းဖြစ်သည်။ ချန်းရှာမြို့တွင်မူ သွေးတွင်း ပျမ်းမျှ လစ်သီယံပါဝင်မှုသည် ၂၀၂၁ ခုနှစ်တွင် ၀ . ၆၁ မက်ခရိုဂရမ်သာ ရှိသည်။
ချန်းရှာတွင် ကိုယ်ဝန်ဆောင်များသွေးတွင်း လစ်သီယံပါဝင်မှုနှုန်းသည် ဟင်းသီးဟင်းရွက်၊ အစားအသောက်များမှသာ အဓိက စိမ့်ဝင်ခြင်းဖြစ်ကာ လစ်သီယံဘက်ထရီ အများဆုံးထုတ်ရာ မြို့တော် ပေကျင်းမှ ကိုယ်ဝန်ဆောင်များသွေးတွင်း လစ်သီယံပါဝင်မှုနှုန်း၌ ၉၆ ရာခိုင်နှုန်းသည် အစားအသောက်များ၊ ရေးနှင့် လေမှစိမ့်ဝင်ခြင်းနှင့်မသက်ဆိုင်ဘဲ ပျံ့နှံ့ပျော်ဝင်ခြင်းဖြစ်နေသည်။ ပေကျင်းတွင် လစ်သီယံ ပျံ့နှံ့စိမ့်ဝင်ခြင်းအကြောင်းတရားမှာ လစ်သီယံ ဘက်ထရီထုတ်လုပ်မှုစက်ရုံများမှ အမျိုးမျိုးသော ညစ်ညမ်းပျံ့နှံ့မှုမှ စိမ့်ဝင်ခြင်းဖြစ်နေသည်။ ပေကျင်းသည် မြောက်များလှစွာသော ဘက်ထရီ သုတေသနလုပ်ငန်းများ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များစွာ၏ အိမ်ရာဖြစ်လာသည်။ ၂၀၂၄ တွင် အသစ် ထုတ်လုပ်ရာ solid-state battery စက်ရုံများလည်း မှိုလိုပေါက်လာသည်။ လျှပ်စစ်ကားများအတွက်၊ လျှပ်စစ်ပစ္စည်မျိုးစုံအတွက် ကမ္ဘာတစ်ဝန်းမှ လိုအပ်သော ဘက်ထရီများကို ဝယ်ယူတင်သွင်းရာ အရပ် သည် ပေကျင်းဖြစ်လာသည်။ စနစ်မကျသော စွန်ပစ်မှုများမှသည် မျိုးစုံသော လစ်သီယံအဆိပ်သင့်မှု များက လူသားများသွေးတွင်း အများအပြား စိမ့်ဝင်ကုန်တော့သည်။ အွန်လိုင်းပေါ်တွင် တရုတ်နိုင်ငံ၏ ညံ့ဖျင်းသော ဘက်ထရီပြန်လည်အသုံးပြုမှုစနစ် တရားခံဖြစ်သည်ဟု ဆိုကြသည်။ ဥရောပသမဂ္ဂနယ်ပယ်အတွင်း သတ်မှတ်ထားသော ဘက်ထရီ ပြန်လည်အသုံးပြုခြင်းနှုန်းနှင့် မတူညီပေ။ အီးယူက ၂၀၃၀ ခုနှစ်တွင် ဘက်ထရီ ပြန်လည်အသုံးပြုမှုနှုန်းကို ၇၀ ရာခိုင်နှုန်းပြဌာန်ထားသော်လည်း တရုတ်နိုင်ငံ၏ ပြန်လည်အသုံးပြုမှုနှုန်းမှာ ၂၀ ရာခိုင်နှုန်း အောက်သာ ရှိသေးသည်။ မိုဘိုင်းလ်ဖုန်းများ၊ လျှပ်စစ်စက်ဘီးများနှင့် လျှပ်စစ်ကားများမှ စွန့်ပစ်လိုက်သော လစ်သီယမ်ဘက်ထရီများကို မသင့်လျော်စွာ စွန့်ပစ်ခြင်းသည် ဘေဂျင်း၏ မြေအောက်ရေကို ညစ်ညမ်းစေခဲ့သည်၊၊ မြို့တော်၏ ကာလရှည်ကြာ အမှိုက်စုဆောင်းမှု အကျပ်အတည်းနှင့် ပေါင်းစပ်ထားသော အကြီးစား ပြဿနာ ကပ်ဆိုးအသွင်ဆောင်လာပြီဖြစ်သည်။
၂၀၂၅ ခုနှစ်မတ်လ ၅ ရက် တောင်တရုတ်ပင်လယ် နံနက်ခင်းသတင်း (South China Morning Post) တွင် ဖော်ပြလာမှုအရ အဆိုပါကပ်ဆိုးအရေး တရုတ်အစိုးရ၏ တုံ့ပြန်ပုံမှာ ဝေဖန်မှုများစွာနှင့် ကြုံနေရ ကြောင်း ပါရှိပြန်သည်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပင် ထိုကပ်ဆိုးအရေး လေ့လာသုံးသပ်မှု များကို တရုတ်အစိုးရက ဆင်ဆာဖြတ်တောက်ပိတ်ပင်မှုများ တင်ကြပ်စွာပြုလုပ်ခဲ့သည်ဟုဆိုသည်။ တရုတ်၏ Google ကဲ့သို့သော ဗားရှင်း Baidu တွင် အဆိုပါအရေး ရှာဖွေမှုများကို ရလဒ်လုံး၀ ပေးမထွက်ဘဲ ပိတ်ပင်ခဲ့သလို Chinese Academy of Sciences ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပြီးသား လေ့လာမှု စစ်တမ်းသည်လည်း ဖယ်ရှားခံလိုက်ရသည်။ ပြည်မကြီးအခြေစိုက် ဝက်ဘ်ဆိုင်ခွဲများတွင် အဆိုပါပြဿနာကို အတိုချုံးဖော်ပြခဲ့သော်လည်း စာမျက်နှာအများအပြားသည် အော့ဖ်လိုင်းတွင် လျင်မြန်စွာ ဖယ်ရှားခံခဲ့ရပြီး ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုကို လူအများသတိမထားမိစေရန် စီစဉ်ခဲ့သည်။ ထိုသို့ တရုတ်ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်များတွင် လစ်သီယံ ကပ်ဘေးကို ဆင်ဆာ ပိတ်ဆို့တားမြစ်သော်လည်း နိုင်ငံတကာသုံးလူမှုကွန်ရက်များ (အထူးသဖြင့် X ပလက်ဖောင်း)တွင် တရုတ်နိုင်ငံ၏ လီသီယမ်စက်မှုလုပ်ငန်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြိုလဲမှုကို အချေအတင်ဆွေးနွေးနေကြကာစိုးရိမ်မှု မြင့်တက်နေဆဲဖြစ်သည်။
ကျွမ်းကျင်ပညာရှင်များက ပေကျင်းတွင် လစ်သီယံညစ်ညမ်းမှုသည် အကန့်အသတ်မရှိသည်အထိ အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သတိပေးထားသလို ဒေသတွင်းမှ တရုတ်၏ အကြီးစားသတ္တုတွင်း လုပ်ငန်းများ၊ ဘက်ထရီထုတ်လုပ်မှုလုပ်ငန်းများကြောင့် အဆိုပါဒေသများလည်း အလားတူ အန္တရာယ် ရှိနိုင်သည်ကို တပ်လှန့်သတိပေးမှုများ ပြုလုပ်လာကြရသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံး လစ်သီယံဘက်ထရီထုတ်လုပ်ရာ နိုင်ငံဖြစ်ပြီး ကမ္ဘာ့စျေးကွက်တစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်းကို တင်သွင်း နေသည့် နိုင်ငံလည်းဖြစ်သည်။ ၂၀၁၉ ခုနှစ်က လစ်သီယံဘက်ထရီ အဓိက ထုတ်လုပ်မှုမှာ သန်းအနည်း ငယ်မျှသာရှိရာမှ ၂၀၂၃ ခုနှစ်တွင် လစ်သီယံ ဘက်ထရီသန်း ၂၀ ကျော်အထိ အမြောက်အများ ထုတ်လုပ်ကာ လျှပ်စစ်ကားများစွာကိုလည်း အလုံးအရင်းထုတ်လုပ်နေခြင်း၏ နောက်ဆက်တွဲ ကပ်ဘေးကို ရင်ဆိုင် နေရခြင်းဖြစ်သည်။
ယခုလို စိမ်းလန်းသဘာ၀စွမ်းအင်များ အများအပြားထုတ်လုပ်မှုသည် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်း ရေးကုန်ကျစားရိတ်ကို များစွာပြန်လည် အဖိုးအခများစေသည့်အပြင် ချင်းဟိုင်နှင့် တိဗက်ကဲ့သို့သော ဒေသများတွင် လစ်သီယံမိုင်းတွင်းများစွာတည်ရှိလာခြင်းကြောင့် ဂေဟစနစ်ပျက်စီးမှုများလည်း ဆိုးရွားစွာတည်ရှိလာပြီဟု သုတေသီများက မှတ်တမ်းတင် ထုတ်ပြန်နေကြသည်။ အဆိုပါဒေသများ တွင် ရေထုညစ်ညမ်းမှုများနှင့် ပျက်စီးနေသော ဂေဟစနစ်များအပါအဝင် ပျက်စီးမှုများစွာကို ဒေသဆိုင်ရာ အာဏာပိုင်များကလည်း ဖုံးကွယ်နေကြသည်။
လက်ရှိ ခေတ်စနစ်အရ ၂၀၄၀ ပြည့်နှစ်တွင် လစ်သီယံစီမံကိန်းလိုအပ်ချက်သည် နောက်ထပ် ၁၃ ဆ တိုးမြင့်လာဦးမည်ဟု ခန့်မှန်းထားကြသည်။ လက်ရှိ သဘာ၀ပတ်ဝန်းကျင် ညစ်ညမ်း၊ ဂေဟစနစ်ပျက် စီးမှုများကို အားချင်း အသိဝင်ပြီး တိုင်းတာဖြေရှင်းမှုများမလုပ်နိုင်ပါက တရုတ်၏ သန့်ရှင်းသော စွမ်းအင်အနာဂတ် မဟာဗျူဟာစီမံကိန်းဆိုသည်မှာ ဖြစ်လာနိုင်စရာရှိတော့မည်မဟုတ်ပေ။ တရုတ်နိုင်ငံသည် ၎င်း၏ လစ်သီယမ်စွမ်းအင်သုံး အနာဂတ်အပေါ် လျှို့ဝှက်ခြင်းအကျိုးဆက်များနှင့်အတူခက်ခဲစွာ ရုန်းကန်နေချိန်တွင် အနာဂတ်မျိုးဆက်များ၏ ကျန်းမာ ကြံခိုင်ရေးမှာလည်း ထပ်တူ ဆိုးကျိုးများနှင့် ရုန်းကန်ရမည်သာဖြစ်သည်။
လစ်သီယံညစ်ညမ်းမှု ပေကျင်းတွင် မြင့်သထက် မြင့်တက်လာခြင်းသည် မိခင်နှင့်ကလေးကျန်းမာရေး၊ အာရုံကြောဆိုင်ရာနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အန္တရာယ်များ စိုးရိမ်ဖွယ်ရာအဆင့်တွင်ရှိလာစေပြီဖြစ်သည်။ သိပ္ပံပညာဆိုင်ရာပညာရှင်များ၏ စိုးရိမ်ပူပန်မှုများ တိုးလာနေသော်လည်း ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းနှင့် အစိုးရ၏ ဖိနှိပ်မှုကြောင့် ကပ်ဘေးအကျပ်အတည်းကို နိုင်ငံသားများအား သတိမပြုမိဘဲ ခံစားနေရခြင်းတွင် တရုတ်၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ခံမှုရှိရေးမှာ မျှော်မှန်းမရနိုင်သည့်အဆင့်ဖြစ်နေသည်။
လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ညစ်ညမ်းမှု အရင်း အမြစ်များသည် ပတ်ဝန်းကျင်တစ်ခုလုံးပျံ့နှံ့တည်ရှိလာနေခြင်းမှသည် နိုင်ငံတစ်ဝန်း ပျံ့နှံ့နိုင်သည့် အဆင့် ရောက်လာတော့မည်ဖြစ်သည်။ ညံ့ဖျင်းသော ဘက်ထရီ ပြန်လည်အသုံးချခြင်းစနစ်၊ သေချာ စစ်ဆေးမှုမရှိသော ဘက်ထရီထုတ်လုပ်မှုများနှင့်အတူ စက်မှုဆိုင်ရာအလေ့အကျင့်ဆိုးများသည် ပိုမို ဆိုးရွားနေပြီး စိုးရိမ်မှုများလည်း ပိုမိုမြင့်တက်လာနေရသည်။ သို့သော် တရုတ်နိုင်ငံသည် လစ်သီယံ စွမ်းအင်သုံးစီးပွားရေး အသာရမှုကို ရမက်လောဘ အတောမသတ်ဘဲ ထပ်မံမြှင့်တင်နေခြင်းသည် ဂေဟဗေဒစနစ်နှင့် လူသားရင်းမြစ်ထိခိုက်ပျက်စီးခြင်းသို့ ဆိုက်ရောက်စေကာ ကြီးမားလွန်းသည့် တန်ကြေးကို ပြန်ပေးနေရသည်။ ထို့ကြောင့် ချက်ချင်း ကြားဝင်ဖြေရှင်းပေးနိုင်ရန် လိုအပ်နေပါပြီ။ ပြတ်ပြတ်သားသားအရေးမယူနိုင်ခြင်းက ပေးဆပ်ရမှုကို ပိုများစေပါမည်။ နိုင်ငံ၏ သန့်ရှင်းသော စွမ်းအင်ရည်မှန်းချက်များ ထားရှိမှုမှာလည်း ယခုလို အရမ်းကာရော ဆက်လုပ်နေပါလျှင် ပြန်မရနိုင် တော့သော အဖြစ်သို့ ရောက်ရှိသည့်အပြင် ရေရှည် သဘာ၀ပတ်ဝန်းကျင် မတည်မြဲမှုနှင့် အနာဂတ် မျိုးဆက်များ၏ ဘ၀တည်တံ့နိုင်မှုကိုပါ ထိခိုက်စေမည်မှာ မလွဲဧကန်ဖြစ်ပေတော့မည်။
#MeKongNews








