တာချီလိတ် – မယ်ဆိုင် တံတား အချိန်တိုးဖွင့်လှစ်ရေး နယ်ခြားကော်မတီဆွေးနွေး
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁
တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့တို့ကို ဆက်သွယ်ထားသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) ကို အချိန်တိုးဖွင့်လှစ်ရေးအတွက် ယနေ့ ဖေဖော်ဝါရီ ၁၁ရက်၊ မယ်ဆိုင်မြို့တွင် ပြုလုပ်သည့် တာချီလိတ်-မယ်ဆိုင် နယ်ခြားကော်မတီ အစည်းအဝေးတွင် ဆွေးနွေးကြောင်း စုံစမ်းသိရသည်။
အကြိမ် (၁၀၀)မြောက်ဖြစ်သည့် တာချီလိတ်-မယ်ဆိုင် နယ်ခြားကော်မတီအစည်းအဝေးကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ Mekong Delta Botique ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား တောမီးထိန်းချုပ်ရေးကိစ္စ၊ မီးခိုးမြူကိစ္စ၊ မယ်ဆိုင်မြစ်အတွင်း အမှိုက်စွန့်ပစ်သည့် ကိစ္စ၊ နှစ်နိုင်ငံအလိုရှိတရားခံများ ဖမ်းဆီးရေးကိစ္စနှင့် တံတားအချိန်တိုးမြှင့်ဖွင့်လှစ်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိတွင် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား (၁)ကို မြန်မာစံတော်ချိန် နံနက် ၆နာရီမှ ညနေ ၆နာရီအထိ ဖွင့်လှစ်နေပြီး ကိုဗစ်-၁၉ ကာလ တံတားမပိတ်မှီက ည ၈နာရီအထိဖွင့်လှစ်ခဲ့ရာ ယင်းကဲ့သို့ ည ၈နာရီအထိ တိုးချဲ့ဖွင့်လှစ်ရန် ဆွေးနွေးခြင်းဖြစ်ကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ ခရိုင်အဆင့် စစ်ဘက်ခေါင်းဆောင်များပါဝင်သည့် နယ်ခြားကော်မတီအစည်းအဝေးကို လစဉ်ပြုလုပ်လေ့ရှိသည်။
လင်းမောင်
#MeKongNews









