မဲခေါင်၊ ဇွန် ၅
ရွေးကောက်ပွဲ ၂ ကြိမ်ဆက်တိုက်အနိုင်ရ ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းသည် ထွက်ပြေးတိမ်းရှောင်နေစဉ် ပြီးခဲ့သည့်နှစ်အတွင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် သေဆုံးသွားကြောင်း နီးစပ်သူများနှင့် CRPH ထံမှ သိရသည်။
အာဏာသိမ်းပြီးနောက် ပြင်ဦးလွင်မြို့သို့ တိမ်းရှောင်နေရာမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဦးအောင်စိုးမင်း တိမ်းရှောင်နေသည့် ပြင်ဦးလွင်မြို့ရှိ ကော်ဖီခြံတွင် စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဦးအောင်စိုးမင်းကို ပြင်ဦးလွင်မြို့မ ရဲစခန်းအချုပ်မှတဆင့် မန္တလေး၊ အိုးဘိုထောင်သို့ ပို့ခံလိုက်ကြောင်း၊ ထိုမှတဆင့် ပြင်ဦးလွင်သို့ ပြန်လည်ခေါ်ဆောင်ခံရကာ နောင်ချို့မြို့နယ်၊ ရွာငံကြီး စစ်ကြောရေးတွင် ဆုံးသွားခဲ့ကြောင်း ဦးအောင်စိုးမင်း၏ မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ပြင်ဦးလွင်မြို့မအချုပ်တွင် ချုပ်ခံထားရစဥ်က ကျန်းမာရေးကောင်းနေကြောင်း နှင့် သူလိုအပ်သည့်ပစ္စည်းအချို့ပို့ပေးရန် ထိုအချုပ်မှထွက်လာသည့် လူတစ်ဦးမှတဆင့် ဆက်သွယ်ပြောပြခဲ့သေးကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်မေလ နောက်ဆုံးပတ်မှာ ဦးအောင်စိုးမင်း ကျဆုံးသည်ဟု သတင်းများထွက်ပေါ်ခဲ့သဖြင့် နီးစပ်သူမိတ်ဆွေများက သတင်းမေးစုံစမ်းခဲ့ရာ သေဆုံးသည့်နေ့ရက်အား တိတိကျကျမသိရသော်လည်း ရွာငံကြီး စစ်ကြောရေးမှတပ်သားများက ကျဆုံးသည်မှာသေချာသည်ဟု အတည်ပြုပေးခဲ့ကြောင်း သိရသည်။
“အဲ့ဒီနေ့ (ဖမ်းဆီးခံရသည့်နေ့) က မလှိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဆုံးတယ်။ ကျွန်တော်သူ့ကို Signal က လှမ်းပြောပြတော့ သူတော်တော်စိတ်မကောင်းဖြစ်တယ်။ အဲ့နေ့မှာပဲ ညဘက်ကျ ကျွန်တော်တို့အဖွဲ့ထဲကတစ်ယောက်ကို လာပြောတယ်၊ သူ့အိမ်ကို လာမွှေသွားပြီ လှမ်းပြောတယ်။ အဲ့တာနဲ့ ခင်ဗျားရှောင်တော့ပြောတယ်၊ သူက ရတယ်၊ အုပ်ကြီးက ပြောတယ်၊ အေးဆေး သူရှင်းပေးမယ်ပြောတယ်။ ခင်ဗျားရှောင်တော့၊ မယုံနဲ့ မယုံနဲ့ ပြောနေရင်းတန်းလန်းက မိသွားတယ် ကြားတယ်။ ကြားပြီးအဆက်သွယ်ပြတ်သွားတာပဲ” ဟု ဦးအောင်စိုးမင်းနှင့် ရင်းနှီးသူဆွေမျိုးတစ်ဦးက ပြောပြသည်။
ဦးအောင်စိုးမင်းသည် စတင်ရွေးကောက်ခံခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက လွှတ်တော်တွင် အဆိုပြုချက်များတင်သွင်းနိုင်ခြင်း၊ ရွာငံမြို့နယ် မီးလင်းရေးအတွက် ကိုယ်တိုင်ဆောင်ရွက်ခြင်း အပြင် ၎င်း၏ နိုင်ငံရေးခံယူချက်များကြောင့် ထောက်ခံသူများသလို ထင်ရှားခဲ့သူလည်း ဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ခံရစဉ်က ရွာငံမြို့နယ်အတွင်း တရားမဝင်သတ္တု တူးဖော်ရေးလုပ်ငန်းများနှင့် တရားမဝင်နိုင်ငံခြားသားများ ရှိနေသည့် ကိစ္စရပ်များကို ဦးအောင်စိုးမင်းက လွှတ်တော်တွင် ဖော်ထုတ်ခဲ့သူဖြစ်ကြောင်း သံယံဇာတထုတ်ယူသုံးစွဲမှု ထိန်းသိမ်းရေးလုပ်ဆောင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“အဲ့ဒီအချိန်တုန်းကဆိုရင် သေချာတာ NLD အမတ်တွေအနေနဲ့ဆို တော်ရုံ သံယံဇာတတူးတဲ့ကိစ္စတွေဆို သူတို့က အသံမထွက်ရဲဘူး၊ သူလုပ်ပေးခဲ့တဲ့အတွက် အဲ့ဒီနေရာမှာ ကွင်းဆင်းစစ်ဆေးပေးခဲ့တယ်၊ ကုမ္ပဏီတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေပိုပြီး ပွင့်လင်းမြင်သာစွာ သိခဲ့ရတယ်။ ဒါက သူ့လုပ်ဆောင်ချက်တွေထဲမှာ သူ့အတွက်အမှတ်ရစရာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းပြီးနောက် CRPH တွင် ရှမ်းပြည်နယ် ပြည်သူ့ရေးရာကော်မတီ ဥက္ကဌအဖြစ်တာဝန်ယူနေရင်း CDM ဝန်ထမ်းများနှင့် စစ်ဘေးရှောင်အရေးများ ကူညီခဲ့သူဖြစ်သည်။
၎င်းကျဆုံးကြောင်းကို CRPH ကလည်း ဇွန်လ ၄ ရက်၊ ယမန်နေ့တွင် အတည်ပြုထုတ်ပြန်ထားသည်။
“သူက ၂၀၁၅ ရော၊ ၂၀၂၀ ရော အရွေးခံရတာပါ။ သူက တစ်ကောက်ကြွက်၊ မွေးစားအမေပဲရှိတယ်” ဟု CRPH မှ ညောင်ရွှေပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက မဲခေါင်သို့ ပြောသည်။
CRPH ကောက်ယူထားသည့် အချက်အလက်များအရ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်ကောင်စီသည် ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးအား ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
မဟာ၊ နန်းမွန်း
#MeKongNews
#ရွာငံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
#NLD
#ဦးအောင်စိုးမင်း
#စစ်ကြောရေး
#ရွာငံကြီး








