မဲခေါင်၊ ဒီဇင်ဘာ ၁၅
တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးဇုန်ရှိရာ မူဆယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီဗျူဟာကုန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၆ နာရီခွဲ ဝန်းကျင်က MNDAA နဲ့ ပူးပေါင်းမဟာမိတ် အဖွဲ့တွေ အကုန်အစင် သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။
မဟာမိတ်တပ်တွေက ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ သံချပ်ကာ ၂စီးနဲ့ မူဆယ်ဘက်ကို မောင်းပြေးသွားပြီး ကျန်ခဲ့တဲ့ သံချပ်ကာ ၂စီးကို မဟာမိတ်တပ်တွေကို သိမ်းလိုက်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မနေ့ည ၆ နာရီ ၃၄ မိနစ်မှာ အားလုံးသိမ်းလိုက်တာ။ မနက်ပိုင်း ကတော့ ကျန်တဲ့နေရာတွေသိမ်းနိုင်ပေမယ့် သူတို့ကတုပ်ကျင်း လှိုင်ဂူကြီး ကျန်နေလို့ ညမှ အပြီးအစီး သိမ်းလိုက်နိုင်တာလို့ ပြောလာတယ်” လို့ သူကပြောပါတယ်။
တိုက်ပွဲအတွင်းမှာ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဘက် ထိခိုက်ပျက်စီးမှုရှိပေမယ့် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထားတာကြောင့် ပျက်စီးဆုံးရှုံးမှုကို အတိအကျ မသိရသေးပါဘူး။
စစ်ကောင်စီဘက်က ၁၀၅ မိုင် ဗျူဟာကုန်းဘက် မနေ့ကနေ့လယ်ပိုင်း၊ ညပိုင်း တွေမှာ လေကြောင်း နဲ့ ဗုံးကြဲ တိုက်ခိုက်နေသလို မူဆယ်ဘက်ကနေ လက်နက်ကြီးတွေ တော်လျှောက်ပစ်ကူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မနေ့ ဒီဇင်ဘာလ ၁၄ရက် နေ့ခင်းပိုင်းက မူဆယ်-မန့်မိုင် တောင်ကုန်းဘက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ၃ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မူဆယ်၊ ဟိုနားရပ်ကွက်ရှိ ပြည်ထောင်စု အားကစားကွင်းမှာလည်း ဟတ်စကီး ၂ ခါ ဆင်းသက်တာ တွေ့ရသလို စစ်ကောင်စီတွေ ဖိုးဝှီးကားတွေနဲ့ ရေးကြီးသုပ်ပြာ သွားလာနေတာကို တွေ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒီနေ့မှာတော့ မနက် ၈ နာရီကျော် ဝန်းကျင်ခန့်ကစ လက်ရှိ သတင်းရေးသားနေချိန် နေ့လည် ၁၂နာရီခန့်အထိ မူဆယ် ကနေ ၁၀၅ မိုင် အထွက်ဘက် လေကြောင်း ပစ်ခတ်မှု တခေါက်အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေဆဲ ဖြစ်ပါတယ်။
မူဆယ် ၁၀၅ မိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကစ တိုက်ပွဲ ပြင်းထန်လာခဲ့တာ ဖြစ်ပါတာဖြစ်ပြီး မူဆယ် နဲ့ ၁၀၅ မိုင်ကြားမှာ တော့ လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
CJ – 008
#MeKongNews
#မူဆယ်
#၁၀၅မိုင်
#ဗျူဟာကုန်း
#MNDAA








