~ လင်းမောင် ~
တရုတ်နိုင်ငံ စီးပွားပျက်နေမှုမှ တရုတ်ပြည်သူများ ငွေကြေးရင်းမြစ်လျော့နည်းလာခြင်းကြောင့် ကိုယ်တိုင်ထွက်ပေါက်ရှာလမ်းစဉ်အဖြစ် leftover mystery boxes ဟုခေါ်သော စားမကုန်၊ ရောင်းမကုန် အစားအသောက်ဗူးများ ဝယ်ယူစားသုံးမှု လူငယ်တွေအကြား ခေတ်စားနေခဲ့ပါပြီ။ ထိုအစဉ်အလာအား စတင်ရာ နိုင်ငံမှာ ဒိန်းမတ်ဖြစ်ပြီး အစားအသောက်ပိုလျှံမှုဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် Too Good to Go ဆိုသည့် အပလီ ကေးရှင်းမှတစ်ဆင့် စျေးနှုန်းအသက်သာဆုံး စားမကုန်၊ ရောင်းမကုန် အစားအသောက်ဗူးများ ရောင်းချခြင်းလှုပ်ရှားမှု လုပ်ဆောင်ခဲ့ရာမှ အနောက်နိုင်ငံများစွာမှာ ခေတ်စားလာခဲ့ခြင်း ဖြစ်ပါတယ်။
အတွေးအခေါ်ကတော့ ရောင်းမကုန်၊ ပိုလျှံအစားအသောက်များ၊ ထုတ်လုပ်သတ်မှတ်ရက် expiration date နီးကပ်စားသောက်ကုန်များ ပိုလျှံလွှင့်ပစ်ရခြင်း၊ မီးဖိုချောင် အမှိုက်ခြင်းများထဲ အလဟသ လွှင့်ပစ်ရခြင်းမျိုးတွေ လျှော့ချနိုင်ရေး ရည်ရွယ်ချက်ကောင်းကောင်းနှင့် စီမံ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ စားသုံးသူများ ငွေကြေးမလိုအပ်ဘဲ ပိုသုံးရခြင်းများကိုလည်း ကာကွယ်ပေးနိုင်ရေးအတွက် တီထွင်ခဲ့ကြသော လှုပ်ရှားမှုသည် ယခု တရုတ်နိုင်ငံအတွင်း စီးပွားကျဆင်းခြင်းနှင့်အတူ ရေပန်းစားသော၊ ခေတ်စားသော လှုပ်ရှားမှု အသွင်သစ် ဖြင့် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုသို့ တရုတ်နိုင်ငံ မြို့ကြီးများအနှံ့ စားမကုန်၊ ရောင်းမကုန်၊ ပိုလျှံ အစား အသောက်ဗူးများ စျေးနှုန်းချိုသာသော နေ့လည်စာ၊ ညစာများအဖြစ် ရောင်းခြမှု ခေတ်စားနေခြင်းသည် တရုတ် စီးပွားရေးမည်မျှ ကျဆင်းနေခြင်းကို ပြသလိုက်သည့် အညွှန်းကိန်းလက်တံလည်း ဖြစ်လာသည်။
မကြာသေးမီက ရှန်ဟိုင်းမြို့ ကော်ဖီဆိုင်အဝန်းအဝိုင်းတွင် leftover mystery boxes တစ်ဗူး ၁၀ ယွမ်းဖြင့် မိတ်ဆက်ရောင်းချလာသည်။ အလှည့်ကျရာဟင်လျာ၊ ကြက်သွန်ဖြူ၊ အားလူး၊ ကြက်သားမှုန့်အခဲများ ထည့်သွင်းရောင်းချခြင်းဖြစ်သည်။
စားချိန်လွန်ရောင်းချမှုဖြစ်သော်ငြား အဆိုပါ ကော်ဖီဆိုင်များမှ leftover mystery boxes များကို ဝယ်ယူပြီးပြန်နွှေးစားသူများဖြင့် ညည့်နက်သည်အထိ ဆိုင်များ စည်ကားနေသည်။ ကနဦး တစ်နေ့တာ မီနျူးများမှ ရောင်းမထွက်သော ဟင်းလျာ Package များထည့်သွင်းရောင်းချကြသည်။ ၁၀ ယွမ်အထိ စျေးလျော့ရောင်းချမှုများလည်း ရှိရာ အစားအသောက်အလေအလွင့်ဖြစ်မှုကို သိသာစွာ လျှော့ချနိုင် သလို ငွေကြေးမတတ်နိုင်သူများအဖို့ အခနည်းပါသည့် ငွေကြေးဖြင့် ဝမ်းစာ ဖြည့်နိုင်သည်။ သို့သော် အကန့် အသတ်ဖြင့်ရောင်းချပေခြင်းဖြစ်ရာ နောက်ကျ သည့်ခြေထောက် သစ္စာဖောက်မဟုတ်ဘဲ ရောင်းကုန်သွားသဖြင့် ညစာငတ်ကြသူများလည်း မနည်းမနောရှိသည်။ တချို့က နေ့လည်စာ ဗူများကို ဝယ်ယူထားပြီး ညစာကျမ နွှေးပြီး စားသောက်ခြင်းဖြင့် ငွေကြေးကုန်ကျမှုကို သက်သာရာရစေသည်။ ထို အစီအစဉ်များသည် မထင်မှတ်ဘဲ တရုတ်နိုင်ငံတစ်ဝန်း ခေတ်စားလွန်းလာခဲ့ပြီဖြစ်သည်။
ထို Trend က တစ်ဖက်တွင် တရုတ်၏ စီးပွားကျဆင်းခြင်းဆိုးရွားစွာ ဖြစ်တည်နေသည်ကို မီးမောင်း ထိုးပြသည်။ တရုတ်အစိုးရ၏ မအောင်မြင်သော မူဝါဒများက ပြည်သူများကို စျေးတစ်ပေါင်ကျိုး မကုန်စာများ စားသောက်ရခြင်းအဖြစ်သို့ ရောက်ရှိစေခဲ့ပြီဖြစ်သည်။
စီးပွားကျဆင်းခြင်းကို တရုတ်အစိုးရက ခြေခြေမြစ်မြစ် အတွင်းလှိုက် မဖြေရှင်းနိုင်သည်ကိုလည်း မြင်သာစေသည်။ ယာယီမျှသာ ဖြေရှင်းနိုင်သော မူဝါဒများကြောင့် တရုတ်စီးပွားရေးကျဆင်းခြင်းသည် နာတာရှည်ပိုဖြစ်လာသည်။ ပြည်သူများ ရှင်သန်နိုင်ရေးအတွက် leftover mystery boxes များက နိစ္စဓူ၀ အားထား စားသောက်ရာများဖြစ်လာသည်။ ယင်းမြင်ကွင်းများက တရုတ်နိုင်ငံ၏ စီးပွားရေးအခင်းအကျင်းဆိုးရွားသော ပုံရိပ်များကို ခြယ်မှုန်းပြသဖြင်းဖြစ်ကာ အစိုးရမူဝါဒနှင့် ပတ်သက်ပြီး လေးနက်သော မေးခွန်းထုတ်စရာများ ပိုမိုတိုးပွားလာသည်။
ရှန်ဇန်းတွင် ပုံမှန်ပင်လယ်စားဘူဖေး တစ်ပွဲအတွက် အနည်းဆုံး ပေးရငွေသည် ယွမ် ၂၀၀ (၂၇ ဒေါ်လာ) ရှိသည်။ လောင်းဟွာရှိ ကြယ် ၅ ပွင့်အဆင့် ဟိုတယ်များစွာတွင် leftover mystery box buffet ဘောင်ဂျာတစ်စောင် လျှင် ၇၉ ယွမ်ဖြင့်သာ ရောင်းချလာကြသည်။
မြို့များစွာမှ ကြယ်ပွင့်အဆင့်သတ်မှတ်ခံ ဟိုတယ်များစွာတွင် တည်းခိုနေထိုင်သူမဟုတ်သော ပြင်ပလူများအတွက် မရှိဆင်းရဲသားများတတ်နိုင်သည့် နံနက်စာတစ်နပ်ကို စျေး နှုန်းချိုသာစွာဖြင့် ဗူးထဲထည့်ရောင်းချလာကြသည်။ တချို့သော ဟိုတယ်များတွင် မနက်စာ ဗူးများကို ၉.၉ ယွမ် အထိ စျေးလျော့ရောင်းချလာသည်။ စားသုံးသူများ သုံးစွဲနိုင်ခြင်း လွန်စွာ လျှော့နည်းလာခြင်းသည် ယခုလို ရောင်းမကုန်၊ စားမကုန် အစားအစာဗူးများ အရောင်းသွက်ခြင်းကို ဖြစ်တည်လာစေခြင်းပင်။ အောင်မြင်သော ဟိုတယ်ကြီးများပင်လျှင် ပြင်ပနေသူများ စားသောက်နိုင်ရေး ညာစာနှင့် ညည့်လွန်စာများကို ဘူဖေးဘောက်ချာ များဖြင့် ဗူးသွပ်ရောင်းချမှု လုပ်ငန်းသစ်များ ချဲ့တွင်လာရသည်။ မူရင်းစျေးထက် ၃ ပုံ ၁ ပုံ။ ၄ ပုံ ၁ ပုံ သာယူပြီး စျေးလျှော့ရောင်းကြသည်။ ရန်ဖန်ရန်ခါတင် ၁၅ . ၉ ယွမ်အထိ စျေးလျှော့ ရောင်းသည်များလည်း ရှိသည်။
ဟိုတယ်များမှ စားမကုန်သော အစားအသောက်အကျန်များ ဗူးသွင်းပြီး လျှော့စျေးဖြင့်ရောင်းချခြင်း လုပ်ငန်း များမှိုလိုပေါက်လာခြင်းက တရုတ်စားသောက်ကုန်လုပ်ငန်းကြီးတစ်ခုလုံး ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင် နေရခြင်း၊ စီပွားရေးဆိုးရွားလွန်းနေခြင်းကို မငြင်းနိုင်သော အခြေအနေတစ်ရပ်အထိ တွန်းပို့ပေးလိုက်ပြီဖြစ် သည်။ စားသုံးသူ သုံးစွဲဝယ်ယူနိုင်စွမ်းများ ထိုးကျခြင်းကြောင့် စားသောက်ဆိုင်များစွာလည်း ပိတ်သိမ်းနေရပြီ ဖြစ်သည်။ စားသောက်ဆိုင်လုပ်ငန်းမှ စတိုးဆိုင်လုပ်ငန်းသေးများ ပြောင်းဖွင့်သူများလာသည်။ စားသောက် ဆိုင်ပိုင်ရှင်တစ်ဦးက သောကြာညမျိုးဆိုလျှင် ဆိုင်သို့ လာရောက်စားသုံးသူ တစ်ယောက်ပင် မရှိတော့ဘဲ ဒလီဗာရီနှင့်ပို့ရသော စားပွဲ ၁၂ ပွဲလောက်သာ ပို့ရေးရခြင်းကြောင့် ဆိုင်ခန်းခပင် ပေးနိုင်စွမ်းမရှိတော့ ကြောင်း၊ တရုတ်စီးပွားရေးမူဝါဒ အတွင်းလှိုက်ပျက်ဆီးနေခြင်းကို သက်သေပြနေခြင်းဖြစ်ကြောင်း ဖွင့်ပြောလာသည်။
၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံတွင် စားသောက်ဆိုင်များ ပိတ်သိမ်းရမှုနှုန်းသည် ရှေ့နှစ် ၁၀ လပိုင်း ကာလကထက် ၂ . ၇ ဆ မြင့်တက်ခဲ့သည်။ စားသောက်ဆိုင်သုံး Second Hand ပစ္စည်းများ ပြန်လည် ဝယ်ရောင်းလုပ်သည့် လုပ်ငန်းများ (ဒေသအခေါ် undertakers) များ ပိုမိုကြီးထွားများပြားလာသည်။ ၂၀၂၃ ခုနှစ် မေလတွင် ရှန်ဟိုင်းမြို့ကြီးပေါ်ရှိ စားသောက်ဆိုင် ၂၇၀၀ ကို စစ်တမ်းကောက်ရာ စားသုံးသူတစ်ဦး တစ်လ ယွမ် ၅၀၀ ကျော်နှုန်း သုံးနိုင်ကြောင်း သိရသည်။ ၂၀၂၄ ဇူလိုင်လစစ်တမ်းတွင်မှု စားသုံးသူ သုံးစွဲနိုင်စွမ်း ထက်ဝက်ကျော် ကျဆင်းသွားခဲ့သည်။ နာမည်ကြီး စားသောက်ဆိုင်များစွာ ပိတ်ရသည့်အထဲ စားသုံးသူ လွန်စွာ များပြားခဲ့ဖူးသည့် Ming Lu Sichuan နှင့် Sushi Art Bun 27 ဆိုင်များပင် ပါဝင်ခဲ့သည်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာပင် တရုတ်နိုင်ငံတစ်ဝန်း စားသောက်ဆိုင်ပေါင်း ၁ . ၀၅ သန်း ပိတ်သိမ်းခဲ့ရ သည်။ ၂၀၂၃ တစ်နှစ်လုံးအတွင်း ပိတ်ခဲ့ရသည့် စားသောက်ဆိုင်များ ပမာဏကို ၆ လအတွင်း ပိတ်ခဲ့ရခြင်းဖြစ် သည်။ တရုတ်နှစ်သစ်ကူးရက်များတွင်ပင်လျှင် စားသောက်သူ တစ်ယောက်မျှ မလာသော ဆိုင်များစွာ ရှိနေ သည်။ စားသောက်ဆိုင်စျေးကွက်က တစ်ဟုန်ထိုး ကျဆင်းသွားခြင်းတွင် မည်သို့ ဆက်လက်ရှင်သန်ရပ်တည် ရမည်ကိုလည်း မသိနိုင်တော့ကြောင်း စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးက ဆိုသည်။
ထိုပြဿနာကို ကုစားနိုင်ရေး leftover mystery boxes စနစ်ကို မွေးစားအသက်သွင်းလာကြခြင်းက တရုတ် နိုင်ငံစီးပွားရေးကြီးမားစွာ ပျက်ယွင်းနေခြင်းကို မည်သို့မျှ ငြင်းမရခြင်းအဖြစ်ဆီ ဆိုက်ရောက်စေသည်။ စားသုံးသူအသုံးစရိတ်များ ကျဆင်းလာကာ စီးပွားရေးလုပ်ငန်းများ ရှင်သန်နိုင်ရေး မစွမ်းသာတော့သည့် အနေ အထားသည် တရုတ်စီးပွားရေးအဆောက်အအုံကြီးတစ်ခုလုံး အမှန်တကယ် ယိုယွင်းနေပြီဆိုခြင်းကို မီးမောင်း ထိုးပြလိုက်ခြင်းပင် ဖြစ်တော့သည်။
#MeKongNews








