ဘန်ကောက်က ချစ်သူကို သတ်ပြီး ထွက်ပြေးသွားသူ စင်ကာပူနိုင်ငံသားကို ထိုင်းရဲ အပူတပြင်းရှာဖွေနေ
မဲခေါင်၊ မတ် ၂၇
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဝက်သနာခရိုင်၊ ကလောင်တန်နူအာ ခရိုင်ခွဲအနီးရှိ ကွန်ဒိုတိုက်ခန်းထဲ၌ ချစ်သူ ထိုင်းနိုင်ငံသူ ပရော်ပီလိုင် (၃၀ နှစ်) ကို သတ်ဖြတ်သွားခဲ့သည့် စင်ကာပူနိုင်ငံသား သံသယတရားခံ ဒန်နီရယ်ဘန်ဂျမင်ဂိုဗီအာ (၃၂ နှစ်) ကို ထိုင်းရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေနေကြောင်း သိရသည်။
လွန်ခဲ့သည့် ၃ နှစ်က စင်ကာပူတွင် အလုပ်သွားလုပ်စဉ် ပရော်ပီလိုင်သည် ဒန်နီရယ်နှင့် ချစ်သူများဖြစ်ခဲ့ပြီးနောက် ထိုင်းသို့ပြန်လာနေထိုင်ရာတွင် ဒန်နီရယ်သည် ထိုင်းသို့ ၃၁ ခေါက်လာရောက်ပြီး တစ်ကြိမ် လျှင် ၁၀ ရက်မှ ၁၅ ရက်အထိ ပရော်ပီလိုင်နှင့်အတူနေထိုင်လေ့ရှိကြောင်း၊ ပရော်ပီလိုင်ကို သူငယ်ချင်းတစ်ဦးက မတ် ၂၄ ရက်ကတည်းက ဆက်သွယ်မရတော့သဖြင့် ရဲကိုအကြောင်းကြားရာမှ ကွန်ဒိုခန်းထဲ ဒဏ်ရာများဖြင့် အဝတ်ဗလာအနေအထား သေဆုံးလျှက် တွေ့ရှိရပြီး CCTV မှတ်တမ်းများ ပြန်ကြည့်မှုအရ အခန်းထဲသို့ ထိုရက်များထဲ ဒန်နီရယ်တစ်ယောက်သာ ဝင်ထွက်ခြင်းရှိပြီး ၂၆ ရက်နေ့တွင် အထုပ်အပိုးနှင့် ထွက်သွားခဲ့သည်ကို တွေ့ရှိရသဖြင့် ဒန်နီရယ်ကိုသာ တရားခံအဖြစ် ယူဆသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံတွင် ပြည်ပခရီးသွားများ လုံခြုံမှုမရှိဆိုသည့် အမြင်မျိုး အစွန်းထင်မခံနိုင်သဖြင့် ဒန်နီရယ်ကို အားချင်းဖမ်းဆီးနိုင်ရေး ၀ရမ်းထုတ်သတိပေးစာများ ဖြန့်ကျက်ထားပြီးဖြစ်ရာ နောက်ဆုံးခြေရာခံမှုအရ ချင်းရိုင်သို့ ရောက်ရှိလာသော်လည်း တာချီလိတ်မြို့ဘက်သို့ ကူးသွားသည့် အထောက်အထား မတွေ့ရသဖြင့် ချင်းရိုင်အတွင်း၌သာ ရှိနေဦးမည်ဖြစ်ကာ သတင်းပေးကြရန် ထိုင်းရဲတပ်ဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။
ပရော်ပီလိုင်နှင့် ရင်းနှီးသည့်သူငယ်ချင်းများက ယင်းစုံတွဲသည် မကြာခဏ ရန်ဖြစ်ကြပြီး ဒန်နီရယ်မှာ သဝန်တိုလွန်းသူဖြစ်သလို စိတ်ကြီးပြီး ဒေါသထွက်သွေးဆူလွယ်သူဟု ပြောခဲ့ရာ စကား များရန်ဖြစ်ပြီး လက်လွန်သွားခြင်းဖြစ်နိုင်သည်ဟု ယူဆနေကြသည်။
ကိုကလင်း
Ref: matichon
#MeKongNews









