~ လင်းမောင် ~
တရုတ်အစိုးရသည် နိုင်ငံ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်ကဏ္ဍကို အရှိန်တိုးမြှင့် ဆောင်ရွက်နေသော်လည်း သက်ကြီးရွယ်အိုနှုန်း အလျှင်အမြန်တိုးမြင့်လာခြင်း၊ မြို့ပြ ရွှေ့ပြောင်းနေနေင်မှု များပြားလာခြင်း၊ ကျွမ်းကျင်လုပ်သားများ ရှားပါးလာခြင်းကြောင့် ရည်မှန်းချက် ပြည့်မီရန် အဟန့်အတားများစွာ ဖြစ်တည်လာရပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ လူဦးရေသည်လည်း ၃ နှစ်ဆက်တိုက် ကျဆင်းလာကာ ၂၀၂၄ ခုနှစ် လူဦးရေ ၁.၄၀၈ ဘီလီယံထက် ၁.၃၉ ဘီလီယံ ထပ်မံလျော့ကျ သွားခဲ့ပြန်သည်။ ထိုအနေအထားများက တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ထွက်ကုန်ကဏ္ဍကို တိုက်ရိုက် ဆိုးကျိုးသက်ရောက်စေတော့သည်။
ထင်ရှားသည်မှာ တရုတ်နိုင်ငံသည် လယ်ယာသွင်းကုန်များအပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းနေသောကြောင့် ၂၀၂၅ ခုနှစ်တွင် စပါးအထွက်နှုန်း တန်ချိန် သန်း ၇၀၀ ထွက်ရှိရန် ရည်မှန်းထားသည်။ စားနပ်ရိက္ခာဖူလုံရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ထိရောက်သော လယ်ယာမြေစီမံခန့်ခွဲမှု၊ ပိုမိုကောင်းမွန်သော စိုက်ပျိုးရေးအာမခံ လွှမ်းခြုံမှုနှင့် ဇီဝနည်းပညာဆိုင်ရာ အပီလီကေးရှင်းများ မွေးစားအသုံးချမှုများလက်ခံကျင့်သုံးခြင်း အပါအဝင် အစီအမံများစွာချမှတ် လုပ်ဆောင်နေခဲ့သည်။ သို့သော် ချမှတ်ထားသည့် မဟာဗျူဟာ စီမံကိန်းများ ရည်မှန်းချက်ထမြောက်ရေးမှာမူ ကျွမ်းကျင်လုပ်သားလုံလောက်စွာ မရှိခြင်းကြောင့် အလုပ်မဖြစ်ပေ။ တရုတ်ပြည်၏ စိုက်ပျိုးရေးလုပ်သားများထဲ အဓိကအင်အားစုမှာ အသက်ကြီးသူများဖြစ်ကြသည်။ ပိုမိုအိုမင်းသော လူသားများ စိုက်ပျိုးရေးလောကတွင် ပိုမိုများပြားတိုးပွားလာသည်။ ၂၀၂၀ စစ်တမ်းတွင် စိုက်ပျိုးရေးလုပ်သား ၁၀ ရာခိုင်နှုန်းကသာ အသက် ၄၀ အောက်များအဖြစ် ရှိခဲ့သည်ကို တွေ့ရသည်။ ထိုစာရင်းမှာပင် တရားဝင်သန်းခေါင်းစာရင်းအရ သိရသော အချက်အလက်ဖြစ်ပြီး မျက်မှောက်ခေတ် ပိုမိုများပြားလာသော သက်ကြီးရွယ်အိုနှုန်းနှင့် လူဦးရေအကျပ်အတည်းကြောင့် ပိုပြီး လူငယ်စိုက်ပျိုးရေးလုပ်သား ရှားပါးသွားမည်မှာ အသေအချာပင်။
တရုတ်တွင် မွေးဖွားနှုန်းကျဆင်းလာသည်နှင့်အမျှ သက်ကြီးရွယ်အိုနှုန်းကလည်း တိုးသထက်တိုးလာ သည်။ လူဦးရေအားလုံး၏ ၁၀ . ၃ ရာခိုင်နှုန်းအထိက အသက် ၆၀ ကျော်များဖြစ်သည်။ ၂၀၂၁ ခုနှစ်က အသက် ၆၀ အထက် လူဦးရေသည် ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သေးသည်။ ထိုအနေအထားက စိုက်ပျိုးရေးကဏ္ဍ၏ လုပ်သားလိုအပ်ချက်ကို များစွာ ထိခိုက်စေသည်။ ၂၀၀၃ ခုနှစ်က စိုက်ပျိုးရေး လုပ်သားအားလုံး၏ ပျမ်းမျှအသက်သည် ၄၇ . ၂၅ နှစ်ရှိခဲ့ပြီး ၂၀၂၀ တွင် ၅၇ . ၃၄ နှစ်အထိ သက်ကြီးအင်အား တိုးပွားလာသည်။
တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းသည် အရင်းအနှီးနှင့် နည်းပညာကို အဓိကထား မြင့်တင်လုပ် ကိုင်နေချိန်တွင် လုပ်သားရှားပါးမှုသည် စိုက်ပျိုးရေးထုတ်လုပ်မှုကို ထိခိုက်စေသည်။ “အလုပ်သမား ရှားပါးမှုကြောင့် လုပ်သားစျေးနှုန်း မြင့်တက်လာပြီး လုပ်သားသွင်းအားစု ကုန်ကျစရိတ်များ မြင့်တက် လာကာ လယ်သမားများအတွက် စိုက်ပျိုးထုတ်လုပ်သည့် သွင်းအားစုများ၏ ကန့်သတ်ချက်များ ပိုမိုကျည်တည်းလာရပြီ” ဟု တရုတ်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီမှ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂလူဦးရေ ခန့်မှန်းချက်အရ တရုတ်တွင် အသက်ကြီးသူများနှုန်းသည် ၂၀၃၅ ခုနှစ်၌ စုစုပေါင်း လူဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ ၎င်းသည် စိုက်ပျိုးရေးထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများ ရှိနိုင်သည်။ “ကျေးလက်ဒေသများရှိ အသက်အရွယ်ကြီးရင့်မှုနှုန်းသည် မြို့ပြဒေသများထက် များစွာမြင့်မားနေပြီး စိုက်ပျိုးရေးလုပ်သားများ၏ အသက်အရွယ်ကြီးရင့်မှုသည် စိုက်ပျိုးရေးထုတ်လုပ်မှုအတွက် သိသာထင်ရှားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်” ဟု Tsinghua တက္ကသိုလ် ကျေးလက်လေ့လာရေးတက္ကသိုလ်မှ Chaozhu Li ဦးဆောင်သော တရုတ်ပညာရှင်များ၏ သုတေသနစာတမ်းတွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် သီးနှံသွင်းအထွက်တိုးရေး ခေတ်သစ် စိုက်ပျိုးရေးစနစ်များ အကူအညီဖြင့် လယ်ယာထွက်ကုန်ကို မြှင့်တင်နိုင်ရန်ရှိသော်လည်း ထိုသို့ လုပ်ဆောင်လျှင် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာရန်သာ ရှိသည်။ ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို အများအပြား အသုံးပြုခြင်းသည် မြေဆီလွှာပျက်စီးခြင်း၊ ရေထုညစ်ညမ်းခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ပျက်စီးစေကြောင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ လေ့လာမှုအရလည်း သိရသည်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် လယ်ယာထွက်ကုန် ထုတ်လုပ်မှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်ဟု ခန့်မှန်းထားကြောင်း Chaozhu Li ကဆိုသည်။
သက်ကြီးလုပ်သားအင်အားစုကိုသာ မှီခိုနေရခြင်းမှာ ခေတ်မီစိုက်ပျိုးရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန် ခက်ခဲစေသည် ဟု တရုတ်သုတေသီများက အခိုင်အမာဆိုသည်။ “သက်ကြီးရွယ်အို လုပ်သားအင်အား သက်တမ်းတိုးလာသည်နှင့်အမျှ ၎င်းတို့၏ ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာများ ဆက်လက် ကျဆင်းလာကာ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေ တဖြည်းဖြည်း ယိုယွင်းလာသည်နှင့်အမျှ စိုက်ပျိုးရေး ထုတ်လုပ်မှု လုပ်ငန်းများ ထုတ်ကုန်တိုးမြှင့်ခြင်းကျသထက် ကျလာမည်သာ ရှိသည်ဟု” ဟုလည်း ရေးသားထားသည်။
အခြားသော ပေကျင်းနှင့်ယန်လင်း အခြေစိုက် သုတေသနအဖွဲ့တစ်ခု၏ အစီရင်ခံစာတွင်လည်း ကျေးလက်မှ လူငယ်လုပ်သားများ မြို့ပြသို့ ရွှေ့ပြောင်းကြခြင်းကြောင့် ကျေးလက် စိုက်ပျိုးရေးလုပ်သားအင်အားစုတွင် သက်ကြီးရွယ်အိုများ အားထားရခြင်းနှုန်းက အလျှင်အမြန် ဆက် လက်များပြားလာသည်။ ငယ်ရွယ်သန်မာသော လုပ်သားများကို ကျေးလက် စိုက်ပျိုးရေးကဏ္ဍတွင် အများအပြားဆုံးရှုံးနေရခြင်းက စိုက်ပျိုးရေးကဏ္ဍကြီး တစ်ခုလုံးကို ပိုမိုကျဆင်းစေမည်မှာ အခိုင်အမာ ပင်ဖြစ်တော့သည်ဟုလည်း သုတေသီ Guifang Su က ထောက်ပြရေးသားထားသည်။
၁၉၉၀ ပြည့်လွန်နှစ်များမှစတင်ပြီး ဆယ်စုနှစ်အနည်းငယ်အတွင်း စက်မှုထွန်းကားမှု မြင့်တက်လာခြင်း ကြောင့် ကျေးလက်ဒေသမှ စိုက်ပျိုးရေးလုပ်သား လူငယ် သန်းပေါင်း ၂၈၀ ကျော်အထိ မြို့ပြ စက်မှု လုပ်ငန်းများကို ရွေးချယ်ရွှေ့ပြောင်းသွားကြသည်။ မြို့ပြများပေါ်တွင် ပိုမိုရရှိနိုင်သည့် စက်မှုလုပ်ငန်း များမှ ဝင်ငွေကြောင့် လယ်သမားများစွာသည် မိမိတို့ လယ်ယာမြေများကို စွန့်ပစ်ထားခဲ့ကြသည်။ ပေကျင်းမြို့ကြီးသည် ကမ္ဘာ့လူဦးရေ ၅ ပုံ ၁ ပုံကို စက်မှုလုပ်ငန်းများအခြေတည်ကာ တင်ကြွေးထားရ သည့် အဖြစ်အထိ ရောက်ရှိသွားစေတော့သည်။
တရုတ် သုတေသနာအဖွဲ့အစည်းတစ်ခုဖြစ်သည့် နန်ကျင်းစိုက်ပျိုးရေးတက္ကသိုလ်မှ Guangcheng Ren ဦးဆောင်သောအဖွဲ့ အစီရင်ခံစာတွင်လည်း ရှေ့ဆက်ပြီး လက်ကျန်လယ်သမားမိသားစုများထဲမှ လူငယ်များ မြို့ပြသို့ ထပ်မံ ပြောင်းရွှေ့ထွက်ခွာသွားဦးမည်ဆိုလျှင် ရာသီဥတုဖောက်ပြန်ခြင်း၊ အပင် ကြီးထွားဖြစ်ထွန်းနှုန်းကျဆင်းနေခြင်း၊ သဘာ၀ဘေးအန္တရာယ်များ ပိုမိုကျရောက်နေခြင်းကြောင့် အခက်ကြုံနေရသည့် တရုတ် စိုက်ပျိုးရေးကဏ္ဍ ခက်ခဲသထက် ပိုမို ခက်ခဲရန်သာ ရှိတော့ကြောင်း၊ စိုက်ပျိုးရေးလုပ်သားများ ရွှေ့ပြောင်းကြခြင်းသည် စိုက်ပျိုးရေးနည်းပညာ တတ်နိုင်စွမ်းကိုလည်း လျှော့ချစေသလို တစ်ဖက်တွင်လည်း လုပ်သားရှားပါးခြင်းက စိုက်ပျိုးရေး ထုတ်ကုန်ကဏ္ဍကိုလည်း ကျဆင်းစေမည်မှာ မလွဲဟု တင်ပြခဲ့သည်။
#MeKongNews








